www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 26, 2016

သတိတစ်ချက် အလစ်တွင် . . .



သတိတစ်ချက် အလစ်တွင် . . .

( မဒါလေး )

ဆိုင်ကယ်ကို တွန်းရင်း ခြံထဲမှ ခပ်မြန်မြန် ထွက်မည် ပြင်လိုက်သော်လည်း နောက်ကျသွား လေပြီ။ အမေ၏ စိတ်မြန်နှုန်းသည် စာရေးသူ ဆိုင်ကယ်စီး သည်ထက် ပိုမြန်နေသည်။ ''အရင်လိုလို့ ခိုင်းပါတယ်။ ဒီနားလေးကို ဆိုင်ကယ်ဦးထုပ် ယူရတာနဲ့၊ အင်္ကျီရှည် ဝတ်ရတာနဲ့ ငါ့ဘာသာသွားရင် ပြန်ရောက်ပြီ''။ အမေ့အပြော မဆုံးခင်မှာပင် ဆိုင်ကယ်စက် နှိုးကာ အမြန်ထွက်ခဲ့ လိုက်သည်။ ယခင်က စာရေးသူ သည် ဆိုင်ကယ်စီး ကြမ်းပြီး မြန်လည်း မြန်သည်။ စာရေးသူ နောက်လူ လိုက်လျှင်လည်း မကြိုက် မိမိထင်ရာ ဝင်ချင်သည့် လမ်းကဝင်ပြီး ထွက်ချင်သည့် လမ်းကထွက်သည်။ မကြာခဏ ဆိုင်ကယ် တိုက်သည်၊ လဲသည်။ ဆိုင်ကယ် တစ်စီးလုံးလည်း ရစရာ မရှိအောင် ဖြစ်ခဲ့ဖူးသည်။ အမေကပင် သည်လောက် ဆိုင်ကယ်စီး ကြမ်းတာ တစ်နေ့ ဒုက္ခတွေ့မှ မှတ်မည်။ ဒုက္ခ မဖြစ်ခင်တော့ မိဘစကားကို နားဝင်မည် မဟုတ်ဟု မကြာခဏ ပြောတတ်သည်။ တစ်ခါတစ်ရံ ကရုဏာဒေါ သောဖြင့် တစ်ခုခုဖြစ်၍ ဆိုင်ကယ်ပျက်တာ ကိစ္စမဟုတ်ဘူး ခြေလက်ပြတ် မှဖြင့် လူဖြစ်ရှုံးပြီ ဟုလည်း ပြောတတ်သည်။ ထိုစဉ်က အမေ့စကားများ စာရေးသူ နားထဲမဝင် ခဲ့မှန်း ယခု စာရေးသူ ဝန်ခံသည်။

စာရေးသူတို့ မိသားစု လူစုံချိန်သည် ညရှစ်နာရီကျော် ကိုးနာရီ အဖေအလုပ်မှ ပြန်လာချိန် ဖြစ်သည်။ ဝန်ထမ်းဖြစ်ပြီး အလုပ်များသည့် ဌာနဖြစ်သဖြင့် အဖေအိမ်၌ နေရချိန်သည် အလွန်တိုတောင်း လွန်းလှသည်။ စာရေးသူတို့ မိသားစု၏ အလေ့အကျင့် ကောင်းတစ်ခု သည် လူစုံမှ ထမင်းစားခြင်းပင် ဖြစ်သည်။ အဖေမည်မျှ နောက်ကျ၊ နောက်ကျ အမေ အပါအဝင် စာရေးသူတို့ မောင်နှမတစ်တွေ အဖေ ပြန်အလာကို စောင့်ကြသည်။ တစ်ခါတစ်ရံ အလွန် နောက် ကျသော နေ့များတွင် အဖေက လူကြုံနှင့် သော်လည်းကောင်း၊ ဖုန်းနှင့် သော်လည်းကောင်း အကြောင်းကြား လျှင် ကလေးများကို အဆာပြေ တစ်ခုခု အမေကျွေးထား တတ်သည်။ အပြင် ညစာစားပွဲများ ဘယ်လောက် ကောင်းကောင်း အဖေကတော့ အိမ်ထမင်း ကိုပင် အမြဲဂရုတစိုက် စားတတ်သည်။ အမေ့လက်ရာ ဖွယ်ဖွယ်ရာရာကို စာရေးသူတို့ ဘယ်လိုဆိုင် ထမင်းဟင်းနှင့်မျှ မလဲနိုင်ခဲ့ပါ။ စာရေးသူ တက္ကသိုလ်ရောက် သည်အထိ ထမင်းချိုင့် ထည့်သည်။ ဒုတိယနှစ် ရောက်တော့ အမေက ကျောင်းသားပီပီ ထမင်းချိုင့် မထည့်ဘဲ သူငယ်ချင်း များနှင့် လွတ်လွတ် လပ်လပ် သွားရန် ထမင်းချိုင့်ထည့် မပေးတော့ပေ။ ကျောင်းတွင် မည့်သည့် အစားအစာ စားခဲ့စားခဲ့ အိမ်ပြန်ရောက် သည်နှင့် အမေ့လက်ရာ ထမင်းကို စားလိုက်ရမှ တစ်နေ့တာ အတွက် ထမင်းစားပြီး သည်ဟု ထင်မှတ်မိသည်။

အဖေ၏ စိတ်ကူးသည် အစိုးရအလုပ်မှ အငြိမ်းစား ယူပြီးလျှင် ခြံကျယ်ကျယ် ကြီးကြီး တစ်ခြံဝယ်မည်။ ထိုခြံထဲတွင် အိမ်ကြီးကြီး တစ်လုံးဆောက်ကာ သားများ၊ သမီးများ၊ မြေးများနှင့် မိသားစုအတူ နေမည်။ အိမ်နောက်တွင် အဖေ့အကြိုက် ဒန့်သလွန်ပင်၊ ပေါက်ပန်းဖြူပင်၊ သင်္ဘောပင်၊ ငရုတ်၊ ချဉ်ပေါင်၊ ကန်စွန်း၊ ဟင်းနုနယ်၊ ခရမ်းသီးပင်များ အပြည့်စိုက်မည်။ အိမ်ရှေ့တွင်တော့ အမေ ချစ်မြတ်နိုးသော စံပယ်ပင်နှင့် နှင်းဆီပင်များ ခြံအရှေ့တွင် ဝေနေအောင် စိုက်မည်။ ပြီးလျှင် စာရေး၊ စာဖတ်ခြင်းဖြင့် အဖေ၏ ဘဝအတွေ့အကြုံ များကို စာအုပ် ထုတ်မည်ဟု ပြောဖူးသည်။ အဖေ၏ ငယ်စဉ်အိပ်မက်မှာ စာရေးဆရာ ဖြစ်ချင်ခဲ့သည် ဟုလည်း မကြာမကြာ ပြောဖူးသည်။

ညစဉ် အဖေအိပ်ရာ မဝင်ခင် စာရေးသူတို့ မောင်နှမ နင်းနှိပ်ပေးရင်း အဖေ ပြောပြသော အဖေ့ဘဝ အတွေ့အကြုံများ၊ လုပ်ငန်းခွင် အခက်အခဲ နှင့် ဖြတ်ကျော် ရသော အတားအဆီးများ၊ အမေနှင့် တွေ့ကာ ပိုးပန်းခဲ့ပုံများကို မရိုးအောင် နားထောင်ခဲ့ရသည်။ အဖေ့ကို မောင်နှမတစ်တွေ တစ်ဦးနှင့် တစ်ဦး အလုအယက် နင်းနှိပ်ပေး ရသည်ကလည်း စာရေးသူတို့ မိသားစုအတွက် ပျော်စရာတစ်ခု ဖြစ်ခဲ့ရသည်။

အဖေနှင့်အမေ သည် သာမန်ဝန်ထမ်း ဘဝမှ ကြိုးစားလာရ သူများဖြစ်သဖြင့် စည်းစနစ် ကြီးသည်။ စေ့စပ် သေချာသည်။ သူတစ်ပါးအပေါ် တွင်လည်း အလွန်ကရုဏာ ထားတတ်သည်။ သို့အတွက် သားသမီးများ ကိုလည်း အထူးကြပ်မတ်ကာ စည်းစနစ်ကျကျ ပြုစု ပျိုးထောင်သည်။ အထူးသဖြင့် စာရေးသူတို့ မောင်နှမများ၏ ပညာရေး အတွက် အဖေ နှင့်အမေ နှစ်ဦးလုံး ခြိုးခြံချွေတာကာ အနစ်နာခံခဲ့ ကြသည်။ ဤသည်ပင် ပြော၍ မကုန်နိုင်သော အဖေနှင့်အမေ၏ မေတ္တာတရားပင် ဖြစ်သည်။ စာရေးသူ ဘွဲ့ရသောနှစ်တွင် တစ်မိသားစုလုံး၌ အဖေသည် အပျော်ဆုံး ဖြစ်နေသည်။ သားသမီးများ အားလုံးဘွဲ့ရလျှင် တာဝန်မှ အနားယူ တော့မည်။

အနားယူရန်လည်း သိပ်မလိုတော့ သဖြင့် ကျန်သားသမီး များကိုလည်း တစ်နှစ်တစ်တန်း မှန်မှန်အောင်ရန် အတွက် စာကိုအထူး ကြိုးစားကြရန် တိုက်တွန်းသည်။ မိသားစု ဆုံချိန်တွင် အနားယူလျှင် နေမည့် အိမ်ခြံအကြောင်း ဝိုင်းဖွဲ့ကာ တစ်ယောက်တစ်မျိုး စဉ်းစား ကြသည်။ မြို့နှင့် မလှမ်းမကမ်းတွင် ခြံကျယ်ကျယ်နှင့် အေးအေးဆေးဆေး နေလိုသော အဖေ၏ ဆန္ဒနှင့် သားသမီး များ၏ တိုးတက်ရေး အတွက် မြို့တွင်ပင် သင့်တင့်သော နေရာတစ်ခုတွင် အခြေချ လိုသော အမေ၏ ဆန္ဒကြားတွင် စာရေးသူ တို့မှာလည်း ဗျာများ နေတော့သည်။

တစ်ခုသော ညနေခင်းတွင် အဖေ၏ရုံးမှ တပည့်တစ်ဦး အိမ်သို့အပြေး ရောက်လာသည်။ အဖေ့ကို ဆေးရုံတွင် လိုက်တွေ့ရန် အမေ့ကို လာခေါ်ခြင်း ဖြစ်သည်။ အကျိုးရယ်၊ အကြောင်းရယ် တိတိကျကျ မသိရသေးသည်မို့ စိတ်မပူရန် အမေက မှာခဲ့သော်လည်း စာရေးသူတို့  စိတ်မပူဘဲ မနေနိုင်ပါ။ သည်လိုနှင့် နာရီများ တစ်ပတ်ပြီး တစ်ပတ် လည်သွားသည်။ ဘာသတင်းမျှ မကြားရပါ။ ည ဆယ့်နှစ်နာရီ ကျော်တွင် ရုံးမှ ကားတစ်စီးဖြင့် စာရေးသူတို့ မောင်နှမကို လာခေါ်သည်။ ထိုအချိန်ထိ စာရေးသူတို့ မမျှော်လင့် ထားသော အကြောင်းအရာ တစ်ခု စာရေးသူတို့ ဘဝအတွင်းသို့ အမှတ်တမဲ့ ဝင်ရောက် လာမည်ကို ကြိုမသိခဲ့ပေ။ ဆေးရုံကြီး အရေးပေါ်ခန်း ရှေ့တွင် အမေသည် ငုတ်တုတ်လေး ထိုင်နေသည်။ ထိုင်နေသော အမေ့ကို တွေ့ရသဖြင့် အားလုံး စိတ်သက်သာရာ ရသွားသည်။ စာရေးသူတို့ကို အဖေ့အား ၀င်တွေ့ရန် ပြောသဖြင့် ပေါ့ပေါ့ပါးပါးပင် ဝင်လာခဲ့သည်။ သို့သော် စာရေးသူ မျှော်လင့် မထားသော အဖေ၏ ရုပ်ခန္ဓာကို တွေ့လိုက်ရသော အခါ ရုတ်တရက် ကြက်သေသေသွားသည်။ အာခေါင်များ ခမ်းခြောက် လာသည်။ အဖေဟု နှုတ်မှ ခေါ်နေသော်လည်း အသံသည် ထွက်မလာ။ အဖေ့ကို ကြောင်ကြည့်ကာ ဝေခွဲမရ ဖြစ်နေသည်။ စာရေးသူ၏ နောက် မှ မောင်နှမများက အဖေဟု ခေါ်ကာ အော်ငို နေကြသည်။ အမေ၏ မင်းအဖေ မရှိတော့ဘူး၊ မင်းအဖေ အမေတို့ကို ထားခဲ့ပြီ ဆိုသည့် အသံများ နားထဲပြည့်လျှံ လာသည်။ ထိုအချိန်မှ စာရေးသူ သတိဝင်လာပြီး မျက်ရည်များ တစ်ပေါက်ပေါက် ကျကာ အဖေ့နားသို့ တိုးသွားလိုက်သည်။ စာရေးသူ၏ ရင်ခေါင်းထဲမှ အော်သံများ အဖေမကြားနိုင် တော့ပါ။

ထိုနေ့ ရုံးအဆင်းတွင် အိမ်သို့ပြန်ရန် ပြင်နေစဉ် အရေးကိစ္စ ပေါ်လာသဖြင့် ဆိုင်ကယ်ဦးထုပ် မဆောင်းဘဲ ရုံးထဲမှ အဖေထွက် အလာတွင် ရမ်းကားစွာ မောင်းနှင် လာသော ဆိုင်ကယ် တစ်စီးက အဖေ့ကို ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း နောက်မှ သိခဲ့ရသည်။ စည်းကမ်းကို တန်ဖိုးထားသော အဖေ သတိတစ်ချက် အလစ်တွင် အသက်ကိုပါ ပေးဆပ် လိုက်ရသည်။ ထို့အတွက် စာရေးသူ ယူကျုံးမရ ဖြစ်ခဲ့ရသည်။ ထိုအချိန် မှစ၍ ဆိုင်ကယ်စက်သံ ပြင်းပြင်းကြားလျှင် စာရေးသူ ကြောက်တတ် လာသည်။ ဆိုင်ကယ်ဦးထုပ် မပါဘဲ ဆိုင်ကယ်ပေါ် မထိုင်ရဲအောင် ဖြစ်ခဲ့ရသည်။ စာရေးသူ ဆိုင်ကယ်ဦးထုပ် ဆောင်းကာ ဆိုင်ကယ် ကြမ်းကြမ်း မစီးသည်က လွဲလျှင် အဖေ၏ ဆန္ဒများ ပြည့်ဝ မသွားခဲ့ပါ။

အဖေ ဖြစ်ချင်သော ခြံကျယ်ကျယ် နှင့် အိမ်ကြီးကြီး လည်း စာရေးသူတို့ မပိုင်နိုင်ခဲ့ပါ။ မောင်နှမ များလည်း ကိုယ်စီ အလုပ်ဝင်သူ ကဝင်၊ အိမ်ထောင်ကျ သူကကျနှင့် တစ်ယောက် တစ်နေရာစီ ဖြစ်နေသည်။ အမေ၏ မြို့ပေါ်မှ ခြံကျဉ်းလေးတွင် ထမင်း စောင့်စားသူလည်း မရှိ။ ညနေခင်း ဝိုင်းဖွဲ့ စကားပြော သူလည်းမရှိ။ အရာ အားလုံးသည် တိတ်ဆိတ်၍ နေတော့သည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page