www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 4, 2016

ပဲဆီ ၊ နှမ်းဆီဟုဆိုပြီး စားအုန်းဆီရောနှော ရောင်းချနေသည့် ဆီ ၂၈ မျိုးကို အရေးယူမှု ပြုလုပ်သွားမည်



ရန်ကုန် ၊ ၄-၄-၂၀၁၆

ပဲဆီ၊ နှမ်းဆီ ဟုဆိုပြီး စားအုန်းဆီ ရောနှောရောင်းချ နေသည့် ဆီ ၂၈ မျိုးကို ယခုရက်ပိုင်း အတွင်း အရေးယူမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဟန် က ပြောပြသည်။

''ဈေးကွက်မှာ လိမ်ညာ ရောင်းချနေတဲ့ စားသုံးဆီ ၂၈ မျိုးရှိတယ်။ ဒီဆီတွေကိုလဲ FDA ကြေညာမှုတွေ လုပ်ပြီးပါပြီ။ ဒီလို အရေးယူဖို့ အတွက်လဲ ခွင့်ပြုချက် ရပြီးပါပြီ။ မကြာခင်မှာ ကျွန်တော်တို့ အရေးယူမှုတွေ လုပ်တော့မှာပါ'' ဟု ၄င်းက ပြောပြသည်။

ပထမဦးစွာ စီမံခန့်ခွဲမှု နည်းလမ်းအတိုင်း ရောင်းချသူ များကို သတိပေးခြင်း၊ ပစ္စည်းများ ပြန်လည်သိမ်းခိုင်းခြင်း၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်ပစ္စည်းများကို ဖျက်ဆီးစေခြင်း နှင့် လုပ်ငန်းရှင်ကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်း စသည့် ပုံစံဖြင့် အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ သတိပေးခြင်း ကို လိုက်နာ ဆောင်ရွက်ခြင်း မရှိဘဲ ထပ်မံ ကျူးလွန်ပါက စားသုံးသူ ဥပဒေအရ ဒဏ်ငွေ ငွေကျပ်သိန်း ၅ဝ ဖြစ်စေ၊ ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံရမည် ဖြစ်ကြောင်း သိရသည်။

''ဒါ့ပြင် ဒီ စားသုံးဆီတွေ စားလို့ စားသုံးသူက ဘာတွေ ဖြစ်နေပါတယ် ဆိုတဲ့ နစ်နာမှု ခိုင်လုံတဲ့သက်သေ အထောက်အထား ပြနိုင်ရင် တရားရုံးမှာ သူ့ရဲ့ နစ်နာမှုကို ကုစားပေးဖို့ အတွက် လျော်ကြေး တောင်းဆိုတာတွေ လဲ ရှိမှာပါ''ဟု ၄င်းက ဆက်လက် ပြောပြသည်။

၂ဝ၁၅ ခုနှစ် စက်တင်ဘာလ အတွင်းက ကျန်းမာရေးဝန်ကြီး ဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ သော ရွှေမိုးမြေပဲဆီ ၊ Family မြေပဲဆီ၊ ထိပ်တန်း မြေပဲဆီ၊ ရွှေစင် အာမခံမြေပဲဆီ စစ်စစ်၊ စိန်သရဖူ မြေပဲဆီသန့် ၊ Golden Apple ( Special Cooking Oil ) ၊ တော်ဝင်နဒီ၊ Lucky မြေပဲဆီ ၊ SS မြေပဲဆီ၊ ရွှေအိုး၊ ရွှေတော်ဝင်၊ စိန် ၊ ပဒေသာ ၊ ကံသာမြင့်၊ သပြေ ၊ မော်ကွန်းသစ်၊ စိန်မမ၊ Hi Plus Ruby (ပတ္တမြား)တို့ အပါအဝင် အခြားအမှတ် တံဆိပ်ပါ ဆီ ၂၈ မျိုးမှာ မြေပဲဆီသန့်၊ ပဲဆီသန့်၊ ရာနှုန်းပြည့် ပဲဆီသန့်ဟု ဆိုကာ စားအုန်းဆီများ ရောနှောပြီး ရောင်းချနေသည့် အတွက် ဈေးကွက်အတွင်း ဆက်လက် ရောင်းချခြင်း မပြုရန် ထုတ်ပြန်ခဲ့ပြီး ယခုအခါ အဆိုပါဆီများကို အရေးယူရန် လုပ်ဆောင် နေကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger