www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 19, 2016

တောင်တရုတ်ပင်လယ်၌ တရုတ်နဂါးကြီးအား ထိပ်တိုက် ရင်ဆိုင်လာသည့် အမေရိကန် ပြည်ထောင်စု


တောင်တရုတ်ပင်လယ်၌ တရုတ်နဂါးကြီးအား ထိပ်တိုက် ရင်ဆိုင်လာသည့် အမေရိကန် ပြည်ထောင်စု

(သင်းအောင်)

တောင်တရုတ် ပင်လယ် အငြင်းပွား ရေပိုင်နက် အတွင်းရှိ ကျွန်းများပေါ်၌ စစ်ရေးအသွင် ပြောင်းလဲခြင်းမျိုး လုပ်ဆောင်ခြင်း မပြုကြရန် အမေရိကန် ပြည်ထောင်စု က ဒေသတွင်းရှိ သက်ဆိုင်ရာ နိုင်ငံများ ကို ဖေဖော်ဝါရီ ၁၇ ရက်က တောင်းဆို လိုက်သည်။

အမေရိကန် အစိုးရ၏ အဆိုပါ တောင်းဆိုချက်သည် တရုတ်နိုင်ငံမှ အငြင်းပွား ရေပိုင်နက်ရှိ ကျွန်းတစ်ကျွန်း ပေါ်၌ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည် စနစ် ဖြန့်ကြက် ထားကြောင်း တရုတ်(တိုင်ပေ) နှင့် အမေရိကန် အစိုးရမှ ပြောကြားခဲ့ ပြီးနောက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ သတင်းသည် အမေရိကန် သမ္မတ ဘားရက် အိုဘားမား က အာဆီယံ နိုင်ငံများ မှ ခေါင်းဆောင်များနှင့် ကယ်လီဖိုးနီးယား ပြည်နယ်၌ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်နေချိန်နှင့် တိုက်ဆိုင်နေပြီး အငြင်းပွား ရေပိုင်နက် အတွင်းရှိ ကျွန်းများအား စစ်ဘက်အသွင် ပြောင်းနေခြင်းနှင့် စပ်လျဉ်း၍ အမေရိကန် အစိုးရမှ အလွန်အမင်း စိုးရိမ်ပူပန် မိကြောင်း ယင်းနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က နောက်ပိုင်းတွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ သည် ပါရာဆယ် ကျွန်းစုအတွင်းရှိ ကျွန်းတစ်ကျွန်း ဖြစ်သည့် Woody ကျွန်းပေါ်၌ ဒုံးကျည်စနစ် တစ်ခုကို ဖြန့်ကြက် ထားကြောင်း Fox သတင်းဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ တရုတ် (တိုင်ပေ) စစ်ဘက်မှ ပြောကြား ထားသည်။ ဖြန့်ကြက် ထားသည့် အဆိုပါ ဒုံးကျည်စနစ် ကို ဂြိုဟ်တုမှ ဖမ်းယူရရှိသော အချက်အလက် များ အရ သိရှိရသည်ဟု သတင်းဌာနမှ ဆိုသည်။
Woody Island

Duncan Island

 Fox သတင်းဌာန၏ ၄င်း ထုတ်ပြန်ချက် ကို အမေရိကန် စစ်ဘက်မှ တာဝန်ရှိ သူများက အတည်ပြု ထားသည်။ Woody ကျွန်းသည် တရုတ်၊ တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ် တို့အကြား ပိုင်ဆိုင်မှု အငြင်းပွား နေသည့် ကျွန်းတစ်ကျွန်း ဖြစ်သော်လည်း ယင်းကျွန်းကို တရုတ်နိုင်ငံမှ နှစ်ပေါင်း ၄ဝ ကြာ ထိန်းချုပ်ထား ခဲ့သည်။ တရုတ် အစိုးရသည် အဆိုပါ ဒုံးကျည်စနစ် အား ဖြန့်ကြက် ထားသည် ဟူသော သတင်းနှင့် စပ်လျဉ်း၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ငြင်းဆိုထားခြင်း မရှိသလို အတည်ပြု ထားခြင်းလည်း မရှိပေ။ သို့ရာတွင် တရုတ်နိုင်ငံမှ အငြင်းပွားကျွန်း ပေါ်၌ မီးပြတိုက်၊ မိုးလေဝသ စခန်းများနှင့် ကယ်ဆယ်ရေး စခန်းနှင့် တခြား အဆောက်အအုံများ တည်ဆောက် ထားခြင်းနှင့် စပ်လျဉ်း ၍လည်း ဝမ်ယီ က အတည်ပြု ပြောကြားထားပြီး တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံတကာ ဥပဒေအရ မိမိကိုယ်မိမိ ခုခံကာကွယ်  ပိုင်ခွင့်အတွက် ပြင်ဆင်ထားရန် လိုအပ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ထားသည်။

တစ်ချိန်တည်း မှာပင် တရုတ်နိုင်ငံ သည် တောင်တရုတ် ပင်လယ် အတွင်းရှိ အငြင်းပွား ရေပိုင်နက် အတွင်း၌ ကျွန်းတု ခုနစ်ကျွန်း တည်ဆောက် လျက်ရှိရာ ယင်း လုပ်ဆောင်ချက် ကြောင့် အိမ်နီးချင်း နိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စု ၏ ဝေဖန်ခြင်းကို ခံနေရသည်။

ထို့ပြင် အဆိုပါ ကျွန်းတုများ ပေါ်၌ လေယာဉ် ပြေးလမ်းများ ကိုပါ တရုတ်အစိုးရ မှ တည်ဆောက် ထားခြင်းကြောင့် ယင်းကျွန်းများကို တရုတ်နိုင်ငံက စစ်ရေးတွင် အသုံးပြု လာမည်ကို ပိုင်နက် အငြင်းပွား မှုတွင် ပါဝင် နေသည့် အိမ်နီးချင်း နိုင်ငံများက စိုးရိမ်မကင်း ဖြစ်လျက်ရှိသည်။ အမေရိကန် အစိုးရသည် တရုတ်နိုင်ငံမှ ပြုလုပ်နေသည့် ကျွန်းတု တည်ဆောက် ခြင်းနှင့်စ ပ်လျဉ်း၍ ကန့်ကွက်လျက် ရှိပြီး အငြင်းပွား ရေပိုင်နက် အတွင်းရှိ တရုတ်က ၄င်းတို့ပိုင်ဟု ကြေညာ ထားသည့် ရေပြင် အတွင်းသို့ ကင်းလှည့် ခြင်းများ လုပ်ဆောင်လျက် ရှိသည်။

အမေရိကန် ပြည်ထောင်စုသည် လွန်ခဲ့သည့်လ အတွင်းကလည်း ၄င်းတို့၏ ဖျက်သင်္ဘော တစ်စင်းကို တရုတ်နိုင်ငံမှ ၄င်းတို့ပိုင် အဖြစ် တစ်ဖက်သတ် ကြေညာ ထားသည့် ကျွန်းအနီးသို့ စေလွှတ်ခဲ့ခြင်း ကြောင့် တရုတ် အစိုးရမှ ယင်း လုပ်ဆောင်ချက် အပေါ် အပြင်းအထန် ကန့်ကွက်ခဲ့ပြီး နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်ရန် လိုအပ်ပါက အင်အား အသုံးပြုမည် ဖြစ်ကြောင်း တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနမှ အမေရိကန် ပြည်ထောင်စု အား သတိပေး ပြောကြား ခဲ့သည်။ အမေရိကန် ပြည်ထောင်စု သည် အငြင်းပွားမှုတွင် ပါဝင်နေသည့် အာရှနိုင်ငံ များနှင့် လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုများ တိုးမြှင့် နေခြင်းနှင့် လည်းစပ်လျဉ်း ၍ တရုတ် နိုင်ငံမှ သင်္ကာမကင်း ဖြစ်လျက် ရှိသည်။

အမေရိကန် ပြည်ထောင်စုသည် တောင်တရုတ် ပင်လယ် အတွင်း၌ ဒေသတွင်း အင်အားကြီး နိုင်ငံ တစ်နိုင်ငံ လည်းဖြစ်၊ တရုတ်နိုင်ငံ၏ ပြိုင်ဘက် နိုင်ငံလည်း ဖြစ်သည့် အိန္ဒိယနိုင်ငံ နှင့်အတူ ပူးပေါင်း၍ ကင်းလှည့် မည်ဟု အစောပိုင်းက ကြေညာထားခြင်း ကြောင့်လည်း တရုတ်နိုင်ငံ အနေဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်လျက် ရှိသည်။

သို့သော် နောက်ပိုင်းတွင် အဆိုပါ ပူးတွဲ ကင်းလှည့်မည့် အစီအစဉ်ကို လုပ်ဆောင်မည် မဟုတ်ဟု အိန္ဒိယနိုင်ငံမှ ထုတ်ဖော် ပြောကြားပြီး နောက်မှသာ တရုတ်အစိုးရ၏ စိုးရိမ်မှုမှာ လျော့ကျ လာခဲ့ရသည်။ တရုတ်အစိုးရ အနေဖြင့် အငြင်းပွား ကျွန်းများအား စစ်ဘက်အသွင် ပြောင်းရန် လုပ်ဆောင်မည် မဟုတ်ဟု တရုတ် သမ္မတ ရှီကျင့်ဖျင် က အမေရိကန် ပြည်ထောင်စုသို့ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ အတွင်းက သွားရောက်ခဲ့သည့် တရားဝင် ခရီးစဉ်၌ ပြောကြား ခဲ့သည်။ သမ္မတရှီ ၏ အဆိုပါ ခရီးစဉ်တွင် တောင်တရုတ် ပင်လယ်အတွင်း လုပ်ဆောင်နေသည့် ကျွန်းတုများ တည်ဆောက်ခြင်း ကို ရပ်တန့်ရေးနှင့် စပ်လျဉ်း၍ သမ္မတ အိုဘားမား က အရေးတယူ ဆွေးနွေး ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အဆိုပါ အငြင်းပွား ကျွန်းများပေါ်၌ တရုတ် အစိုးရမှ ဆိပ်ကမ်းများ၊ လမ်းမကြီးများ၊ တခြား အဆောက်အအုံ များ အပါအဝင် ကင်းစခန်း ကဲ့သို့သော စစ်ဘက်ဆိုင်ရာ အဆောက်အအုံ များကိုပါ တည်ဆောက် နေကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အတည်ပြု ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်အစိုးရ သည် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ဆိုင်ရာ စစ်ဆင်ရေး အတွက် အသုံးပြုရန် ရဟတ်ယာဉ်ကွင်း တစ်ခုကိုလည်း အငြင်းပွားကျွန်း တစ်ကျွန်း ဖြစ်သည့် Duncan ကျွန်းပေါ်၌ တည်ဆောက်လျက် ရှိသည်။

နောက်ဆုံး ထွက်ပေါ်လာသည့် သတင်းများအရ တရုတ်နိုင်ငံမှ Woody ကျွန်းပေါ်၌ ဖြန့်ကြက် လိုက်သည့် ဒုံးကျည်မှာ HQ-9 အမျိုးအစား လေကြောင်း ကာကွယ်ရေးစနစ် ဖြစ်ပြီး ယင်းဒုံးကျည် များသည် အကွာအဝေး ၁၂၅ မိုင်အထိ ပစ်ခတ်နိုင်ခြင်း ကြောင့် ကျွန်းနှင့် အနီးကပ်ပျံသန်း နေသည့် လေယာဉ်ပျံများ အတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ထွက်ပေါ်လာ နိုင်ဖွယ်ရှိသည်။

အဆိုပါ ဒုံးကျည်စနစ် ဖြန့်ကြက်မှုသည် အမေရိကန် ပြည်ထောင်စု အတွက် ထူးဆန်းခြင်း မရှိသော်လည်း စိုးရိမ်ဖွယ် လုပ်ဆောင်ချက် တစ်ခုဖြစ်ပြီး တရုတ် အစိုးရ၏ အပြောနှင့်အလုပ် မညီသည့် လုပ်ရပ်တစ်ခုသာ ဖြစ်ကြောင်း အမေရိကန် စစ်ဘက် ပစိဖိတ်တပ်ဖွဲ့ မှ တပ်မှူး ဗိုလ်ချုပ်ကြီး ဟယ်ရီဟဲရစ် က ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံမှ Woody ကျွန်းပေါ်တွင် ဒုံးကျည်စနစ်ကို ဖြန့်ကြက်ခဲ့ သော်လည်း အမေရိကန် အစိုးရအနေဖြင့် တောင်တရုတ် ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်း သွားလာခွင့် ရှိရေးအတွက် ၄င်းတို့၏ သင်္ဘောများကို ပိုမိုစေလွှတ် သွားရန် ဆုံးဖြတ်ထား ခြင်းကြောင့် အာရှ-ပစိဖိတ် ဗဟိုပြုရေး မူဝါဒကို တိုးမြှင့် အကောင်အထည် ဖော်နိုင်ရန် ကြိုးပမ်း လာသည့် အမေရိကန် ပြည်ေ ထာင်စုသည် ဒေသတွင်း အင်အားကြီး  နိုင်ငံအဖြစ် ရပ်တည် လိုသည့် တရုတ်နဂါးကြီး နှင့် မလွဲမသွေ ထိပ်တိုက် ရင်ဆိုင် လာရတော့မည် ဖြစ်ကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger