www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 4, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira နှင့်တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira တို့ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူစဉ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira တို့ တွေ့ဆုံဆွေးနွေးစဉ်

နေပြည်တော် ၊ ၄-၂-၂၀၁၆

မြန်မာ-ထိုင်း နှစ်နိုင်ငံသည် ထာဝရ မပြောင်းလဲသည့် ချစ်ကြည် ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား အပြန်အလှန် ချစ်ကြည် ရင်းနှီးမှု၊ ယုံကြည်မှုကို တည်ဆောက် နိုင်ခြင်းကြောင့်  လက်ရှိ တပ်မတော်နှစ်ရပ် ဆက်ဆံရေး မှာလည်း အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေကြောင်း၊ မိမိတို့ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးပုံစံမှာ အိမ်နီးချင်း နိုင်ငံများ ၊ အခြားနိုင်ငံများ အတွက်ပါ ကောင်းမွန်သည့် Model တစ်ခု ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira  နှင့် တွေ့ဆုံဆွေးနွေး ရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းသို့တွေ့ဆုံ ဆွေးနွေးရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နှစ်နိုင်ငံ တပ်မတော် နှစ်ရပ် အကြား ဆက်ဆံရေးနှင့် ပတ်သက်၍ ရှေးယခင် ကတည်းက နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေး ရှိခဲ့ သော်လည်း အောက်ခြေအဆင့် Township Border Committee (TBC) ဆွေးနွေးပွဲ များသာ ပြုလုပ်ခဲ့ကြောင်း၊ ယင်းနောက် Regional Border Committee (RBC) အဆင့်သို့ တိုးမြှင့်ခဲ့ကြောင်း၊ ယခုဆိုလျှင် High Level Committee  (HLC) အဆင့်အထိ ပြုလုပ်၍ Senior Staff Talk များစွာ ဆောင်ရွက် နိုင်ကြောင်း၊ ထိုသို့ တပ်မတော်နှစ်ရပ် အကြား ခေါင်းဆောင်များ၏ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ အဆင့်လိုက် ပူးပေါင်း ဆောင်ရွက်မှု များကြောင့်လည်း ရင်းနှီးမှု၊ ၎င်းမှတစ်ဆင့် ယုံကြည်မှု ရရှိစေပြီး တည်ငြိမ် အေးချမ်းမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု အခွင့်အလမ်း များစွာ ဖန်တီး နိုင်ခဲ့ကြောင်း ပြောကြားသည်။

ထာဝရ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လည်း ယင်းသို့ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေး ကောင်းမွန်မှုကြောင့် မိမိနိုင်ငံ၏ တည်ငြိမ် အေးချမ်းမှု ဖော်ဆောင်ရာတွင် များစွာ အထောက်အကူ ရရှိကြောင်း၊ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ငြိမ်းချမ်းရေး လမ်းစဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိသည်အထိ ဆက်လက် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထိုင်းဘုရင့် တပ်မတော်၏ ပူးပေါင်း ဆောင်ရွက်မှုများ အတွက် ကျေးဇူး တင်ရှိကြောင်းနှင့် NCA လက်မှတ် ရေးထိုးခြင်းများ အပြည့်အ၀ အောင်မြင်ရန် ဆက်လက်ကူညီ စေလိုကြောင်း ထည့်သွင်း ပြောကြားသည်။

ဆက်လက်၍ ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမား များနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်မှုများ အတွက် နိုင်ငံတော်နှင့် နိုင်ငံသားများ ကိုယ်စား ကျေးဇူးတင် ရှိ ကြောင်း၊ တွေ့ကြုံရမည့် အခက်အခဲများ ကိုလည်း အောင်မြင်စွာ ကျော်လွှား နိုင်မည်ဟု ယုံကြည်ကြောင်း၊ တည်ဆဲဥပဒေ များနှင့်အညီ ကာကွယ်ပေး စေလိုကြောင်း၊ လက်ရှိ ထိုင်းနိုင်ငံ အစိုးရ၏ ဒေသတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက် များနှင့် ပတ်သက်၍ နားလည် ထောက်ခံပါကြောင်း၊ အောင်မြင်မှု ရရှိစေလို ပါကြောင်း ပြောကြားသည်။

ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှလည်း လက်ရှိ ထိုင်း- မြန်မာ တပ်မတော် နှစ်ရပ်အကြား ကောင်းမွန်သည့် ဆက်ဆံရေး Model ကို ဆက်လက် ထိန်းသိမ်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်မှု အတွက် ဂုဏ်ယူပါကြောင်း၊ ဆက်လက်ပြီး ကူညီဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံသား အလုပ်သမား များနှင့် ပတ်သက်၍လည်း အတတ်နိုင်ဆုံး ကူညီ စောင့်ရှောက် သွားမည် ဖြစ်ကြောင်း ပြောကြား၍ ကျင်းပပြီးစီး ခဲ့သည့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်လက် ဆောင်ရွက်နေသည့် တည်ငြိမ် အေးချမ်းရေး လုပ်ငန်းများတွင် တပ်မတော်၏ ရပ်တည် လုပ်ဆောင်မှုများ၊ အဆင့်မြင့် တပ်မတော် အရာရှိကြီး သင်တန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး သင်တန်းများ စေလွှတ်ရေးနှင့် တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင် ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့သည် အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသို့  ချစ်ကြည်ရေး ခရီးလည်ပတ်ရန် နေပြည်တော် လေဆိပ်သို့ ရောက်ရှိလာရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် ဇနီး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မိုးမြင့်ထွန်း နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Pisanu Suvanajata ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ချစ်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းတပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်သံမှူးများနှင့်  တာဝန်ရှိ သူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger