www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 18, 2016

ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် တိုင်းပြည် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြင့် ပြည်သူလိုလားသည့် ဆန္ဒအတိုင်း ဖြစ်မည်ဟု ယုံကြည်



နေပြည်တော် ၊ ၁၈-၂-၂၀၁၆

တပ်မတော်အနေဖြင့် မိမိနိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီ လမ်းကြောင်း လျှောက်လှမ်းမှု ခိုင်ခိုင်မာမာ ဖြစ်စေရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ တိုင်းပြည်ကို ဥပဒေနှင့် အညီ ဦးဆောင် မှု ပေးနေသည့် အစိုးရကိုလည်း ကူညီပံ့ပိုးရမည် ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် တိုင်းပြည် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ဖြင့် ပြည်သူ လိုလားသည့် ဆန္ဒအတိုင်း ဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ စည်းကမ်းနှင့် ဥပဒေ လေးစား လိုက်နာခြင်းသည် အဓိကကျမည်ဟု ယူဆကြောင်း၊ ဒီမိုကရေစီ စနစ်တွင် လက်နက်ကိုင် လမ်းစဉ်ကို မည်သူမှ လက်မခံသဖြင့် လက်နက်ကိုင်ပဋိပက္ခများ ပပျောက်အောင် လုပ်ဆောင်ရန်မှာ တပ်မတော်၏ တာဝန်ပင် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့နံနက် ၁၀ နာရီတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E.Mr. Pier Giorgio ALIBERTI အား လက်ခံတွေ့ဆုံစဉ် ဧည့်သည်တော် သံအမတ်ကြီးမှ ဒုတိယအကြိမ် အစိုးရ သက်တမ်းတွင် ဖြစ်ပေါ်လာမည့် နိုင်ငံရေး အခြေအနေ အပေါ် သဘောထား အမြင်နှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မြန်မာနိုင်ငံရေး နှင့်ပတ်သက်၍လည်း လွန်ခဲ့သည့် ၅ နှစ်အတွင်း အစိုးရအနေဖြင့် ဗဟိုဦးစီးစနစ်မှ ပါတီစုံ ဒီမိုကရေစီစနစ် သို့ ကူးပြောင်းသည့် ပြုပြင် ပြောင်းလဲမှု များစွာလုပ်ခဲ့ရာ အောင်မြင်မှုများ ရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိကြောင်း၊ မပြီးပြတ်သေးသည် များလည်း ရှိကြောင်း၊ တပ်မတော်၏ သဘောထားမှာ ပြည် သူက ရွေးချယ်သည့် ပါတီစုံ လမ်းကြောင်းအား ခိုင်ခိုင်မာမာနှင့် စနစ်တကျ ဖြစ်စေရန် လိုလားပါကြောင်း၊ ယင်းသို့ ဖြစ်စေရန်လည်း ထိန်းသိမ်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍လည်း တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ မချုပ်ငြိမ်း သေးသည့်နိုင်ငံ ဖြစ်၍ ယင်း ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိအောင် ကြိုးစားရမည် ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် အမှန်တကယ် တိုင်းပြည် တည်ငြိမ်အေးချမ်း လို၍ စိတ်ရှည်သီးခံ စွာဖြင့် ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစား ဆောင် ရွက် နေကြောင်း ပြောကြားသည်။

ဧည့်သည်တော် သံအမတ်ကြီးက မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲမှုများတွင် တပ်မတော်၏ အပြုသဘော ဆောင်သည့် လုပ်ဆောင်ချက် များကို အသိအမှတ်ပြု ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံမှာ ၁၉ ရာစုကတည်းက ဆက်ဆံခဲ့သည့် ရှည်လျားသည့် သမိုင်းကြောင်း ရှိကြောင်း၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များကို ထိန်းသိမ်း စောင့်ရှောက် ရာတွင်လည်း တူညီကြ ပါကြောင်း၊ မြန်မာနိုင်ငံအား ဦးစားပေး အဆင့် သတ်မှတ်၍ အီတလီနိုင်ငံ၏ အတွေ့အကြုံ များကို ဖလှယ်ပေးလို ပါကြောင်း ပြောကြားပြီး နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ယဉ်ကျေးမှုဆိုင်ရာ၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဆိုင်ရာများတွင် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်နိုင်မှု အခြေအနေများ၊ အခြေခံရှိပြီး ဖြစ်သည့် တပ်မတော်ပိုင်း ဆိုင်ရာ ဆက်ဆံရေး၊ သင်တန်းများ စေလွှတ်ရေး၊ ကာကွယ်ရေး ဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ခြင်းနှင့် နယ်ခြားစောင့်တပ် ဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး တို့ တက်ရောက်ခဲ့ ကြကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger