www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, February 28, 2016

တပ်မတော်(ရေ)မှ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်း ( Combined Fleet Exercise- Sea Shield 2016 ) ပြုလုပ်ဆောင်ရွက်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ကြသည့် စစ်ရေယာဉ်များက Fleet Review ဖြင့် ချီတက်အလေးပြုစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား တပ်မတော်(ရေ)မှ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise- Sea Shield 2016) ကို 
ဦးဆောင်မည့် တာဝန်ရေ တပ်မမှူး က လေ့ကျင့်ခန်းနှင့် ပတ်သက်၍ ဖြစ်စဉ် အကြောင်းအရာ ကို ရှင်းလင်းတင်ပြစဉ်


နေပြည်တော် ၊ ၂၈-၂-၂၀၁၆

တပ်မတော် အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် ပိုင်နက်နယ်မြေ ကို လုံခြုံစွာ ကာကွယ် စောင့်ရှောက်ရန် အတွက် စွမ်းရည်ထက်မြက် မြင့်မားသော တပ်မတော် ဖြစ်စေရေး တည်ဆောက်လျက် ရှိပြီး ကာကွယ်ရေး စွမ်းအား မြှင့်တင်ရေး အတွက် တပ်မတော် (ကြည်း၊ရေ၊ လေ) လေ့ကျင့်ခန်း များကို အမြဲမပြတ် လေ့ကျင့် ဆောင်ရွက်လျက် ရှိသည်။ ယမန်နေ့တွင် မြန်မာ့ရေပိုင်နက် (ကိုကိုးကျွန်းဒေသ) ၌ တပ်မတော်(ရေ)မှ စစ်ရေယာဉ် တပ်ပေါင်းစုပ င်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise- Sea Shield 2016) ကို လေ့ကျင့်ပြုလုပ် ဆောင်ရွက် ကြသည်။

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံ များတွင် အနောက်ဘက် အစွန်ဆုံး၌ရှိပြီး အိန္ဒိယနိုင်ငံ နှင့် တရုတ်နိုင်ငံ အကြား တည်ရှိနေသဖြင့် မြေ အနေအထားအရ မဟာဗျူဟာမြောက် အရေးပါကြောင်း၊ ရေပြင် အနေအထား အရ ကြည့်ပါကလည်း ဘင်္ဂလား ပင်လယ်အော်၊ အိန္ဒိယသမုဒ္ဒရာ တို့နှင့် ဆက်စပ်နေသည့် ရေပြင်ကို ပိုင်ဆိုင်ထားကြောင်း၊ ယင်းသို့ မြေအနေအထား၊ ရေပြင် အနေအထား များကြောင့် အရေးပါသော နိုင်ငံတစ်ခု ဖြစ်၍ နိုင်ငံ ကာကွယ်ရေး အတွက် အမြဲသတိရှိရန်၊ ပြင်ဆင်ထားရန် လိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဆိုပါ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise- Sea Shield 2016) တွင် ပါဝင်ခဲ့ကြသော စစ်ရေယာဉ်မှူး များနှင့် အရာရှိ၊ စစ်သည်များကို အမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြား ခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တပ်မတော်(ရေ) ဝတ်စုံအား ဂုဏ်ပြု ဝတ်ဆင်၍ ယမန်နေ့ နံနက်ပိုင်းတွင် မြန်မာ့ရေပိုင်နက် (ကိုကိုးကျွန်းဒေသ) ၌ ပြုလုပ်သည့် စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise- Sea Shield 2016) ကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး တို့နှင့်အတူ အကဲကြည့် စစ်ရေယာဉ်- အောင်ဇေယျ ပေါ်မှ လိုက်ပါကြည့်ရှု အားပေးသည်။

စစ်ရေယာဉ် - အောင်ဇေယျ ပေါ်တွင် တာဝန်ကျ တပ်ဖွဲ့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို အလေးပြုပြီး လေ့ကျင့်ခန်းကို ဦးဆောင်မည့် တာဝန်ရေ တပ်မမှူး က လေ့ကျင့်ခန်းနှင့် ပတ်သက်၍ ဖြစ်စဉ် အကြောင်းအရာ ကို ရှင်းလင်းတင်ပြပြီး တိုက်စစ်နှုတ်မိန့် ပေးသည်။ ယင်းနောက် တာဝန်ရေ တပ်မမှူး နှင့် စစ်ရေယာဉ်မှူး များသည် သက်ဆိုင်ရာ စစ်ရေယာဉ် များသို့ ပြန်လည် ထွက်ခွာပြီး စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်းကို အစီအစဉ် အတိုင်း ဆက်လက် လုပ်ဆောင် ကြသည်။

ဦးစွာ တပ်မတော်(ရေ) အထူး စစ်ဆင်ရေး တပ်ဖွဲ့ (NAVY SEALs) က ချေမှုန်းရေး စက်တပ် ရော်ဘာလှေ လေးစင်း၊ ရဟတ်ယာဉ် နှစ်စင်းတို့ဖြင့် ရန်သူ့ရေယာဉ် တစ်စင်းအား ဝင်ရောက် စီးနင်း၍ ဖမ်းဆီးခံ ဓားစာခံ နှစ်ဦးကို ကယ်ဆယ်ခြင်း၊ ရန်သူ့ စစ်ရေယာဉ်ကို ဖောက်ခွဲ နှစ်မြှုပ်ခြင်း တို့အား သရုပ်ပြ ဆောင်ရွက်ကြ သည်။ ယင်းနောက် ရန်သူ့ ပစ်ခတ်မှုကြောင့် မီးလောင်နေသော ကုန်သွယ်ရေယာဉ် တစ်စင်းကို ဘက်စုံသုံး တွဲဆွဲ စစ်ရေယာဉ် နှစ်စင်းဖြင့် ပင်လယ်ပြင် မီးငြှိမ်းသတ်ခြင်း လေ့ကျင့်ခန်းကို ဆောင်ရွက်သည်။ လေ့ကျင့်ခန်းများ အပြီးတွင် လေ့ကျင့်ခန်း၌ ပါဝင်ကြသော ရဟတ်ယာဉ်နှင့် တပ်မတော်(ရေ) အထူး စစ်ဆင်ရေး တပ်ဖွဲ့ဝင် များက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ချီတက် အလေးပြု ကြသည်။

ထို့နောက် လေ့ကျင့်ခန်း အစီအစဉ် အရ စစ်ရေယာဉ် များသည် သတ်မှတ်ပုံပြု Formation 5  ပုံစံဖြင့် မောင်းနှင်ချီတက် ကြသည်။ ချီတက်စဉ် Circular Formation ပုံစံပြောင်းလဲ ချီတက်ပြီး ရေအောက်ရန် ကာကွယ်ရေး စစ်ဆင်မှု လေ့ကျင့်ခန်း ကိုလည်းကောင်း၊ Diamond Formation ပုံစံပြောင်းလဲ၍ ရန်သူ့ လေယာဉ်များအား လေကြောင်းရန် ကာကွယ်ရေး လက်နက်များဖြင့် လက်တွေ့ လေ့ကျင့် ပစ်ခတ်မှု ကိုလည်းကောင်း၊ ဆက်လက်ပြီး Arrow Head Formation ပုံစံသို့ပြောင်းလဲ ၍ အီလက်ထရွန်နစ် စစ်ဆင်မှု လေ့ကျင့်ခန်းနှင့် လေကြောင်းရန် ကာကွယ်ရေး လက်နက်များ ပစ်ခတ်မှု လေ့ကျင့်ခန်းကို လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ ကြပြီး နောက်ဆုံးတွင် ရည်မှန်းချက် ဖြစ်သည့် ရန်သူ့ပင်မ စစ်ရေယာဉ် အုပ်ကို တိုက်ခိုက် ချေမှုန်းရန် အတွက် Cruising Formation နှင့် Battle Line Formation ပုံစံများသို့ အဆင့်ဆင့် ပြောင်းလဲ၍ မိမိစစ်ရေယာဉ် များရှိ အမြောက်ကြီးများ၊ ဒုံးပျံများဖြင့် ပစ်ခတ် ချေမှုန်းသည့် လေ့ကျင့်ခန်း များကို ဆောင်ရွက်ခဲ့ ကြသည်။

လေ့ကျင့်ခန်း ပြီးဆုံးချိန်တွင် စစ်ရေယာဉ် အောင်ဇေယျ ပေါ်တွင် စီးနင်းလိုက်ပါ လာသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ကြသည့် စစ်ရေယာဉ် များက Fleet Review ဖြင့် ချီတက် အလေးပြု ကြသည်။

ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ) က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ်(လေ) တို့ထံ လေ့ကျင့်ခန်း အထိမ်းအမှတ် လက်ဆောင် ပစ္စည်းကို ပေးအပ်သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် စစ်ရေယာဉ်- အောင်ဇေယျ ၏ ဧည့်သည်တော် မှတ်တမ်းတွင် လေ့ကျင့်ခန်း အထိမ်းအမှတ် အမှတ်တရ လက်မှတ်ရေးထိုးပြီး စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise- Sea Shield 2016) တွင် ပါဝင် ခဲ့ကြသော စစ်ရေယာဉ်မှူး များနှင့် အရာရှိ၊ စစ်သည်များကို လေ့ကျင့်ခန်းနှင့် ပတ်သက်၍ ပြန်လည်သုံးသပ် အမှာစကား ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လေ့ကျင့်ခန်းနှင့် ပတ်သက်၍ ပြောကြားရာတွင် လုပ်ငန်းတာဝန်များ အောင်မြင် ပြီးမြောက်မှု အတွက် ချီးကျူး ဂုဏ်ပြုကြောင်း၊ လေ့ကျင့်ခန်း ဆိုသည်မှာ စွမ်းရည်ထက်မြက် စေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ အထူးသဖြင့် စစ်ရေးပိုင်းတွင် ချက်ချင်းလက်ငင်း လုပ်ဆောင်၍ မရကြောင်း၊ လူ၊ လက်နက်၊ စစ်အတတ် ပညာများ အကျွမ်းတဝင် ဖြစ်နေအောင် လေ့ကျင့်ရမည် ဖြစ်ကြောင်း၊ ကာကွယ်ရေး လုပ်ငန်း များသည် အမြဲတမ်း လေ့ကျင့်နေရန် ပြင်ဆင်နေရန် လိုအပ်ကြောင်း၊ ထိုသို့လေ့ကျင့် ရာတွင်လည်း ကြိုတင် စီစဉ်သော တိုက်စစ် လေ့ကျင့်ခန်းများ သာမက အချိန်မရွေး ဖြစ်ပေါ်လာနိုင် သည်များကို ရင်ဆိုင်နိုင်စွမ်း ရှိစေရန် ရုတ်ခြည်းတိုက်စစ် လေ့ကျင့်ခန်း များကို ပါ လေ့ကျင့် ဆောင်ရွက်ကြ ရမှာဖြစ်ကြောင်း၊ တာဝန်ပေးအပ် ထားသည့် စစ်ဆင်ရေး ရေပြင်အလိုက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သည့် လေ့ကျင့်မှုများ ကိုပါ လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ရေတပ်စွမ်းအား မြှင့်တင်ရေး နှင့် ပတ်သက်၍လည်း မြန်မာ့ကမ်းရိုးတန်း အရှည်သည် ရေမိုင် ၁၂၆ဝ နှင့် ကုန်းမိုင် ၁၄၅ဝ ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ရေမိုင် ၃ဝ၄ ဒသမ ၂၈ မိုင်၊ အိန္ဒိယ နိုင်ငံနှင့် ရေမိုင် ၅၉၂ ဒသမ ဝ၃ မိုင်၊ ထိုင်းနိုင်ငံ နှင့် ရေမိုင် ၁၉၅ ဒသမ ၃၂ မိုင် နယ်နိမိတ်ထိစပ် နေကြောင်း၊ ၄င်းအပြင် မြန်မာနိုင်ငံ၏ အဓိကပို့ကုန် သွင်းကုန် များ၏ ၈၇ ရာခိုင်နှုန်း ခန့်မှာလည်း ဘင်္ဂလား ပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာ ဆက်စပ် ရေပြင်ကို အသုံးပြု သွားလာ နေရကြောင်း၊ နိုင်ငံ၏ အဓိကဝင်ငွေ ရရှိနေသည့် ကမ်းနီး၊ ကမ်းဝေး ရေနံနှင့် သဘာဝဓာတ်ငွေ့များ၊ ရေအောက် သယံဇာတ ဖြစ်သည့် ငါးနှင့် ရေထွက်ပစ္စည်း များလည်း များစွာ ထွက်ရှိကြောင်း၊ ယင်း လုပ်ငန်းများကို လုံခြုံစွာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်နိုင်ရန် အတွက် တပ်မတော်(ရေ) အနေဖြင့် စွမ်းအား အပြည့်အဝ ရှိရန် လိုအပ်သဖြင့် ရေတပ်စွမ်းအား မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက် ပေးလျက် ရှိကြောင်း၊ ယခင်ပြင်ပ နိုင်ငံများမှ ဝယ်ယူ ရသည်များ ရှိသကဲ့သို့ ကိုယ်တိုင် ဆောက်လုပ် နိုင်အောင် ကြိုးစား လုပ်ဆောင်ခြင်းဖြင့် မိမိတို့ တပ်မတော် အနေဖြင့် တည်ဆောက် ခဲ့သည့် စစ်ရေယာဉ် များစွာရှိကြောင်း၊ ဆက်လက်လည်း ယခုထက်ပိုမို ခေတ်မီသည့် အဆင့်မြင့် စစ်ရေယာဉ်များ တည်ဆောက်သွား ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ကာကွယ်ရေး စွမ်းအား မြင့်မားရေးနှင့် ပတ်သက်၍ မိမိနိုင်ငံတွင် သစ္စာမဲ့သည့် လုပ်ရပ် များကြောင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ ရကြောင်း ၊ လွတ်လပ်ရေး ဆိုသည်မှာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်း ဆုံးရှုံးသွား နိုင်သော်လည်း ယင်းကို ပြန်လည်ရရှိရန် အတွက် နှစ်ပေါင်းများစွာ ပေးဆပ်မှုပေါင်း များစွာဖြင့် ကြိုးပမ်း လုပ်ဆောင် ရကြောင်း၊ သို့ဖြစ်၍ ကာကွယ်ရေး စွမ်းအား၊ ကာကွယ်ရေး စွမ်းပကား မြင့်မားရန် အရေးကြီးကြောင်း၊ နိုင်ငံတစ်ခု ရပ်တည်မှု အတွက် နိုင်ငံရေး စွမ်းပကား၊ စီးပွားရေး စွမ်းပကားနှင့် ကာကွယ်ရေး စွမ်းပကား ၃ ခု မြင့်မားနေရန် လိုအပ်ကြောင်း၊ နိုင်ငံတော် အနေဖြင့် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်ထိ ပါတီစုံ ဒီမိုကရေစီ စနစ်၏ ပထမ ခြေလှမ်း လျှောက်လှမ်းခဲ့ရာ တပ်မတော် အနေဖြင့် ယင်း လမ်းကြောင်းတွင် ခိုင်ခိုင်မာမာ ဖြင့်မယိမ်းမယိုင် လျှောက်လှမ်း နိုင်ရေး ဝိုင်းဝန်းထိန်းသိမ်း လုပ်ဆောင် ခဲ့ကြောင်း၊ အလားတူ ဒုတိယ သက်တမ်းတွင်လည်း ဆက်လက် ထိန်းသိမ်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် တည်ငြိမ် အေးချမ်းမှု ရရှိအောင် ကာကွယ် စောင့်ရှောက် ရမည်ဖြစ် သကဲ့သို့ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်း စေရန်လည်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍လည်း Military Might မြင့်မားရန် လိုအပ်ကြောင်း၊ ၂ဝ၁၄ ခုနှစ်မှ စတင်၍ ရေတပ် လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ရာ ယခု ၃ ကြိမ်မြောက် လေ့ကျင့်ခြင်း ဖြစ်ကြောင်း၊ နောင်တွင်လည်း နှစ်စဉ် လေ့ကျင့်ပြုလုပ် သွားမည်ဖြစ်၍ ယခုထက် ပိုမိုကောင်းမွန် ပြည့်စုံအောင် ကြိုးပမ်း ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

ရဟတ်ယာဉ်ဖြင့် ရန်သူ့ရေယာဉ်တစ်စင်းအား ၀င်ရောက်စီးနင်း၍ ဖမ်းဆီးခံဓားစာခံနှစ်ဦးကို ကယ်ဆယ်ခြင်း သရုပ်ပြစဉ်

ရန်သူ့ ပစ်ခတ်မှုကြောင့် မီးလောင်နေသော ကုန်သွယ်ရေယာဉ်တစ်စင်းကို ဘက်စုံသုံး တွဲဆွဲစစ်ရေယာဉ် နှစ်စင်းဖြင့် ပင်လယ်ပြင် မီးငြှိမ်းသတ်ခြင်း လေ့ကျင့်ခန်း ဆောင်ရွက်စဉ်

စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်း ( Combined Fleet Exercise- Sea Shield 2016) လေ့ကျင့် ဆောင်ရွက်စဉ်

စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်း ( Combined Fleet Exercise- Sea Shield 2016) လေ့ကျင့် ဆောင်ရွက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ကြသည့် စစ်ရေယာဉ်များက Fleet Review ဖြင့် ချီတက် အလေးပြုကြစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်း က အထိမ်းအမှတ် လက်ဆောင်ပစ္စည်း ပေးအပ်စဉ်

စစ်ရေယာဉ် တပ်ပေါင်းစာ ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise- Sea Shield 2016) ကို ပြည်တွင်း မီဒီယာများမှ သတင်းထောက်များက သတင်းယူစဉ်

ထိုသို့ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း ပြုလုပ်နေမှုကို ပြည်တွင်း သတင်းမီဒီယာ များမှ သတင်းထောက် များလည်း စစ်ရေယာဉ်- အောင်ဇေယျ နှင့် အတူ လိုက်ပါပြီး သတင်းရယူခဲ့ ကြသည်။

တပ်မတော်(ရေ) မှ နိုင်ငံတော်ပိုင် ပင်လယ်ပြင် ရေထု၊ လေထုအတွင်း အချုပ်အခြာ အာဏာ ခိုင်မာစေရန်နှင့် တပ်မတော်(ရေ) ရှိ စစ်ရေယာဉ် များကို အသင့်ဖြစ်မှု ၃ ရပ်ဖြင့် စစ်ဆင်မှု နယ်ပယ် ၄ ရပ်တွင် ကျွမ်းကျင် ပိုင်နိုင်စွာ တိုက်ပွဲဝင်နိုင် စေရန် ရည်ရွယ်၍ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း ကို ၂ဝ၁၄ ခုနှစ်မှစ၍ နှစ်စဉ်ပြုလုပ် ခဲ့သည်။ ယမန်နေ့ ပြုလုပ်ခဲ့သည့် စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise- Sea Shield 2016) သည် ၃ ကြိမ်မြောက် ဖြစ်ပြီး စစ်ရေယာဉ် မျိုးစုံ ၂ဝ စင်းကျော် ပါဝင်လေ့ကျင့် ခဲ့ကြပြီး ထိုသို့ ပစ်ခတ်မှုနှင့် လက်တွေ့ စစ်ကစား လှုပ်ရှားမှုကို ပေါင်းစပ် လေ့ကျင့်ခြင်းဖြင့် စစ်ရေယာဉ် များနှင့် စစ်သည်များ၏ စွမ်းရည် တိုးတက် လာစေမည် ဖြစ်ကြောင်း သိရှိရသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၃၂၊ ၁၅ ၊ ၁၆ ၊ ၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger