www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 5, 2016

ပေးရန်ကျန်သူများ


ပေးရန်ကျန်သူများ

( မဒါလေး )

သင်တန်းချိန်အတွင်း ဖုန်းကို အသံတိုးထားသည့် စာရေးသူ။ သင်တန်းနားချိန်တွင် အကြိမ်ကြိမ် ခေါ်ထားသော အမည်မသိ ဖုန်းနံပါတ်တစ်ခုကို သတိထားမိ လိုက်သည်။ သည်လောက် အကြိမ်ကြိမ် ခေါ်ထားသည်မှာ အရေးကြီး၍ ဖြစ်မည်။ ထိုဖုန်းနံပါတ်ကို ပြန်ခေါ်သော်လည်း ဆက်သွယ်မှု ဧရိယာပြင်ပ ဟုသာ ဖြေနေသည်။ အကြိမ်ကြိမ် ခေါ်သော်လည်း မရသဖြင့် နောက်ထပ် စာရေးသူထံ ဆက်ထားသည့် ဖုန်းတစ်လုံးကို ထပ်ဆက် လိုက်သည်။ ဘဏ်တစ်ခုမှ ခေါ်ထားခြင်း ဖြစ်ပြီး စာရေးသူထံသို့ ငွေလွှဲရောက်သဖြင့် အကြောင်းကြား ခြင်းဖြစ်သည်။ ဘဏ်ပိတ်ချိန်လည်း နီးသဖြင့် ငွေလွှဲသူအမည် မေးပြီး နောက်ရက်မှ ထုတ်မည့် အကြောင်းပြောကာ ဖုန်းချလိုက်သည်။ ထိုခဏ စာရေးသူခေါင်းထဲ အတွေးများ ဖြာထွက်လာသည်။ ယခု ငွေလွှဲသည့်သူ အမည်ကို စာရေးသူ မသိပါ။ သို့သော် ဤအမည်ကို စိတ်ထဲတွင် ကြားဖူးသလိုလို၊ ရင်းနှီးသလိုလို ခံစားနေရသည်။ သို့သော် အဖြေရှာမရပါ။

နံနက်ကိုးနာရီ ဘဏ်စဖွင့်သော အချိန် စာရေးသူဘဏ်သို့ ထွက်လာခဲ့သည်။ ဘဏ်သို့ အစောဆုံး ငွေလာထုတ်သူသည် စာရေးသူ ဖြစ်မည်ဟု ထင်ခဲ့သော်လည်း စာရေးသူရှေ့တွင် စောင့်နေကြသူ လေး၊ ငါးဦးကိုမြင်တွေ့မှ မိမိတစ်ဦးတည်း မဟုတ်ပါလားဟု တွေးမိသည်။ စာရေးသူ အတွက်တော့ ငွေဘယ်က လွှဲသည်ထက် လွှဲသူထံ ဆက်သွယ်လို့ ရ၊ မရ သိချင်မိသည်က ပိုနေသည်။ စာရေးသူထံ ငွေလွှဲရမည့် အလုပ်မျိုးလည်း မလုပ်ခဲ့ဖူးပေ။ သို့သော် စာရေးသူ အမည် မှတ်ပုံတင်အမှတ် နှင့် အတိအကျ လွှဲလိုက်သည်ဖြစ်၍ မည်သို့မျှ ငြင်းမရသည့် အခြေအနေ ဖြစ်နေသည်။ ယခုတစ်လော မေ့တတ်သည့် အကျင့်တစ်ခု ရနေသဖြင့် ထိုဆိုးရွားသော မိမိအကျင့်ကိုပင် အပြစ်တင်မိ တော့သည်။ ခဏအကြာ စာရေးသူအမည်နှင့် ငွေလွှဲလက်ခံရရှိသည်။ နယ်မြို့လေး တစ်မြို့မှ လွှဲလိုက်ခြင်း ဖြစ်ပြီး ဖုန်းနံပါတ်မှာ မနေ့က အကြိမ်များစွာ ခေါ်ထားသော ဖုန်းနံပါတ် ဖြစ်နေသည်။ 

ငွေလွှဲလိုက်ခြင်း ကြောင့် ဖုန်းဆက်ခြင်း ဖြစ်မည်ဟု ဆက်စပ်တွေးမိ တော့သည်။ လွှဲသည့် ငွေပမာဏ ကလည်း ရှစ်သောင်း ဖြစ်သည်။ စဉ်းစားခြင်း များစွာဖြင့် ထိုငွေလွှဲ သူ၏ အမည်ကို ရေရွတ်ရင်း အိမ်သို့ပြန်ရောက် လာခဲ့သည်။

စာရေးသူ သင်တန်းခန်းထဲတွင် ငွေရှစ်သောင်း အတွက် အတွေးနယ်ချဲ့ နေမိတော့သည်။ ရုတ်တရက် အမည်နှင့် နေသည့်မြို့ကို ဆက်စပ်ကြည့်ရင်း အတွေးတို့သည် ဟိုး.. လွန်ခဲ့ပြီးသော ခြောက်နှစ်ကျော်ကို ပြန်လည်မြင်ယောင် မှန်းဆမိလာသည်။ ရိုးသားသော မျက်နှာအမူအရာနှင့် ကောင်လေးတစ်ဦး ဦးပဉ္စင်းတစ်ပါး နှင့်အတူ စာရေးသူ သင်တန်းရှိရာသို့ ရောက်လာသည်။ သူလိုချင်သည်က စာရေးသူဆီမှ ဆရာစားမချန်သော သင်ကြားမှုမျိုး ဖြစ်သည်။ စစချင်းထိုသို့ အဓိပ္ပာယ် သက်ရောက်သည့် စကားကို ကြားရသဖြင့် ရုတ်တရက် မျက်နှာတစ်ခုလုံး ထူပူသွားသည်။ ကြားမှ ဦးပဉ္စင်းမှ နေ၍ တောသားမို့ စကားကို ရိုးရိုးဖြောင့်ဖြောင့်ပဲ 

ပြောတတ်သဖြင့် ဆရာမက သည်းခံပေးရန် ပြောသည်။ ရပါတယ် ဘုရား ဟု စကားခံ ပြောလိုက်ရ သော်လည်း စိတ်ထဲတွင် ဘဝင်မကျ ဖြစ်မိသည်။ ရိုးသား အေးဆေးသော မျက်နှာထား နှင့်သာမဟုတ်လျှင် ဒေါသသံဖြင့် တစ်ခုခုတုံ့ပြန် မိမည် ထင်သည်။

ထိုကျောင်းသားလေးသည် နယ်တွင် ကွန်ပျူတာစာစီ နှင့် ဖိတ်စာ ယပ်တောင်ဆိုင် ပြန်ဖွင့်လိုသဖြင့် အခြေခံမှစကာ တတ်ကျွမ်းသည် အထိသင်ယူ လေ့လာမည် ဖြစ်သည်။ သို့အတွက် နယ်တွင် ဆရာတင် အားကိုးစရာ မရှိသဖြင့် အခက်အခဲ မရှိစေရန် ဆရာစားမချန် သင်ပေးပါဟု ပြောခြင်း ဖြစ်ကြောင်း ထပ် ရှင်းပြသည်။ သင်တန်းကြေး ကိုလည်း တစ်ဆင့်ခြင်း ပေးသွင်းမည်ဖြစ်ပြီး အဆင့်တစ်ဆင့်လျှင် တစ်ဝက်စီ ခွဲသွင်းခွင့်ပေးရန် ထပ်မံတောင်းဆို လာသည်။ အမှန် တတ်ချင်သော စိတ်ဆန္ဒနှင့် အဝေးမှ လာခဲ့ခြင်းဖြစ်သဖြင့် စာရေးသူ လက်ခံပေးခဲ့သည်။

တစ်ဆင့်ပြီးတစ်ဆင့် တတ်ခဲ့ပြီး တစ်နှစ်ကျော် ကြာသော အချိန်တွင် ဆိုင်ဖွင့်ရန်အတွက် အသင့် အနေအထားသို့ ရောက်ခဲ့လေပြီ။ ထို ကျောင်းသားလေး မှာလည်း နေရပ်သို့ ခေတ္တပြန်ကာ ဆိုင်ဖွင့်ရန် အတွက် ပြင်ဆင်မည် ပြီးမှ တစ်ခေါက်ပြန်လာမည် ဖြစ်ပြီး ထိုအချိန်မှ ကျန်သော သင်တန်းကြေး ရှစ်သောင်းကို ပေးမည်ဟု ကတိစကား ပြောကာ ပြန်သွားခဲ့သည်။ ခြောက်နှစ်ပင် ကျော်ခဲ့ပြီ ထိုအချိန်ထဲက ဖုန်းမလာ သတင်းမကြားနှင့် ပျောက်ချက်ကောင်း သွားခဲ့သည်။ အစောပိုင်းက အမှတ်ရ သော်လည်း ထိုအကြောင်းကို မကြာခဏ မစဉ်းစားသဖြင့် နောက်ပိုင်းတွင် မေ့လျော့သွား ရသည်။ စာရေးသူ အပေါ်တော့ တမင် မပေးလိုသော စိတ်ဖြင့် ထိုသို့လုပ်သည် ဟုလည်း မတွေးမိ။ တွေးမိသည်က စာရေးသူ သင်ပေးလိုက်သော အရာများမှာ သူလိုချင်သော အရာနှင့် ကျေနပ်စရာ မဖြစ်သည့်အတွက် မပေးခြင်း ဖြစ်မည်ဟုပင် တွေးကာ မေ့မေ့ပျောက်ပျောက် နေလိုက်သည်။ ယနေ့တော့ ထိုကျန်ငွေများ ပေးထားသော ကတိစကားအတိုင်း ရောက်လာခဲ့ လေပြီ။

ဖုန်းမြည်သံက အတွေးစတို့ကို ဖောက်လျက် ထွက်ပေါ်လာသဖြင့် ရင်ကိုလှုပ်ခါ သွားစေသည်။ ခေါ်လာသည့် နံပါတ်ကို ကြည့်လိုက်ရာ ထို ကျောင်းသားထံမှ ဖြစ်သည်။ စာရေးသူအပေါ် ကျန်နေသော သင်တန်းကြေး အကြွေးကို လွှဲပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ငွေပိုလွှဲချင် သော်လည်း စေတနာ စော်ကားသကဲ့သို့ ဖြစ်မည်စိုးသဖြင့် ကိုယ်တိုင်လာပြီး ကန်တော့မည် ဖြစ်ကြောင်း၊ ထိုငွေပေးရန် ကျန်နေသဖြင့် နေ့စဉ် ပူပန်နေမိသော်လည်း သူ့တို့မြို့၌ ငွေလွှဲရန်ဘဏ် မရှိသဖြင့် လွှဲဖို့ အခက်အခဲ ဖြစ်ခဲ့ကြောင်းနှင့် ဆိုင်အလုပ်များ မအားလပ်သဖြင့် မည်သို့မျှ လာမပေးနိုင်ခြင်း ဖြစ်ကြောင်း တရစပ်ပြောတော့သည်။ သူပြောသည် များကို နားထောင်ပြီးမှ စားရေးသူ သိချင်သည်ကို မေးရတော့သည်။ စာရေးသူ မှတ်ပုံတင် နံပါတ်ကိစ္စ ကို မေးရာ ဆရာမ စာသင်စဉ်က လျှောက်လွှာပုံစံ တွင် မှတ်ပုံတင် ဖြည့်သည်ကို သင်သည့်အချိန် ၊ ဆရာမ နံပါတ် နမူနာ ရေးပြစဉ် ကူးထားလိုက်ခြင်း ဖြစ်ကြောင်း ရှင်းပြသည်။ ထိုအခါ စာရေးသူစိတ်ထဲ မတင်မကျ ဖြစ်နေသည့် မှတ်ပုံတင်နံပါတ် ကိစ္စ ရှင်းသွားတော့သည်။

သူပြောသည့် စကားထဲတွင် သင်တန်းကြေး ပေးရန် ကျန်သဖြင့် နေ့စဉ်ပူပန် နေမိသည့် အဖြစ်ကို ပြန်စဉ်းစား မိလိုက်သည်။ သူကတော့ စာရေးသူအပေါ် သင်တန်းကြေး ပေးရန်ကျန်သဖြင့် ပူပန်နေရသည်။ စာရေးသူကလည်း ထိုကဲ့သို့ပေးရန် ကျန်သည့်အဖြစ် တစ်ခု ကြုံနေရသည်။ စာရေးသူ အဖြစ်ကတော့ ငွေကြေးမဟုတ်ဘဲ ပညာဖြစ်နေ သဖြင့် ဘဏ်ကလည်း လွှဲမရဖြစ်နေသည်။ ယနေ့အထိ မတင်မကျနှင့် ဘဝင်မကျ နိုင်အောင်ဖြစ် နေရသည်။ 

မကြာသေးမီက စာရေးသူထံ ကျောင်းသားတစ်ဦး သင်တန်းလာအပ်သည်။ လျှောက်လွှာဖြည့် သင်တန်းကြေး သွင်းပြီး နောက်ရက်မှ လာတက်မည်ဟု ပြောကာ ယနေ့အထိ ရောက်မလာခဲ့ပေ။ လျှောက်လွှာထဲတွင် ရေးထားသော ဖုန်းနံပါတ်ကို အကြိမ်ကြိမ် ဆက်သော်လည်း ဆက်သွယ်မရ ဖြစ်နေသဖြင့် နောက်ဆုံးတွင် သူပြန်လာ တက်ရန်သာ မျှော်လင့်နေရပြီး ကြာတော့လည်း လက်လျှော့လိုက် ရသည်။ 

ထိုငွေများကို သုံးရန် အကြောင်း ပေါ်လာသော်လည်း မသုံးဖြစ်ဘဲ ဒီအတိုင်း သိမ်းထားဖြစ်သည်။ သုံးရန် စဉ်းစားတိုင်းလည်း စာရေးသူတွင် သူတစ်ပါးထံမှ အလကား ယူထားသော အဖြစ်ကဲ့သို့ ခံစားရသဖြင့် မသုံးဘဲ ဤအတိုင်း ထားခဲ့ခြင်းဖြစ်သည်။ ပေးရန် အကြွေးကျန် နေသဖြင့် ထိုအကြွေးကို အမြန်ပင် ပေးချေလိုက်ချင် မိသည်။ ဤအဖြစ်ကို သေချာသုံးသပ် ကြည့်ပါက မည်သို့သော ပေးရန်ကျန်သူ ဖြစ်ပါစေ သူ့အပူနှင့်သူ ပူပန်ရပါလား ဟူသည့် အသိတစ်ခု ရုတ်ခြည်း ဆိုသကဲ့သို့ ခေါင်းထဲ ရောက်လာမိ ပါတော့သည်။

ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page