www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 22, 2016

အလုပ် နှင့် ကတိသစ္စာ



အလုပ် နှင့် ကတိသစ္စာ

( မဒါလေး )

မကျွမ်းကျင်သော နေရာဒေသ တစ်ခုတွင် အလုပ်တစ်ခု ရရှိရေးမှာ အလွန် ခက်လှသည် ကို စာရေးသူ ယခင်က မသိခဲ့ပါ။ ကိုယ့်မြို့ ကိုယ့်ဒေသ တွင် သာမန်အလုပ်နှင့် မကျေနပ် နိုင်သဖြင့် မြို့ပြဆီသို့ ထွက်ခဲ့မိသည်။ မြို့ကြီးပြကြီး ဆိုသည်နှင့် အညီ အရာရာ တန်ကြေး ကြီးလွန်း သည်ကိုလည်း လက်တွေ့ သိခဲ့ရသည်။ ရောက်သည်နှင့် အဆောင်စရိတ်၊ စားစရိတ်နှင့် သွားရေးလာရေး အတွက် အပူအပင် များစွာ ကြုံတွေ့ရသည်။ တစ်ယောက် တစ်မျိုး ဝိုင်းဝန်း အကြံပေး ကြသဖြင့် အလုပ်ရှာရန် အလွယ်ဆုံး နည်းမှာ အလုပ် ရှာဖွေရေး ကုမ္ပဏီ များမှတစ်ဆင့် အလုပ် ရှာဖွေရေးပင် ဖြစ်သည်။ အချို့ အပေါင်းအသင်း မိတ်ဆွေများ ရှိသော်လည်း တကယ်တမ်း လက်တွေ့တွင် လူတစ်ဦးကို တာဝန်ခံကာ အလုပ်ရှာပေးဖို့ ဆိုသည် ကလည်း လွယ်ကူသော အရာ မဟုတ်ပေ။

မိုးလင်းသည်နှင့် ပထမဆုံး ပြေးရသည်က မိတ္တူဆိုင်ပင် ဖြစ်သည်။ မိမိ ကိုယ်ရေး ရာဇဝင်နှင့် ပတ်သက်သည့် အချက်အလက် များကို မရေမတွက် နိုင်အောင် မိတ္တူကူးထား ရသည်။ ဓာတ်ပုံပေါင်း များစွာ ကိုလည်း အပိုကူးထား ရသေးသည်။ ပြီးလျှင် အလုပ် ရှာဖွေပေးသော ကုမ္ပဏီများ တစ်ခုပြီး တစ်ခု သွားရသည်။ တစ်နေရာက မရလျှင် နောက် တစ်နေရာက ရမည်။ နေရာတိုင်းက ရလျှင် ကောင်းသည့် နေရာ ဌာနကို စိတ်ကြိုက် ရွေးချယ်နိုင်မည်။ ကိုယ့်အတွေးနှင့် ကိုယ့်စီမံချက် က အတော်ပင် ကောင်းလွန်း နေသည်။ လက်တွေ့တွင် ဤမျှလောက် မလွယ်မှန်း ကိုယ်တိုင်ကြုံ ရမှသိသည်။ အလုပ် ရှာဖွေရေး ကုမ္ပဏီများ တွင် ဖြည့်ရသည့် လျှောက်လွှာ ပုံစံများ ကလည်း မနည်းပေ။ ထိုးရသည့် ဝန်ခံကတိ လက်မှတ်များ ကလည်း ဆယ်စောင်ထက် မနည်းပါ။ အဓိက အားဖြင့် ဝန်ထမ်းလစာ ထဲမှ တစ်လစာ သို့မဟုတ် ငါးဆယ် ရာခိုင်နှုန်းကို ဝန်ထမ်းက ပေးဆောင်ရမည် ဆိုသည့် အချက်ပင် ဖြစ်သည်။

အချို့ကုမ္ပဏီ များသည် ဝန်ထမ်းနှင့် အလုပ်ရှင်က တစ်ယောက် တစ်ဝက် ပေးဆောင် ရသည်လည်း ရှိသည်။ အလုပ်ရှင် ဘက်က တစ်လစာ ပေးသည့် ကုမ္ပဏီ ရှိသော်လည်း ရှားတာတော့ အမှန်ပင်။ ကံကောင်းလျှင် ရမည်ဟု ပြောသဖြင့် ကံကိုသာပုံချ ထားလိုက်မိသည်။ ဘာပဲပြောပြော အလုပ်တစ်ခု အတွက် ဤမျှလောက် ရင်းနှီးရမည် ဖြစ်သည်ဟု လက်ခံကာ မကြည့်မရှုဘဲ လက်မှတ်များသာ မြန်မြန်ထိုး လိုက်တော့သည်။ အလုပ်မရွေးလျှင် အချိန်တစ်ပတ် အတွင်း အမြန်ရမည်။ တစ်ပတ်အတွင်း အင်တာဗျူး လေး၊ ငါးခါ သွားရမည်ဟု ဆိုသဖြင့် လျှောက် လွှာထဲတွင် အလုပ်မရွေး ပါဟု ရေးရသေးသည်။ မတတ်နိုင်ပါ သူ့စည်းဝိုင်း အတွင်း ဝင်ချင်သည့် အတွက် ပိန်သည်၊ ဝသည် ရွေးခွင့် စာရေးသူ တွင်မရှိပါ။ အနှစ်နှစ် အလလက မရွတ်ဘဲ မေ့ထားသည့် ဘုရားစာ များကို သွားလေရာ ရွတ်မိသည်။ အိတ်ထဲတွင် ဘုရားစာအုပ်ကို အမြဲထည့်ကာ ကားပေါ်မရှောင်၊ ရုံးခန်းမရှောင် ပရိတ်၊ ပဋ္ဌာန်းများ ရွတ် ဖြစ်နေသည်။ ဤသို့ဖြင့် အလုပ် အင်တာဗျူး သုံး၊ လေးခု လောက် ဖြေဖြစ် သွားသည်။ ထိုသို့ ဖြေလိုက်မှပင် ဗဟုသုတ ပိုကြွယ်သွားသည်။

ကိုယ့်ကိုယ်ကိုယ် လည်း ပြန်လည် သုံးသပ်ရန် အကောင်းဆုံး အခွင့်အရေး တစ်ခုကို ရလိုက်ခြင်း ဖြစ်သည်။ ထို့ထက် နည်းနည်း ပိုသည်က အင်တာဗျူး ဖြေနည်းကို ပိုမိုသိကျွမ်း လာခြင်း ဖြစ်သည်။ လက်တွေ့တွင် ကိုယ်သင်ယူ ထားသော အရာများထက် တတ်မြောက် ထားသော အရည်အချင်း များကသာ အဓိက ကျကြောင်းလည်း သိလာသည်။ ဘွဲ့ဒီဂရီနှင့် အောင်လက်မှတ် များသည် အလုပ်အတွက် အနည်းငယ်သော အထောက်အပံ့ သာဖြစ်ပြီး အမှန်တကယ် တတ်မြောက် ထားသော အတွေ့အကြုံနှင့် အရည်အချင်း တို့ကိုသာ အလုပ်ရှင်များ ဘက်က ပိုမိုလိုလား ကြသည်။ လုပ်ငန်း အတွေ့အကြုံ မရှိသော သူကို သင်ကြား ပေးရန်ထက် အတွေ့အကြုံ ရှိပြီးသား သူကို လစာပိုပေး ရန်သာ အရေးထား ကြသည်။ လုပ်ငန်း တစ်ခုလုံးကို အလုပ်ခွင် ဝင်သည်နှင့် စတင်လည်ပတ် နိုင်ရန်သာ မျှော်လင့် ကြသည်။ မိမိတို့ ပေးထားသည့် လစာထက် ပိုလုပ်နိုင်သော အလုပ်သမား ကိုသာ ပိုမို အလေးထား ကြောင်းလည်း သိလာရသည်။

နောက်ဆုံးတွင် အကောင်းဆုံး ဖြစ်မည့်အလုပ်ကို ကိုယ်တိုင်သာ ရွေးချယ်ရန် လိုအပ်သည်။ ဤသို့ဖြင့် လုပ်ငန်းခွင် တစ်ခုတွင် အင်တာဗျူး ဝင်ကာ အလုပ်တစ်ခု လုပ်ဖြစ် သွားသည်။ လက်ခံရသည့် အကြောင်းရင်း ကလည်း အလုပ်ရှင် ဘက်က ဖြည့်ဆည်းပေး ထားသော အရာများမှာ စာရေးသူ လိုချင်သော အချက်နှင့် အနီးစပ်ဆုံး ကိုက်ညီနေခြင်း ကြောင့် ဖြစ်သည်။ အကြိုက်ဆုံး အချက်ကတော့ လစာထက် အလုပ်ချိန်ကို သေချာစီမံ ပေးခြင်း ကြောင့်ဖြစ်သည်။

အင်တာဗျူး တွင်လည်း စာရေးသူ ဖြေရသည်ထက် လုပ်ငန်းရှင် ဘက်က ပြောပြသည့် အချက်များကို နားထောင်ရ သည်က ပိုများသည်။ လုပ်ငန်းရှင် ဘက်က အဓိက လိုချင်သည့် အချက်မှာ ဝန်ထမ်းတစ်ဦး အနေဖြင့် မိမိလုပ်ငန်း အပေါ်တွင် သစ္စာရှိစွာနှင့် ရေရှည် မျှော်မှန်းကာ လုပ်နိုင်ရမည် ဆိုသည့် အချက်ဖြစ်သည်။ စာရေးသူ အနေဖြင့်လည်း အမှန်တကယ် အလုပ်တစ်ခု လိုအပ်နေခြင်း၊ မိမိဝါသနာ ပါသည့် အလုပ်ဖြစ်ခြင်း၊ လိုအပ်သည့် လစာ အနေအထားကို ညှိနှိုင်းပေးခြင်း တို့ကြောင့် သေချာ လုပ်ပါမည်ဟု ကတိပေးခဲ့သည်။

အလုပ်ရှင်က နောက်ဆုံး ဆွေးနွေးသည့် အပိုင်းတွင် အလုပ်ရှာ ပေးသည့် ကုမ္ပဏီကို အလုပ်ရှင် ဘက်က တစ်လစာ ပေးရမည် ဖြစ်သဖြင့် စာရေးသူကို လုပ်ငန်း သဘောအရ လစာငွေ ကျပ်တစ်သိန်း ပေးမည်။ အမှန်တကယ် ရရှိမည့်လစာမှာ ငွေကျပ် တစ်သိန်းခွဲ ဖြစ်သည်ဟု ပြောကာ နောက်ရက် အလုပ်စဆင်း ရန် ပြောသည်။ ဝန်ထမ်း၏ လစာထဲမှ အဖြတ်မခံရဘဲ အလုပ်ရှင် ဘက်က ပေးမည် ဖြစ်သဖြင့် စာရေးသူ ကံကောင်းသည်ဟု ကိုယ့်ကိုယ်ကိုယ် ခံယူမိသည်။ ခက်တာက စာချုပ်ထဲတွင် လစာငွေ ကျပ်တစ်သိန်းဟု လက်မှတ်ထိုး ရမည်ကို မချင့်မရဲ ဖြစ်မိသည်။ သေချာအောင် အထပ်ထပ် မေးမိသည်။ အလုပ်ရှင်ဘက် ကလည်း သေချာသည်။

အလုပ်ရှာဖွေရေး ကုမ္ပဏီက မေးလျှင် လစာငွေ ကျပ်တစ်သိန်းဖြင့် လက်ခံခဲ့သည်ဟု ပြောရန် သေချာ မှာကြားလိုက်သည်။ အပြန်လမ်းတွင် ဝေခွဲမရသော တွေဝေမှုများဖြင့် မနက်ဖြန် အတွက် ရင်ခုန်နေမိ သည်။ နောက်ဆုံးတွင် အလုပ်ရှင်ဘက်က ပြောသော ကတိသစ္စာများ၊ အနာဂတ် မျှော်မှန်းချက်၊ အချိန်နှင့် လစာတို့မှာ စာရေးသူနှင့် ကိုက်ညီ သဖြင့် လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ အလုပ်ရှင် တစ်ယောက် အနေဖြင့်လည်း ဤမျှလောက် ငွေကြေး အတိုင်းအတာ သည် ဘာမှ မပြောပလောက် သော ပမာဏ ဖြစ်သဖြင့် ပူပန်ရန် မလိုဟုသာ စိတ်ဆုံးဖြတ် လိုက်သည်။

လုပ်ငန်းခွင် ဝင်စ တစ်ရက်၊ နှစ်ရက် အဆင်ပြေသည်။ အလုပ်ချိန် အတိအကျလည်း ပြန်ခွင့်ရသည်။ တစ်ပတ်လောက် အကြာတွင် အလုပ်ရှင်၏ အခြား လုပ်ငန်းများမှ စာရင်းများ မနိုင်ဟုဆိုကာ တစ်ပတ်လောက် ကူညီပေးပါဟု အကူအညီ တောင်းသဖြင့် ကူညီပေး ရသည်။ နောက်တစ်ပတ် တွင် အခြားလုပ်ငန်း တစ်ခုမှ စာရင်းကိုင် အလုပ်ထွက် သွားသဖြင့် စာရင်းယာယီ ကိုင်ပေးပါဟု အကူအညီ တောင်းလာ ပြန်သည်။ ဤသို့ဖြင့် လုပ်ငန်းသုံးခု၏ စာရင်းများ စာရေးသူ ခေါင်းပေါ် အကုန်  ရောက်လာသည်။ အလုပ်ရှင်ဆရာသမား ၏ တစ်နေ့တာ လုပ်ငန်း ဆောင်တာများ၊ အစည်းအဝေး မှတ်တမ်းနှင့် ဝန်ထမ်းရုံးတက်၊ ရုံးဆင်းထိ အတွင်းရေးမှူး တစ်ယောက်၏ တာဝန်ကို ကျော်လွန်ပြီး လုပ်ငန်း တာဝန်များကို ခွဲယူခဲ့ ရသည်။ ထို့ထက် ဆိုးသည်က ကူညီ လုပ်ကိုင်ပေးပါ ဆိုသည့် နောက်က အမိန့်အာဏာ ဆန်ဆန် လုပ်ကို လုပ်ရမည် ဟူသော အပြောအဆိုများ၊ နေ့စဉ် အလုပ်ချိန် ထက် သုံး၊ လေးနာရီ နောက်ကျသဖြင့် လုပ်ငန်း လိုအပ်ချက် အရ ဝန်ထမ်း ထပ်ခေါ်ရန် ပြောသည့် အခါများတွင် တန်ရာတန်ကြေး ပေးထားသဖြင့် ဒီလောက်တော့ လုပ်ရမည် ဆိုသည့် အပြောအဆို များက လူကို

ပိုမိုမွန်းကျပ် စေသည်။ မည်သို့ ဆိုစေကာမူ စာရေးသူ ပြောခဲ့သည့် ကတိအတိုင်း အလုပ်တိုင်းကို စနစ်တကျ သေချာစွာ လုပ်ခဲ့သည်။ ဤသို့ဖြင့် တစ်လပြည့်သော နေ့တွင် စာရေးသူ အလုပ်ထွက် ခဲ့သည်။ အလုပ်ထွက်မည် ပြော၍ အလုပ်ရှင်သည် အံ့သြသည့် ပုံစံဖြင့် " ဘာကြောင့်လဲ " ဟုမေးသည်။ သူ့လုပ်ငန်းတွင် သည်လောက် အချိန်နှင့် အလုပ်ထွက်တာ စာရေးသူ ပထမဆုံး ဖြစ်ကြောင်းနှင့် စာရေးသူ၏ အရည်အချင်း များမှာ အစမ်းသပ် မခံကြောင်း ပြောသည်။ စာရေးသူ ဘက်က ကြည့်လျှင်လည်း သည်လောက် အချိန်နှင့် အလုပ်ထွက်ခြင်းသည် ယခုအလုပ်မှာ ပထမဆုံး ဖြစ်သည်။ ''ဘာကြောင့် ထွက်တာလဲ'' ဟု ခပ်တည်တည် မေးကာ စာရေးသူကို စိုက်ကြည့်နေသည့် အလုပ်ရှင် မျက်နှာကို သေချာ စိုက်ကြည့်ကာ ''ကတိမတည်လို့ပါ'' ဟု တစ်ခွန်းတည်း ပြောလိုက်မိသည်။

လစာထုတ်သည့် စာရင်းတွင် လက်မှတ်ထိုးသည့် အခါ ငွေကျပ် တစ်သိန်း ဖြစ်သည်။ အထဲတွင် ပိုထည့်ထားသည်ဟု ပြောသဖြင့် ကတိအတိုင်း ဖြစ်မည်ဟု မှတ်ယူလိုက်သည်။ စာအိတ်ကို ဖောက်အဖွင့် မှာ စုစုပေါင်း ငွေကျပ် တစ်သိန်းနှစ်သောင်း ဖြစ်နေ၍ ငွေကျပ် သုံးသောင်း လိုနေသည်။ နောက်လ ကျလျှင် ငွေကျပ် တစ်သိန်းခွဲ ပေးမည်ဟု ပြောသည်။ လစာထုတ်သည့် နေ့တွင်ပင် အလုပ်ရှာ ပေးသည့် ကုမ္ပဏီက ရောက်လာကာ စာရေးသူ လစာထဲမှ ပထမအရစ် ငါးဆယ် ရာခိုင်နှုန်း ဖြတ်သွားသည်။ အလုပ်ရှင်ဘက်က ပေးရသည်၊ မပေးရသည်ကို စာရေးသူ ဆက်မမေးဖြစ်ပါ။ ထိုအချိန်မှ စကာ ဤ လုပ်ငန်းခွင် အပေါ် စာရေးသူ သစ္စာထားရန် မလိုကြောင်း နားလည်ကာ ကျောခိုင်းလိုက်သည်။ နောက်တွင် ကျန်ခဲ့မည့် မျက်နှာများ ကိုလည်း စာရေးသူ စိတ်ထဲမှ အပြီးပိုင် မေ့ပစ်လိုက် တော့သည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page