www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, February 14, 2016

အင်းလေးကန်အတွင်း သွားလာနေသော စက်လှေများတွင် အိတ်ဇောစနစ် ပြောင်းလဲတပ်ဆင်ပြီး ဆူညံသံများ လျှော့ချသွားရန် ဆောင်ရွက်လျက်ရှိ



ညောင်ရွှေ ၊ ၁၄-၂-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေ မြို့နယ်အတွင်းရှိ အင်းလေးကန် အတွင်း သွားလာနေသော စက်လှေများတွင် အိတ်ဇောစနစ် ပြောင်းလဲ တပ်ဆင်ပြီး ဆူညံသံများ လျှော့ချသွားရန် ဆောင်ရွက်လျက် ရှိပြီး လုပ်ငန်း ဆောင်ရွက်မှု ပြီးစီးပါက ဆူညံသံများကို ၅ဝ ရာခိုင်နှုန်း အထိ လျှော့ချ ပေးနိုင်မည် ဖြစ်ကြောင်း အဆိုပါ စီမံကိန်း ဆောင်ရွက်နေသည့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ လုပ်ဆောင်ရာတွင် အင်းလေးဒေသ ရှိ စက်မှုကျွမ်းကျင် ပညာရှင်များနှင့် တိုင်ပင်ပြီး အိတ်ဇောစနစ် ပြောင်းလဲ တပ်ဆင်ထားမည် ဖြစ်ကာ ထွက်ပေါ်လာသော အိတ်ဇော စနစ်တွင် အသံထိန်းစနစ် ပိုမိုကောင်းမွန် စေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အင်းလေး ဒေသတွင် တရုတ်နိုင်ငံထုတ် မြင်းကောင်ရေ ၂ဝ အားရှိ အင်ဂျင်များ ကိုသာ တပ်ဆင် အသုံးပြုရန် ဒေသ အာဏာပိုင် များက ညွှန်ကြား ထားသည့် အတွက် အင်ဂျင်၏ ရုန်းအား၊ ဆွဲအားနှင့် တာရှည်ခံမှု အားများကိုလည်း လေ့လာဆန်းစစ် ထားပြီး ဒေသခံ စက်လှေသမား များနှင့် ပူးပေါင်းလုပ်ကိုင် သွားမည် ဖြစ်ကြောင်း သိရသည်။

အင်းလေးဒေသ ခရီးသွားလုပ်ငန်း စနစ်တကျ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရန် ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန နှင့် နော်ဝေနိုင်ငံ အခြေစိုက် Partnership For Change (PFC) ဆိုင်ရာဝန်ကြီး ဌာနတို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ထားကာ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး စက်လှေများ၏ ဆူညံသံ လျှော့ချနိုင်ရန် စမ်းသပ် လုပ်ကိုင် နေသည်မှာ သုံးလဝန်းကျင် ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

ယင်းသို့ အိတ်ဇောစနစ် ပြောင်းလဲ တပ်ဆင်ပြီး ဆူညံသံများကို ရေထဲ တိုက်ရိုက် ရောက်အောင် စီစဉ် ဆောင်ရွက်မည် ဆိုပါက အင်းလေးကန်၏ ရေထု ညစ်ညမ်းမှု ကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ပြီး အင်ဂျင်များမှ ထွက်သော ကာဗွန် ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ များကြောင့် ရေထဲရှိ ရှားပါး ငါးမျိုးစိတ် များနှင့် တခြားရေနေ သတ္တဝါများ ကို ထိခိုက်မှုများ ရှိလာနိုင်ကြောင်း အင်းလေးကန် သဘာဝ ဘေးမဲ့တော ထိန်းသိမ်းရေး တာဝန်ခံတစ်ဦးက ပြောသည်။

အင်းလေးကန်တွင် စက်လှေပေါင်း ၂ဝဝဝ ကျော်ခန့် တရားဝင်လိုင်စင် ချထားပေးပြီး ဖြစ်ပြီး အင်းလေးကန် ထိန်းသိမ်းခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ဆည်မြောင်း ဝန်ကြီးဌာန နှင့် နုန်းတူးဖော်ခြင်း လုပ်ငန်းများ၊ ဇီဝမျိုးစိတ် ကာကွယ်ခြင်း လုပ်ငန်းများ အပြင် အင်းလေးကန် အတွင်းရှိ စိုက်ကွင်းများ၌ အသုံးပြုနေသည့် ဓာတ်မြေသြဇာ သုံးစွဲခြင်းကို ထိန်းညှိခြင်း လုပ်ငန်းများ ဆောင်ရွက် နေကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger