www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, April 24, 2016

ဘက်စုံပညာထူးချွန် လူငယ်များအတွက် ပုဂံအပန်းဖြေစခန်း ဖွင့်လှစ်နိုင်ရန် စီစဉ်ထား


နေပြည်တော် ၊ ၂၄-၄-၂၀၁၆

ဘက်စုံပညာ ထူးချွန်လူငယ်များ လေ့လာရေး ခရီး လာရောက်ရန် အတွက် ပုဂံအပန်းဖြေ စခန်း ဖွင့်လှစ်နိုင်ရန် လုပ်ငန်း စီမံချက် ရေးဆွဲပြီး ဆပ်ကော်မတီ အလိုက် တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း၊ ကြိုတင် ပြင်ဆင်မှု အပိုင်းတွင် ဖွင့်ပွဲပြုလုပ်မည့် မုခ်ဦးနေရာနှင့် စင်မြင့်နေရာများ ပြင်ဆင်ထားရှိပြီး တည်းခိုနိုင်ရန် အတွက် Royal Emerald Hotel တွင် စီစဉ် ထားရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူ ၁၇၆ ဦးနှင့် ကြီးကြပ်ဆရာ ၁၈ ဦးတို့ တည်းခိုနိုင်ရန် စီစဉ်ပြီး ဖြစ်ကြောင်း ပုဂံအပန်းဖြေ စခန်းမှ စခန်းမှူးဖြစ်သူ မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူးရုံး မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးမြင့်ထွန်း က ပြောသည်။

လုံခြုံရေးနှင့် ပတ်သက်၍ နေရာလုံခြုံရေး နှင့် လမ်းကြောင်း လုံခြုံရေး အတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက် ထားကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍လည်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနနှင့် ညှိနှိုင်းကာ အစားအသောက် များကို ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပြီး ချက်ပြုတ်ခြင်း များကိုလည်း စစ်ဆေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဘက်စုံပညာ ထူးချွန်လူငယ်များ နေ့အလိုက် ဆောင်ရွက်မည့် အစီအစဉ်များမှာ ဧပြီ ၂၇ ရက် နံနက် ၇ နာရီတွင် မန္တလေး ကြားစခန်းမှ စတင်ထွက်ခွာမည် ဖြစ်ပြီး မန္တလေးမြို့ မြနန်းစံကျော် ရွှေနန်းတော်ကို ပထမဦးစွာ ဝင်ရောက် လေ့လာမည် ဖြစ်သည်။ ထို့နောက် မဟာမုနိဘုရား ကို ဝင်ရောက် ဖူးမြော်ကာ ပုဂံစခန်းသို့ ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။ မိတ္ထီလာ သီးကုန်းတွင် နေ့လယ်စာ စားရန် စီစဉ်ထားရှိပြီး ပုဂံစခန်းသို့ ရောက်ရှိပါက ညပိုင်းတွင် မိတ်ဆက်ပွဲနှင့် ဖျော်ဖြေပွဲများ ပြုလုပ်မည် ဖြစ်သည်။

ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် ဖွင့်ပွဲ အတွက် အစမ်းလေ့ကျင့်ခြင်း ဆောင်ရွက်မည် ဖြစ်ပြီး နေ့လယ်ပိုင်းတွင် လူရည်ချွန် ဟောင်းများနှင့် တွေ့ဆုံပွဲကို စုဝေးခန်းမ၌ ပြုလုပ်ရန် စီစဉ် ထားကြောင်း သိရသည်။

ဧပြီ ၂၉ ရက် နံနက် ၇ နာရီတွင် Royal Emerald Hotel တွင် ဖွင့်ပွဲ အခမ်းအနား ဆောင်ရွက်မည် ဖြစ်ပြီး နံနက် ၉ နာရီမှ စတင်ကာ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ရှိ ဘုရားများကို လမ်းကြောင်းနှစ်ခု ခွဲကာ ဖူးမြော်မည် ဖြစ်ကြောင်း၊ နေ့လယ်ပိုင်းတွင် ဟိုတယ်ခန်းမ အတွင်း၌ ဟောပြောပွဲနှင့် စကားရည် လုပွဲများ ပြုလုပ်ခြင်း စသည့် အစီအစဉ်များ ထည့်သွင်းပေး ထားကြောင်း၊ ညပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြု ညစာစားပွဲ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ဧပြီ ၃ဝ ရက် နံနက် ၇ နာရီတွင် ပုဂံမြို့မှ စတင်ထွက်ခွာပြီး ပုပ္ပား တောင်ကလပ် သစ်တောပြတိုက် ပရဆေးဥယျာဉ် Poppa Mountain Resort များကို လေ့လာမည် ဖြစ်ပြီး ညပိုင်းတွင် ဖျော်ဖြေရေး အစီအစဉ်များ ထည့်သွင်း ထားကြောင်း သိရသည်။

မေ ၁ ရက်တွင် စလေရုပ်စုံ ကျောင်းတော်ကြီး ကို လေ့လာရေး သွားရောက်မည် ဖြစ်ပြီး ညနေပိုင်းတွင် စာပေ ဟောပြောပွဲများ၊ ညပိုင်းတွင် ဖျော်ဖြေရေး အစီအစဉ်များ စီစဉ်ထားသည်။

မေ ၂ ရက်တွင် ပုဂံမြို့မှ ပခုက္ကူတံတား ကိုဖြတ်ကာ ပခုက္ကူမြို့သို့ သွားရောက်မည် ဖြစ်ပြီး သီဟိုဠ်ရှင်ဘုရား၊ ဆင်ဖြူရှင်ဘုရား၊ ပခုက္ကူမြို့တွင်းနှင့် ပခန်းကြီး ကျောင်းတော်ရာ ကိုလည်း လေ့လာမည် ဖြစ်သည်။ ညပိုင်းတွင် စခန်းသိမ်းပွဲနှင့် မီးပုံပွဲပြုလုပ်ရန် စီစဉ် ထားကြောင်း၊ မေ ၃ ရက်တွင် နေရပ်သို့ ပြန်လည် ထွက်ခွာမည် ဖြစ်ပြီး မထွက်ခွာမီ နံနက်ပိုင်းတွင် ပုဂံရှေးဟောင်း နန်းတော်ရာ၊ ပုဂံပြတိုက်၊ ယွန်းကောလိပ် များကို လေ့လာရေး သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

၁၉၆၄ ခုနှစ်မှစတင်၍ ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့သည့် လူရည်ချွန် စီမံကိန်း အစီအစဉ်ကို ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ် မှစ၍ ဘက်စုံပညာ ထူးချွန်လူငယ် အစီအစဉ် အဖြစ် ပြောင်းလဲ ဆောင်ရွက်ခဲ့သည်။ ယခု ၂ဝ၁၅- ၂ဝ၁၆ ပညာသင်နှစ် အတွက် အဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်းတို့မှ ဘက်စုံပညာ ထူးချွန်လူငယ် ၁၇၆ ဦးစီတို့ကို စိစစ်ရွေးချယ် ထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ညွန့်ဇော်အောင် ၊ ထွန်းထွန်းနိုင်

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger