www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 16, 2016

ဆူးပုပ်ရွက် ကြိုက်သူများ အတွက် . . .


ဆူးပုပ်ရွက် ကြိုက်သူများ အတွက် . . .

ကြည်မြင့်လွင် (မုဒြာ)

လူကြီးလူကောင်းများ စုံလင်သည့် ပွဲတွင် လူဆိုးလူမိုက် တစ်ဦး ရောက်ရှိနေသည့် အလား စားကောင်း သောက်ဖွယ် ဟင်းလျာများ ကြားတွင် ကြိုက်နှစ်သက်သူ များရှိသဖြင့် နေရာယူ ထားသော ဟင်းလျာသည် ဆူးပုပ်ရွက် ဖြစ်သည်။

ဆူးပုပ်ရွက်သည် နာမည်နှင့် လိုက်အောင် ဆူးများလည်း ပါသေး အနံ့အသက် ကလည်း ပုပ်အဲ့အဲ့ အနံ့ဖြင့် အလွန် ဆိုးရွားသော ဟင်းလျာ ဖြစ်သည်။ ငါးပိရည်နှင့် တို့စရာပါသော ထမင်းဝိုင်းတွင် ဆူးပုပ်ရွက်ကို အစည်းလိုက် တွေ့ရသည်။ သူများ မကြိုက်သော အစာကိုမှ မက်မက် မောမော စားသုံးချင် သူများစွာ တွေ့ဖူးသည်။

ဆူးပုပ်ရွက် မကြိုက် မနှစ်သက် သူများက ဆူးပုပ်၏ အနံ့ပင် မခံနိုင်။ အခြားသူ စားထားလျှင် ထိုသူအနီးသို့ မကပ်ချင်၊ ချွေးထွက်လျှင်၊ လေလည်လျှင် ပင် ဆူးပုပ်အနံ့ ရသည်ဟု ဆိုသည်။ ယုတ်စွအဆုံး ပါးစပ်မှေ လချဉ်တက် လျှင်ပင် ဆူးပုပ်အနံ့ ထွက်သည်ဟု ဆိုသည်။

သို့သော် ဆူးပုပ်ကြီးရွက်ကို ပဲဟင်းနှင့် ရောချက်သော အခါ စားကောင်းသည် ဟုဆိုသည်။ အထူးသဖြင့် ပဲကြီးနှင့် ဆူးပုပ်သည် လိုက်ဖက် ညီသော အတွဲဖြစ်သည်။ ပဲကြီးကလည်း တက်၊ ဆူးပုပ်က လည်းတက် နှင့် စားပြီး တစ်နာရီခန့် ကြာလျှင် အိပ်ချင် ငိုက်မျဉ်း လာလေ့ရှိသည်။ ထိုသို့ ငိုက်မျဉ်းရသည် ကိုပင် အရသာ အဖြစ် ခံယူလာ ကြသည်။

ဟင်းရွက်စုံဟင်းချို များတွင် ဆူးပုပ်ရွက် ထည့်ချက်သော အခါ နောက်ဆုံးမှ ထည့်ရသည်။ ဆူပွက်နေသော ဟင်းရည်တွင် ထည့်ပြီး အနံ့မထွက်အောင် အုပ်ထားရသည်။ ဆူးပုပ်ရွက် အရိုးပါ နူးသွားလျှင် ပို၍ စားကောင်းသည်။ ဘူးသီးဟင်းချို တွင်လည်း ဆူးပုပ်ရွက် ခတ်စားလေ့ ရှိကြသည်။

တောဓလေ့ အစားအစာများ ဖြစ်သော ဂုံမင်းနှင့် ပုတတ်စာ ဟင်းချိုများ ချက်ရာတွင် မြို့မှာကဲ့သို့ ပုစွန်ခြောက် မထည့်ဘဲ လယ်ငါးလေး များကို မီးဖုတ်ပြီးထည့်၊ ဆူးပုပ်ရွက်ကို ချခါနီးမှ အုပ်ချက်လျှင် အလွန် စားကောင်းသည်။ ဆူးပုပ်ရွက်ကို ကြက်သွန်အဖြူ၊ အနီများများ သုံးပြီး ကြော်ချက် စားလျှင်လည်း အလွန် စားကောင်းသည်။ အချို့က ဆူးပုပ်ရွက်ကို ကြက်ဥနှင့် ခေါက်ပြီး ရောကြော်စားသည်။ ဝမ်းကိုက်လျှင်၊ အညောင်းများလျှင် ဆူးပုပ်ရွက်ကို ဘဲဥနှင့် ကြော်စားလျှင် လက်တွေ့ သက်သာသည်ဟု ဆိုသူများလည်း ရှိသည်။

ဆူးပုပ်ရွက်ကို ရေစင်အောင်ဆေးပြီး ဆားနှင့်တို့၍ အစိမ်းစားသူ တွေ့ဖူးသည်။ အရိုးအတွင်းမှ ကိုက်သော ဒူလာအညောင်း ရောဂါကို သက်သာစေသည်။ အချို့ကလည်း ရာသီအလိုက် ဖြစ်သော တုပ်ကွေးရောဂါကို ကာကွယ်သည်ဟု ဆိုသည်။ ဆူးပုပ်ရွက်သည် အစိမ်းရောင် ရှိသောကြောင့် ပုံမှန် စားသုံးပေး သောအခါ ကြက်မျက်သင့် ရောဂါ (ညအမှောင်တွင် မျက်စိ မမြင်သော ရောဂါ) ပျောက်ကင်းသည် ဟု ဆိုသူရှိသည်။ 

ဆူးပုပ်ရွက်သည် အကြောတက် သော်လည်း သွေးမတက်ဟု ဆိုသည်။ ဆူးပုပ်သည် သွေးမတက် ရခြင်းမှာ ဓာတုရသ လေးစောင်တွဲ ဓာတ်ကျမ်း၏ အလိုအရ ဆူးပုပ်ကြီးရွက် သည် ဝမ်းမီးတောက်ခြင်း ကြောင့်၊ တေဇောကြောင့် ဖြစ်သော အပူကို လည်းကောင်း၊ အောက်သို့ သက်သော လေကို လည်းကောင်း၊ အထက်သို့ ဆန်သောလေကို လည်းကောင်း၊ မီးယပ်၌ မြွေဆိပ်နှင့် တူသော သွေးကို လည်းကောင်း ကြေစေတတ်၏ ဟုဆိုသဖြင့် လေကြေစေသော သတ္တိ၊ သွေးကြေစေသော သတ္တိရှိသည်။

ရှုတော်မူ ဆေးအဘိဓာန် တွင်လည်း ဆူးပုပ်ကြီးရွက် သည် ပူ၏။ အနံ့ပြင်း၏။ အသားမာ ပေါက်သည်ကို ပျောက်စေ တတ်၏။ ကိုယ်ပူနာကို ငြိမ်းစေတတ်၏။ လေကိုနိုင်၏ဟု ဓာတ်ကျမ်းများ၌ ဆို၏။ ဆိုလင့်စကား ဆူးပုပ်ကြီးသည် တက်၏။ ကိုယ်လက် ကိုက်ခဲ တောင့်တင်း၏ဟု သိရာ၏။ ဆူးပုပ်ငယ် (ဆူးပုပ်ကလေး) သည်လည်း ၄င်းနှင့် အကျိုးပေးတူ၏ ဟု ဆိုထားပါသည်။

ဇီဝိတဆေးကျမ်း တွင်ကား ဆူးပုပ်ရွက်သည် အနံ့အခိုးပြင်း၍ အဆိပ်များသော အရွက်ပေတည်း။ အာကာသ ပထဝီကြီးမား၏။ သီတဥဏှနှစ်ပါးမှာ မအေးလွန်း၊ မပူလွန်းသဖြင့် မျှတသည်ဟု ယူမှ သင့်လျော် ပါမည်ဟု ဆိုထားပြန်သည်ကို ချင့်ချိန်စားသုံး နိုင်ကြရန် တင်ပြလိုက်ရ ပါသည်။

acacia intsia

ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page