www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 15, 2016

မန္တလေးတိုင်း ဒေသကြီးအတွင်း အနာဂတ်ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ခရီးသွားလုပ်ငန်းသည် အရေးပါသော လုပ်ငန်းတစ်ခုအဖြစ် ပါဝင်လာနိုင်



မန္တလေး ၊ ၁၅-၃-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး အတွင်း အနာဂတ်ကာလ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ၌ ခရီးသွား လုပ်ငန်းသည် အရေးပါသော လုပ်ငန်းတစ်ခု အဖြစ် ပါဝင်လာ နိုင်ပြီး ရင်းနှီးမြှုပ်နှံ သင့်သော ကဏ္ဍတစ်ခု ဖြစ်ကြောင်း စွန့်ဦးတီထွင် လုပ်ငန်းရှင် ဦးနေမင်းသူ ၏ သုံးသပ် ပြောပြချက်များ အရ သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ယခုအချိန် ကာလသည် ပွင့်လင်းမြင်သာမှု ရှိလာပြီး နိုင်ငံတကာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု များဖြင့်လည်း အပြိုင်အဆိုင် ဝင်ရောက်လျက် ရှိကြောင်း၊ ထို့အတူ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား များလည်း အဆက်မပြတ် ဝင်ရောက်လျက် ရှိရာ တစ်နှစ်ထက် တစ်နှစ် တိုးတက် များပြား လာကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး အထင်ကရ နေရာများ ဖြစ်သော ပုဂံ-ညောင်ဦးေ ဒသ၊ ပုပ္ပားတောင် ဒေသ၊ အင်းဝဒေသ၊ မန္တလေးမြို့ရှိ တောင်သမန် တံတားနှင့် တောင်သမန်အင်း၊ မဟာမုနိ ဘုရားကြီး၊ မန္တလေးတောင်၊ ကုသိုလ်တော် ဘုရား၊ရွှေကျောင်း စသည့်သမိုင်းဝင် နေရာများ အပြင် ဧရာဝတီ လင်းပိုင် ကြည့်ရှုခြင်း နှင့် အေးမြသော တောင်ပေါ်မြို့ ဖြစ်သည့် ပြင်ဦးလွင် ဒေသတို့သည် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများ အပြင် ပြည်တွင်း ခရီးသွားများပါ စိတ်ဝင်စားသော နေရာ ဖြစ်ကြောင်း သိရသည်။

''ဒီအချိန်မှာ မြန်မာနိုင်ငံဟာ ပွင့်လင်းမြင်သာမှု ရှိလာပြီး လွတ်လပ်မှု များလဲ ရှိလာပါပြီ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေလဲ လုပ်ကိုင်ခွင့်ပြု ထားပါပြီ။ နိုင်ငံခြားသား ခရီးသွားတွေက အရှေ့တောင် အာရှမှာ မြန်မာနိုင်ငံကို စိတ်ဝင်စား လာတာ များပါတယ်။ ကျန်တဲ့ နိုင်ငံတွေကို တော်တော်များများ ရောက်ဖူးပြီး ဖြစ်ပြီး မြန်မာနိုင်ငံ တစ်နိုင်ငံတည်း ကိုပဲ အခုစတင် ဝင်ရောက်လာတာ များပါတယ်။ ရှေ့အနာဂတ် ကာလ နိုင်ငံခြားသား ခရီးသွားတွေ အလုံးအရင်းနဲ့ ဝင်လာနိုင် ပါတယ်။ အထူးသဖြင့် မန္တလေးတိုင်း ဒေသကြီးလို လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်တဲ့ နေရာတွေမှာ ပိုများ လာနိုင်ပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍမှာဆိုရင် ခရီးသွား လုပ်ငန်းက အရေးပါ လာနိုင်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

မန္တလေးမြို့၌ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုမှာ ၂ဝ၁၅ ခုနှစ်အတွင်း သုံးသိန်းခန့် ဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင် ငါးသိန်းခန့် ၀င်ရောက် မည်ဟု ခန့်မှန်းရကြောင်း၊ တရုတ်နယ်စပ် ထိ လမ်းကြောင်း ကောင်းမွန်ပြီး နယ်စပ် ထွက်ပေါက် ရှိသော နေရာဒေသလည်း ဖြစ်သဖြင့် ခရီးသွား ဝင်ရောက်မှု လည်း များပြား ကြောင်းသိရသည်။ (၁၈ဝ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger