www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 1, 2016

ရေကိုချွေတာပါ



ရေကိုချွေတာပါ

( ထွန်းလှိုင် -မြိုင် )

ရေသည် သက်ရှိသတ္တဝါများ အတွက် အဓိက အရေးကြီးသော ဓာတ်ဖြစ်သည်။ ရေဓာတ် ချို့တဲ့မှုကြောင့် ထိခိုက်ခံစား လွယ်သည်။ ရေသည် ခန္ဓာကိုယ်တွင်းရှိ လိုအပ်သည့် ဆိုင်ရာ လုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်ရန် မရှိမဖြစ် လိုအပ်သည်။ ထို့ကြောင့် ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်ဟု အဆိုရှိခဲ့ သလို ဒါနနှင့် သီလမပါလျှင် သေခါမှသိမည်၊ ရေဘူးနှင့် ဖိနပ်မပါလျှင် နွေအခါမှ သိမည်ဟူသော စကားပုံ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ရေကို သက်ရှိသတ္တဝါ များသာ လိုအပ်သည် မက စိုက်ပျိုးရေးလုပ်ငန်း၊ စက်ရုံလုပ်ငန်း များ၌ အသုံးပြု ရာတွင်လည်း အများဆုံး အသုံးပြု ကြသည်။ သဘာဝ သစ်တောများ စိမ်းလန်းစိုပြည် ရေးအတွက် ရေလိုအပ်သည်။

ထို့ကြောင့် ရေသည် တစ်ကမ္ဘာလုံး အတွက် အလိုအပ်ဆုံး ဖြစ်သည်။ ကမ္ဘာတွင်ရှိ သမျှ ရေအားလုံး၏ ၉၇ ဒသမ ၅ ရာခိုင်နှုန်းသည် ပင်လယ်ရေ ဖြစ်သည်။ သမုဒ္ဒရာ၊ ပင်လယ်ရေ သည် ဆားငန်ရေ ဖြစ်၍ သုံးမရသည့်ရေ ဖြစ်နေသည်။ အသုံးမဝင်သည့် ရေကများပြီး အသုံးပြု သောက်သုံး နိုင် သည့် ရေမှာကျန်သည့် ၂ ဒသမ ၅ ရာခိုင်နှုန်း သာရှိသည်။

သန့်ရှင်း လတ်ဆတ်သော ရေသည် ရှားပါးသည်။ မြေလတ်ဒေသ၊ အညာဒေသ များတွင် စာရေးသူတို့ လုပ်ငန်းခွင် တာဝန် ထမ်းဆောင်စဉ် ''ရွှေကိုမလို၊ ရေကိုလိုသည်'' ဟု ဆိုင်းဘုတ်များ တွေ့ခဲ့ရသည်။ အဆိုပါ ရှားပါးသော ရေချိုတွင် သုံးပုံနှစ်ပုံသည် ရေခဲပြင် ဝင်ရိုးစွန်းဒေသများ ဖြစ်သည်။ မဝေးတော့သော ကာလတွင် ကမ္ဘာအနှံ့ ရေလျော့နည်း လာမည်ဟု ဆိုထားသည်။ ၂ဝ၃ဝ ပြည့်နှစ်တွင် ပြဿနာ မဖြေရှင်းနိုင်ပါက ကမ္ဘာ့လူဦးရေ ထက်ဝက် သောက်သုံးရေ အခက်ကြုံမည်။ ကမ္ဘာ့လူဦးရေ တိုးပွားနှုန်းကို ကြည့်လျှင် လူအများ အသုံးပြုရန် ရေလိုအပ်ချက်မှာ တစ်နှစ်လျှင် ၆၄ သန်း ကုဗမီတာ ပို၍ လိုမည်ဟု ပညာရှင်များ ခန့်မှန်းကြသည်။

ရာသီဥတုသည် စာရေးသူတို့ ငယ်ငယ်ကနှင့် မတူတော့ပါ။ တစ်နှစ်နှင့် တစ်နှစ် ရာသီဥတု ပြောင်းလဲလာပြီ ဖြစ်သည်။ ထိုရာသီဥတုသည် အကောင်းထက် အဆိုးဘက်ပို၍ များလာသည်။ မိုးလေဝသ ပညာရှင် အချို့ကလည်း ၂ဝ၁၆ ခုနှစ်တွင် တွေ့ကြုံခံစား ရမည့် ''အယ်လ်နီညို'' ရာသီဥတုနှင့် ပတ်သက်၍ ပြည်သူများ သိရှိအောင် ဖော်ပြပေးလျက် ရှိသည်။ အယ်လ်နီညို ရာသီဥတု ဆိုသည်မှာ ပင်လယ် သမုဒ္ဒရာ ရေစီးကြောင်းများ ပူနွေးလာမည်။

ပစိဖိတ်သမုဒ္ဒရာ ရေစီးကြောင်းများ ပူနွေးမှုကြောင့် အယ်လ်နီညို ဖြစ်လာမည်။ အယ်လ်နီညို ဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှု လျော့နည်းခြင်း၊ နွေရာသီတွင် အပူရှိန်မြင့်မား စေခြင်းစသည့် ရာသီဥတု အခြေအနေများ ဖြစ်ပေါ်လာပြီး ပူပြင်း ခြောက်သွေ့ခြင်း၊ ရေရှားပါးခြင်း၊ အပူကြောင့် ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေး ဆိုင်ရာ ပြဿနာများ ကြုံတွေ့ နိုင်သည်။ တစ်ခါ ''လာနီညို'' ဖြစ်လာသည့် မိုးများခြင်း၊ စိုစွတ်ခြင်း၊ အေးချမ်းမှု လွန်ကဲ၍ ဆန့်ကျင်ဘက်တွေ ဖြစ်လာကြသည်။ ရေပြတ်လပ်မှု၊ ကမ်းရိုးတန်းေ ဒသ ရေလျှံမှု၊ မိုးသက်မုန်တိုင်း ကျမှုတို့ကြောင့် လူနှင့် တိရစ္ဆာန်များ ဒုက္ခရောက် ကြရသည်။ ရာသီဥတု ပြောင်းလဲမှုကြောင့် အပင်နှင့် သတ္တဝါများ မျိုးသုဉ်းမှု ရှိလာကြမည် ဖြစ်သည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်မှုအရ ၂ဝ၁၆ ခုနှစ် မတ်လမှ ဇွန်လအတွင်း အပူချိန် မြင့်တက်ခြင်း၊ ပုံမှန်အောက် လျော့နည်းပြီး မိုးရွာခြင်း၊ မိုးဦးတွင် မုတ်သုံလေ အင်အား လျော့နည်းခြင်း ရှိမည်ဟု ဆိုသည်။ အဆိုပါ ရာသီဥတု ဖောက်ပြန်မှုကြောင့် သောက်သုံးရေ ရှားပါးခြင်း၊ စိုက်ပျိုးရေ လျော့နည်းခြင်း၊ ရေငွေ့ပျံမှု များပြားခြင်း၊ ဆည်မြောင်း၊ ကန်ချောင်း များ ရေခန်းခြောက်ခြင်း၊ ရေထုစိုထိုင်းစ လျော့နည်းခြင်း၊ နေ့အပူချိန် မြင့်တက်ခြင်း၊ တိမ်ဖြစ်ထွန်းမှု နည်းပါးခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ရေသယံဇာတ စီမံခန့်ခွဲမှု အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း သိရသည်။

မိုးလေဝသ ပညာရှင်များ၏ အဆိုအရ ပုံမှန်ထက် အပူ ၁ ဒီဂရီ စင်တီဂရိတ် တိုးလာလျှင် ရေပြတ်မည်။ ၂ ဒီဂရီ စင်တီဂရိတ် တိုးလာလျှင် မြစ်၊ ချောင်းများ ရေခန်းမည်။ ၃ ဒီဂရီ စင်တီဂရိတ် တိုးလာလျှင် မြေအော က်ရေ ဆုတ်ယုတ် လျော့နည်းမည် ဟု မှတ်သားဖူးသည်။ စိုက်ပျိုးရေး လုပ်ကိုင်သော တောင်သူများ အနေဖြင့် ဤအချက်ကို ကြိုတင်ပြင်ဆင် ထားရမည် ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလမှ ၂ဝ၁၆ ခုနှစ် မတ်လအထိ မြန်မာနိုင်ငံ အပါအဝင် အာရှဒေသ များတွင် ''အယ်လ်နီညို'' ဖြစ်စဉ်ဖြစ်ပွားရန် ရာခိုင်နှုန်း များသည်ဟု ပြောဆိုနေကြပြီ ဖြစ်သည်။

ရာသီဥတု ကောင်းမွန်လာစေရန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ပြုန်းတီးမှု ကာကွယ်ရန် အတွက် တောတောင် စိုပြည်ရေး သစ်ပင် စိုက်ပျိုးရန်နှင့် သစ်ပင်များကို ထင်းခုတ်၊ ဝါးခုတ် ပြုလုပ်ခြင်းများကို ထိန်းသိမ်း ဆောင်ရွက်ရန် သစ်တောရေးရာ ဦးစီးဌာန သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံချက်ကို ရေးဆွဲတင်ပြ ဆောင်ရွက်လျက် ရှိသည်။

ထို့ကြောင့် ရေကိုချွေတာ ကြပါ။ မိုးရွာမှ ရေရမည်ဖြစ်၍ မိုးရွာလျှင် ဆည်တမံများဖြင့် ရေကို ထိန်းထားကြ ရမည်ဖြစ်သည်။ မိုးရာသီတွင် လယ်ကန်သင်းများ ဆင့်၍ သီးနှံ စိုက်ပျိုးခြင်း၊ ရေရှားပါးသော ဒေသများတွင် ရေကန်များ ပြုပြင်ခြင်း၊ တစ်ဖက်ရပ် ဆည်များ ဆယ်ခြင်းကို လူထုအားဖြင့် ဆောင်ရွက်ကြ ရမည်ဖြစ်သည်။ ရာသီဥတု မှန်ကန်စေရန် သစ်တောများ ထိန်းသိမ်းကြ ရမည်။ သစ်ပင် ခုတ်ခြင်းကို လူထုအားဖြင့် တားမြစ်ကြ ရမည်ဖြစ်သည်။ ထို့ပြင် ရေကိုချွေတာ ခြင်းဖြင့် စိုက်ပျိုးရေး၊ အစားအစာ ဖူလုံရေး၊ စိုက်ပျိုးရေ ရရှိရေး၊ ရေပေးဝေရေး၊ သောက်သုံးရေ ဖူလုံရေး၊ လျှပ်စစ်မီး ရရှိရေး၊ ကျန်းမာရေး၊ ရေကြောင်း သွားလာရေး၊ ခရီးသွားလုပ်ငန်း ကဏ္ဍများတွင် သက်ရောက်မှု ရှိလာမည် ဖြစ်သည်။

အယ်လ်နီညိုကြောင့် နွေရာသီ ကာလတွင် မြန်မာနိုင်ငံ၌ ကြုံတွေ့ လာနိုင်သည့် အခြေအနေ များအတွက် ကြိုတင်ပြင်ဆင် နိုင်ရန် အကြံပြု ချက် များကိုလည်း နိုင်ငံပိုင် သတင်းစာတွင် ဇန်နဝါရီ ၂၇ ရက်က ကြော်ငြာ ထားသည်ကို တွေ့ရသည်။ ရေသည် ရာသီဥတု မှန်ကန်နေပါက ပုံမှန် ရေရရှိနေမည် ဖြစ်သည်။ သဘာဝ ရာသီဥတု ဖောက်ပြန်လျှင် ရေများရှားပါး လာမည်။ သဘာဝ ပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းကြပါ။

ရေကြောင့် ဒုက္ခရောက်ကြ ရသည်မှာ သက်ရှိ သတ္တဝါများနှင့် သစ်ပင်များ ဖြစ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ရေကို ချွေတာ သုံးစွဲကြရန် သင့်လေပြီ။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger