www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 18, 2016

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှ ဘွဲ့ရပြီးစ သင်္ဘောသား သင်တန်းဆင်းများ အလုပ်အကိုင်ရရှိရန် အခက်အခဲရှိနေ



ရန်ကုန် ၊ ၁၈-၂-၂၀၁၆

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှ ဘွဲ့ရပြီးစ သင်္ဘောသား သင်တန်းဆင်းများ အလုပ်အကိုင် ရရှိရန် ခက်ခဲလျက် ရှိကြောင်း သင်္ဘောသား အသိုင်းအဝိုင်း မှ သိရသည်။

အလုပ်အကိုင် အခွင့်အလမ်း ခိုင်မာသည့် သင်္ဘော ကုမ္ပဏီများတွင် အလုပ်အကိုင် ရနိုင်ရန် အနည်းဆုံး သင်္ဘော လိုက်သက် တစ်နှစ်ခွဲ၊ နှစ်နှစ်ရှိရန် လိုအပ်ပြီး အတွေ့အကြုံ မရှိသော လူသစ်တန်း သင်္ဘောသားများ အတွက် အခွင့်အလမ်း နည်းပါး နေသေးကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး အလုပ်သမားများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစံသိန်း က ပြောသည်။

''သင်္ဘောပေါ်မှာ လူနည်းနည်း နဲ့ အလုပ်လုပ် နိုင်ဖို့က လုပ်ငန်း သက်တမ်း အတွေ့အကြုံ ရှိတဲ့ သင်္ဘောသားကို ခေါ်မှာ ဖြစ်တဲ့အတွက် ကုမ္ပဏီတွေက အနည်းဆုံး လုပ်သက် နှစ်နှစ်ရှိတဲ့ သူကိုပို့ပေးဖို့ စည်းကမ်း သတ်မှတ်ထား ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။ ထို့ပြင် သင်္ဘောသား အလုပ်ရှာဖွေ နေသူ တစ်သောင်း ဝန်းကျင် ရှိနေပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသဖြင့် တချို့မှာ စိတ်ပါဝင်စားမှု နည်းပါး လာကြောင်း သိရသည်။

ပြည်တွင်း သင်္ဘောသား အလုပ်အကိုင် ရှာဖွေပေးရေး အေဂျင်စီ တစ်ခုမှလည်း ၄င်းတို့ ကုမ္ပဏီတွင် လူသစ်တန်း သင်္ဘောသား များမှာ အမေရိကန် ဒေါ်လာ ၃ဝဝ နှင့် ၄ဝဝ ဝန်းကျင်ရရှိကာ ပျမ်းမျှအားဖြင့် တစ်လလျှင် သင်္ဘောသား ငါးဦးခန့် အလုပ်ခေါ်လေ့ ရှိသော်လည်း လုပ်သက်ရှိ သင်္ဘောသားများ နှင့်ယှဉ်ပါက အလုပ်ရရှိမှု နည်းပါးကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ စာရင်းအရ သင်္ဘောသား တစ်သိန်း ဝန်းကျင် ရှိသော်လည်း အဆိုပါ စာရင်းတွင် အငြိမ်းစားများ၊ သင်္ဘောမလိုက် တော့သူ များလည်း ပါဝင်နေကြောင်း၊ လက်ရှိ သင်္ဘောတက် နေသည့် စာရင်းမှာ ငါးသောင်း ဝန်းကျင် ခန့်ရှိ၍ ထိုအထဲတွင် အရာထမ်း သင်္ဘောသားမှာ ထက်ဝက်ခန့် ပါဝင်နေကာ ကျန်ထက်ဝက်မှာ လူလတ်တန်း သင်္ဘောသား များနှင့် လူသစ်တန်း သင်္ဘော သားများ ဖြစ်ကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး အလုပ်သမားများ အဖွဲ့ချုပ်မှ သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger