www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 17, 2016

မြန်မာ့ပို့ကုန်သွင်းကုန် လုပ်ငန်းမှ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းသည် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လုပ်ငန်းထက် ၀င်ငွေပိုမိုရရှိ



ရန်ကုန် ၊ ၁၇-၂-၂၀၁၆

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်စမှ စတင်၍ ဇန်နဝါရီ ၃၁ ရက်အထိ ပို့ကုန်သွင်းကုန် စာရင်းများအရ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းမှာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လုပ်ငန်းထက် ဝင်ငွေပိုမို ရရှိခဲ့ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ၏စာရင်းများ အရ သိရသည်။

နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ တင်ပို့မှုသည် အမေရိကန် ဒေါ်လာ ၁၇၅ သန်း ပိုမိုရရှိသော်လည်း ပင်လယ်ရေကြောင်း မှ တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၁၂ဝ၇ သန်းကျော် လျော့နည်း ခဲ့သောကြောင့် သွင်းကုန်ပိုင်းတွင် ပင်လယ်ရေကြောင်း မှ တင်သွင်းမှု အမေရိကန် ဒေါ်လာ ၁၁၇ သန်းကျော် လျော့နည်းခဲ့ သော်လည်း နယ်စပ် ကုန်သွယ်မှုမှ ၂၇၉ သန်းကျော် ပိုမို ဆောင်ရွက်နိုင် ခဲ့သည့်အတွက် အမေရိကန် ဒေါ်လာ ၁၆၂ သန်းကျော် ပိုခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၃ ရက်မှ ၂၉ ရက်အထိ ရက်သတ္တပတ် အတွင်း သွင်းကုန် အသာစီးရရှိ မှုသည် အမေရိကန် ဒေါ်လာသန်း ၃ဝ ကျော် ဖြစ်ခဲ့ပြီး ထိုသို့ ဖြစ်ရခြင်းသည် လယ်ယာထွက်ကုန်နှင့် ချုပ်ထည်များ တင်ပို့မှုလျော့ ကျခဲ့ခြင်းကြောင့် ဖြစ်သည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်စမှ ဇန်နဝါရီ ၃၁ ရက်အထိ ပို့ကုန် တင်ပို့မှုသည် အမေရိကန် ဒေါ်လာ ၈၇၆၈ ဒသမ ၉၇၂ သန်း ရှိခဲ့ပြီး သွင်းကုန် တင်သွင်းနိုင် မှုသည် အမေရိကန် ဒေါ်လာ ၁၃၆၇ဝ ဒသမ ၄၃၆ သန်း ဖြစ်သောကြောင့် ကုန်သွယ်မှုလိုငွေ မှာလည်း အမေရိကန် ဒေါ်လာ ၄၉ဝ၁ ဒသမ ၄၆၄သန်း ရှိခဲ့ကြောင်း သိရသည်။ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက အုပ်စုအလိုက် လယ်ယာထွက်ကုန် တင်ပို့မှု တွင် လယ်ယာထွက်ကုန်၊ သတ္တုတွင်းထွက်၊ စက်မှုကုန်ချော နှင့် တခြားပို့ကုန် ပစ္စည်းများ တင်ပို့မှု လျော့ခဲ့သောကြောင့် ကာလတူထက် ပို့ကုန် အမေရိကန် ဒေါ်လာ ၁ဝ၃၂ သန်းခန့် လျော့နည်းခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ ဖြစ်သော သင်္ဘောနှင့် သင်္ဘော အပိုပစ္စည်းများ အမေရိကန် ဒေါ်လာသန်း ၁ဝဝဝ ကျော်၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေး ကိရိယာများ အမေရိကန် ဒေါ်လာသန်း ၃၇ဝ ကျော်၊ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေး ပစ္စည်းများ အမေရိကန် ဒေါ်လာ ၇၃ သန်းကျော်၊ လေယာဉ်နှင့် လေယာဉ် အပိုပစ္စည်း အမေရိကန် ဒေါ်လာ ၇၁ သန်းဝန်းကျင်၊ သတ္တုမှအပ တွင်းထွက် ဆောက်လုပ်ရေး ပစ္စည်းများ အမေရိကန် ဒေါ်လာ သန်း ၃ဝ ကျော် ကာလတူထက် ပိုမိုတင်သွင်း ခဲ့ကြောင်း သိရသည်။

ကံထူး

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger