www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 6, 2016

ဖိုးကျားဆင်စခန်းသို့ နှစ်စဉ် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ၁၀၀၀၀ ကျော်လာရောက်



ရန်ကုန် ၊ ၆-၄-၂၀၁၆

မြန်မာ့သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ခရီးသွားလုပ်ငန်း (Eco Tourism) တွင် တစ်ခုအပါအဝင် ဖြစ်သော ဖိုးကျား ဆင်စခန်းသို့ နှစ်စဉ် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ၁ဝဝဝဝ ကျော် လာရောက်လျက် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

''နိုင်ငံခြား ခရီးသွား ဧည့်သည်က တစ်နှစ်ကို ၆ဝဝ နီးပါးလာတယ်။ စခန်းရောက်ရင် ဆင်စီးပြီး လည်ပတ်ကြတယ်။ ပြည်တွင်း ခရီးသွားတွေက တစ်နှစ်ကို ၁ဝဝဝဝ နီးပါး လာတယ်။ ဒီစခန်းမှာ လေ့ကျင့် ပေးထားတဲ့ သစ် ထုတ်လုပ်ရေး ဆင်အကောင်ရေ ၆ဝ ကျော်ရှိတယ်။ နှစ်စဉ် ဖေဖော်ဝါရီ၊ နိုဝင်ဘာ နဲ့ ဒီဇင်ဘာလ တွေမှာ ဧည့်သည်တွေ ပိုပြီး လာကြတယ်။ ဇာတ်ကားရိုက်ဖို့ ဆိုရင် ဧည့်သည်ပိုပြီး ဝင်ရောက် ပါတယ်'' ဟု ဟိုတယ် နှင့် ခရီးသွားလာရေး ညွှန်ကြားမှုး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖိုးကျား ဆင်စခန်းသည် ပဲခူးရိုးမ တောင်ခြေ၌ရှိပြီး ဖုန်းလိုင်း ကောင်းမွန် လာပါက ခရီးသွားများ အတွက် ဆက်သွယ်မှု ပိုမိုအဆင်ပြေ နိုင်မည်ဖြစ်သည်။

၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်း ဧည့်သည် အဝင်များ လာသော ဖိုးကျား ဆင်စခန်းကို ၂ဝဝ၂ ခုနှစ်တွင် Eco Tourism အဖြစ် စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကာ Asia Green ခရီးသွားလုပ်ငန်း ကုမ္ပဏီက ၂ဝဝ၅ ခုနှစ်တွင် ငှားရမ်းခဲ့ပြီး စာချုပ်ကို တစ်နှစ်တစ်ကြိမ် သက်တမ်းတိုး ကြောင်း သိရသည်။

ဝင်ကြေး အနေဖြင့် ပြည်တွင်း ခရီးသွား တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝဝ နှင့် နိုင်ငံခြား ခရီးသွား ဧည့်သည်တ စ်ဦးလျှင် အမေရိကန် ဒေါ်လာ ၅ဝ သတ်မှတ်ထားရာ ဆင်စီးခြင်း၊ ဆင်စာကျွေးခြင်း၊ ဆင်နှင့်တွဲ၍ ဓာတ်ပုံရိုက် ခြင်းနှင့် ဆင်ရေချိုးခြင်း ကို စောင့်ကြည့်ခြင်းတို့ ပါဝင်ကြောင်း ဧည့်လမ်းညွှန် လုပ်ငန်း လုပ်ကိုင်သူများ ထံက သိရသည်။

''ဆင်တွေကို အနားပေးပြီး တောထဲ လွှတ်ထားတဲ့ အချိန်မျိုးနဲ့ တိုက်ဆိုင်ရင် တွေ့ရမှာ မဟုတ်တဲ့ အတွက် ဧည့်သည်တွေ အနေနဲ့ကြိုတင် စာရင်းပေး ထားတာက ပိုပြီး အဆင်ပြေ ပါတယ်။ စခန်းက တောင်ငူနဲ့ ပျဉ်းမနားကြားမှာ ရှိတာကြောင့် ညအိပ် ဧည့်သည် နည်းတယ်။ ဒီစခန်းကို နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ ပိုပြီး သဘောကျ ပါတယ်'' ဟု ဧည့်လမ်းညွှန် တစ်ဦးက ပြောသည်။

သစ်လုံးအိမ်၌ တစ်ည တည်းခိုခမှာ ပြည်တွင်း ခရီးသွားများ အတွက် တစ်ယောက်ခန်း ကို ငွေကျပ် ၄ဝဝဝဝ နှင့် နှစ်ယောက်ခန်းကို ငွေကျပ် ၅ဝဝဝဝ ပေးဆောင် ရပြီး နိုင်ငံခြား ခရီးသွား ဧည့်သည် အတွက် တစ်ယောက်ခန်း ကို အမေရိကန် ဒေါ်လာ ၅ဝ နှင့် နှစ်ယောက်ခန်းကို အမေရိကန် ဒေါ်လာ ၈ဝ သတ်မှတ် ထားကြောင်း သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger