( ဇေယျဘုန်း )
တောင်တရုတ် ပင်လယ် အတွင်းရှိ ရေပိုင်နက် အငြင်းပွားမှုတွင် ဒေသတွင်း အင်အားကြီး တရုတ်နိုင်ငံ နှင့် အငြင်းပွား နေသည့် အာရှနိုင်ငံ များ၌ အာဆီယံ အဖွဲ့ဝင်နိုင်ငံ တချို့ ပါဝင်လျက် ရှိသည်။ တရုတ်အစိုးရ သည် အဆိုပါ ပင်လယ်အတွင်း ရှိ ရေပိုင်နက် အားလုံးနီးပါးကို ၄င်းတို့ပိုင်နက် အဖြစ် ကြေညာထားပြီး တချို့ကျွန်းများ ပေါ်၌ စစ်ရေး တည်ဆောက်လျက် ရှိသည်ဟု ဝေဖန်မှုများ ထွက်ပေါ် လာခဲ့ခြင်းကြောင့် တရုတ်နိုင်ငံနှင့် အငြင်းပွား နိုင်ငံများ အကြား တင်းမာ လာခဲ့သည်။ တစ်ချိန်တည်း မှာပင် ကမ္ဘာ့အင်အားကြီး အမေရိကန် ပြည်ထောင်စု ကလည်း ၄င်းတို့၏ အာရှ-ပစိဖိတ် ဗဟိုပြုရေး မဟာဗျူဟာကို တိုးမြှင့် အကောင်အထည် ဖော်ဆောင် လာခြင်းကြောင့် ဒေသတွင်း၌ ပြိုင်ဆိုင်မှုများ မြင့်တက် လာခဲ့သည်။
သို့ရာတွင် အငြင်းပွားမှု၌ ပါဝင်လျက်ရှိသည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ရေပိုင်နက် အငြင်းပွားမှုနှင့် အမေရိကန်- တရုတ် တို့၏ ပြိုင်ဆိုင်မှု များအတွင်း မည်သို့ရပ်တည် ဖြေရှင်း သွားမည်နည်း ဟူသော မေးခွန်းနှင့် စပ်လျဉ်း၍ စဉ်းစားစရာများ ထွက်ပေါ်လျက် ရှိသော်လည်း စိုးရိမ်ဖွယ်ရာ မရှိပေ။ အကြောင်းမှာ တောင်တရုတ် ပင်လယ် အရေးနှင့် စပ်လျဉ်း၍ အမေရိကန် ပြည်ထောင်စု နှင့် တရုတ်နိုင်ငံ တို့အကြား ဖြစ်ပွားနေသည့် တင်းမာမှု များတွင် အာဆီယံနိုင်ငံများ အနေဖြင့် ဘက်လိုက်ခြင်း မရှိဘဲ ကြားနေရေး မူဝါဒကိုသာ ကျင့်သုံး၍ ဆွေးနွေးခြင်း အားဖြင့်သာ အဖြေရှာ သွားမည် ဖြစ်သည်။ မှန်ပါသည်။ ယင်းနိုင်ငံ များသည် အမေရိကန် နှင့် တရုတ်နိုင်ငံ တို့၏ တောင်တရုတ် ပင်လယ် ပြိုင်ဆိုင်မှုတွင် ကြားနေရန်သာ ဆန္ဒရှိနေသည် ဟု လီကွမ်ယူ ပြည်သူ့မူဝါဒ ရေးရာကျောင်းမှ အာရှနှင့် ကမ္ဘာလုံးဆိုင်ရာ ရေးရာ ကျွမ်းကျင်သူ ကျင်းဟွမ် က ယင်းသို့ပင် ပြောကြား ထားသည်။
ယခုအခါ တောင်တရုတ် ပင်လယ်အရေးနှင့် စပ်လျဉ်း၍ ပြိုင်ဆိုင်မှုနှင့် တင်းမာမှုများမှာ မြင့်တက်လျက် ရှိသည်။ တရုတ်အစိုးရ သည် နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်အဖြစ် ဘတ်ဂျက်၏ ၇ ဒသမ ၆ ရာခိုင်နှုန်းကို သုံးစွဲရန် မတ် ၅ ရက်က တရားဝင် ကြေညာခဲ့သည်။
တစ်နည်းအားဖြင့် ဆိုရပါမူ တရုတ်အစိုးရက နိုင်ငံတော် ကာကွယ်ရေး အတွက်ယွမ် ၉၅၄ ဘီလီယံ (ဒေါ်လာ ၁၄၆ ဘီလီယံ)ကို သုံးစွဲသွားမည် ဖြစ်သည်။ တရုတ်နိုင်ငံသည် အမေရိကန် ပြည်ထောင်စု ပြီးလျှင် ကမ္ဘာပေါ် ၌ ကာကွယ်ရေး အသုံးစရိတ် ဒုတိယအများဆုံး သုံးစွဲသည့်နိုင်ငံ အဖြစ် ရပ်တည်လျက် ရှိသည်။ ယခု ဘဏ္ဍာနှစ်တွင် သုံးစွဲမည့် ယင်းပမာဏသည် လွန်ခဲ့သည့်နှစ် အတွင်းက သုံးစွဲခဲ့သော ပမာဏနှင့် နှိုင်းယှဉ်ပါက လျော့ကျခဲ့သည်။ တရုတ်အစိုးရ သည် ၂ဝ၁၅ ခုနှစ်တွင် ကာကွယ်ရေး အသုံးစရိတ်အဖြစ် ဘတ်ဂျက်၏ ၁ဝ ဒသမ ၁ ရာခိုင်နှုန်းအထိ အသုံးပြုခဲ့သည်။ တရုတ်အစိုးရ သည် လက်ရှိတွင် တောင်တရုတ် ပင်လယ် အရေး၌ ပိုမို ပါဝင်လာသည့် အမေရိကန် ပြည်ထောင်စုအား ရင်ဆိုင်နိုင်ရေး အတွက် ရေတပ်ကို အဆင့်မြှင့်တင်ရန် လုပ်ဆောင် သွားမည်ဖြစ်သည်။ တရုတ်နိုင်ငံ၏ ရေတပ် အဆင့်မြှင့်တင် ရေးတွင် လေယာဉ်တင် သင်္ဘောများ ထပ်မံ တည်ဆောက်ရေးနှင့် ရေငုပ်သင်္ဘောများ တည်ဆောက်ရေး အစီအစဉ်များ ပါဝင်သည်။ တရုတ်အစိုးရ အနေဖြင့် အဆိုပါ အစီအစဉ် များကို အမေရိကန် ပြည်ထောင်စုအား ယှဉ်ပြိုင်နိုင်ရန် ဦးတည်၍ လုပ်ဆောင်နိုင်ခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် ဒေသအတွင်း၌ လက်နက်အပြိုင် တပ်ဆင်မှုကို ဖြစ်ပေါ် စေနိုင်ဖွယ် ရှိသည့်အပြင် တရုတ်(တိုင်ပေ) နှင့် တရုတ်နိုင်ငံ၏ အင်အားကြီးထွား လာခြင်းကို အနီးကပ် စောင့်ကြည့် နေသည့် ဂျပန်နိုင်ငံကိုပါ စိုးရိမ်မကင်း ဖြစ်စေနိုင်သည်။
သို့သော် တရုတ်(တိုင်ပေ) နှင့် ဂျပန်နှစ်နိုင်ငံ စလုံးသည် တရုတ်နိုင်ငံ၏ ပြိုင်ဘက် အမေရိကန် ပြည်ထောင်စု၏ မဟာမိတ်နိုင်ငံများ ဖြစ်သောကြောင့် ယင်း အချက်ကို တရုတ်နိုင်ငံက သတိမူလျက် ရှိသည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စု သည် တောင်တရုတ် ပင်လယ် အရေးနှင့် စပ်လျဉ်း၍ ရန်ရှာပြီး အငြင်းပွားမှုကို စစ်ရေးအဖြစ် အသွင်ပြောင်းလဲ ရှိသည်ဟု တရုတ် အမျိုးသား လွှတ်တော်မှ ပြောရေးဆိုခွင့် ရှိသူ ဖူယင်က မတ် ၄ ရက်တွင် စွပ်စွဲပြောကြား ထားသည်။ အလားတူ တရုတ်နိုင်ငံက တောင်တရုတ် ပင်လယ်အတွင်း လုပ်ဆောင်လျက် ရှိသည့် စီမံကိန်းများသည် နိုင်ငံနှင့် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးကို ကာကွယ် စောင့်ရှောက်ရန် အတွက် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားထားသည်။ သို့သော် တရုတ်အစိုးရက အငြင်းပွား ရေပိုင်နက် အတွင်း ကျွန်းတုများ တည်ဆောက်လျက် ရှိပြီး ကျွန်းတချို့ ပေါ်တွင် လက်နက်များ ဖြန့်ကြက် ထားခြင်းနှင့် စပ်လျဉ်း၍ အာဆီယံ အဖွဲ့ဝင်နိုင်ငံ တချို့ အပါအဝင် ဒေသတွင်းနိုင်ငံ များက စိုးရိမ်မကင်း ဖြစ်လျက် ရှိသည်။
တစ်ချိန်တည်းမှာပင် တရုတ် အစိုးရသည် တောင်တရုတ် ပင်လယ်အတွင်းရှိ Jackson သန္တာကျောက်တန်း အနီးတွင်ရှိသည့် ရေပြင်အတွင်းသို့ ဖိလစ်ပိုင် ငါးဖမ်းသမား ဝင်ရောက်ခြင်းကို ပိတ်ပင် ခဲ့သောကြောင့် တရုတ်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဖိလစ်ပိုင် နိုင်ငံတို့အကြား တင်းမာမှုများ ဖြစ်ပွားခဲ့ကြသည်။ ထို့ပြင် တရုတ်နိုင်ငံသည် တခြားအာဆီယံ နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဗီယက်နမ်နိုင်ငံ နှင့်လည်း အငြင်းပွားလျက် ရှိသည်။
တောင်တရုတ် ပင်လယ် အရေးနှင့် စပ်လျဉ်း၍ အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ တို့၏ ပြိုင်ဆိုင်မှု များသည် ၂ဝ၁၂ ခုနှစ်အတွင်း စတင်မြင့်တက် လာခဲ့သည်ဟု ဆိုနိုင်သည်။ အမေရိကန် သမ္မတ ဘားရက် အိုဘားမား သည် နိုင်ငံ၏ စစ်အင်အားကို အာရှ- ပစိဖိတ် ဒေသ၌ ပြန်လည် ချိန်ညှိမည့် မဟာဗျူဟာ တစ်ရပ်အား ချမှတ်ခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် အရောက်တွင် အမေရိကန် ပြည်ထောင်စု၏ ရေတပ်နှင့် လေတပ် အင်အား စုစုပေါင်း၏ ၆ဝ ရာခိုင်နှုန်းကို အာရှ-ပစိဖိတ် ဒေသ၌ ဖြန့်ကြက်သွားရန် စီစဉ်ခဲ့သည်။ ယင်း မဟာဗျူဟာကို တရုတ်နိုင်ငံက ၄င်းတို့အား ထိန်းချုပ်ရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု မှတ်ယူခဲ့သည်။ ထို့ပြင် ဒေသတွင်း နိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စု တို့အကြား စစ်ဘက် ဆက်ဆံရေး တိုးမြှင့်လာခြင်း နှင့် အာရှမြေပေါ်၌ အမေရိကန် အခြေစိုက် စခန်းများ တည်ဆောက်ရန် အဆိုပြုချက် များသည် တရုတ်အစိုးရ အတွက် ခေါင်းခဲစရာ ကိစ္စရပ်များ ဖြစ်လာခဲ့သည်။ ထို့ကြောင့် တောင်တရုတ် ပင်လယ်အရေး နှင့်စပ်လျဉ်း၍ အမေရိကန် အစိုးရ ၏ ရပ်တည်ချက် သည် ပြောင်းလဲ လာခဲ့ပြီး ယခင်က ဘက်မလိုက်သည့် ရပ်တည်ချက်မှ ယခုအခါ ဘက်လိုက်မှု ရှိသည့် ရပ်တည်ချက် အဖြစ်သို့ ပြောင်းလဲ လာခဲ့ ပြီဖြစ်သည် ဟု တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA)မှ အငြိမ်းစား ဗိုလ်မှူးကြီး တစ်ဦးဖြစ်သူ လျှိုမင်ဖူ က ထောက်ပြ ထားသည်။
အချုပ်အားဖြင့် ဆိုရပါသော် တောင်တရုတ် ပင်လယ် အရေးနှင့် စပ်လျဉ်း၍ အမေရိကန် နှင့် တရုတ်နိုင်ငံတို့ အကြားရှိ ပြိုင်ဆိုင်မှုများ အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိစပြု နေပြီဖြစ်သည်။ အမေရိကန် ပြည်ထောင်စု ကလည်း တောင်တရုတ် ပင်လယ် အတွင်းရှိ ရေကြောင်း ဆက်သွယ်ရေးကို လွတ်လပ်စွာ အသုံးပြု နိုင်ရေးကို ကာကွယ်ရန်ဟု ဆိုကာ အငြင်းပွား ရေပိုင်နက် (တရုတ်နိုင်ငံက ၄င်းတို့ပိုင်ဟု ကြေညာ ထားသည်။) သို့ စစ်သင်္ဘောများ စေလွှတ်ခဲ့သည်။ ထို့ပြင် ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းကာ ယခုနှစ် နှောင်းပိုင်းတွင် ယင်းပင်လယ် အတွင်း၌ ကင်းလှည့်ခြင်းများ ပြုလုပ်ရန်လည်း စီစဉ်ထားသည်။ ယင်း အစီအစဉ် များသည် တင်းမာမှုများ ကိုပိုမိုမြင့်တက် စေမည့် လုပ်ဆောင်ချက် များဟု ဆိုနိုင်ပေသည်။
မည်သို့ပင် ဖြစ်စေကာမူ တရုတ်နိုင်ငံနှင့် အငြင်းပွားမှုတွင် ပါဝင်နေသည့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများက ပိုင်နက် အငြင်းပွားမှုနှင့် အမေရိကန်- တရုတ် ပြိုင်ဆိုင်မှု တို့တွင် မည်သည့်ဘက်မှ လိုက်ပါခြင်းမ ရှိဘဲ မတူကွဲပြား မှုများကို တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် အဖြေရှာမှ သာလျှင် ဒေသတွင်း တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်း နိုင်မည် ဖြစ်သည့်အပြင် တင်းမာမှုကိုပါ လျှော့ချနိုင်မည် ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။
မြ၀တီနေ့စဉ် ၊ စာ(၂၄)
No comments:
Post a Comment