www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 4, 2015

သောက်သုံးရေ ပိုမိုရရှိစေမည့် လဂွန်းပြင်ရေပေးဝေရေး စီမံကိန်း ၉၃ ရာခိုင်နှုန်းပြီးစီး



ရန်ကုန် ၊ ၄-၁၂-၂၀၁၅

ရန်ကုန်မြို့နေ ပြည်သူများ သောက်သုံးရေ ပိုမိုရရှိစေရန် ရည်ရွယ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူ တည်ဆောက်လျက် ရှိသည့် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းသည် ယခုအခါ ၉၃ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ရာ ၂ဝ၁၆ ခုနှစ် နှစ်ဦးပိုင်းတွင် ရာနှုန်းပြည့် ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေပေးဝေရေး စီမံကိန်းအား ၂ဝ၁၃ ခုနှစ် မေ ၄ ရက်တွင် စတင်ဆောင်ရွက် ခဲ့ပြီး စီမံကိန်းကာလမှာ သုံးနှစ်ဖြစ်သည်။ ၄င်း စီမံကိန်း ပြီးစီးသွားပါက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်သို့ ရေဂါလန် ခြောက်သန်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်သို့ ရေဂါလန် ခုနစ်သန်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်သို့ ရေဂါလန် ခုနစ်သန်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ယုဇနဥယျာဉ် မြို့တော် နှင့် စက်မှုဇုန် များသို့ ရေဂါလန် ခြောက်သန်း၊ သာကေတ မြို့နယ်သို့ ရေဂါလန် သုံးသန်း၊ ဒေါပုံမြို့နယ်သို့ ရေဂါလန် တစ်သန်း၊ သီလဝါ စက်မှုဇုန် (အထူး စီးပွားရေးဇုန်) သို့ ရေဂါလန် ၁ဝ သန်း စုစုပေါင်း ရေဂါလန် သန်း ၄ဝ အား နေ့စဉ်ဖြန့်ဝေ ပေးသွားမည် ဖြစ်သည်။

ရေဖြန့်ဝေခြင်း လုပ်ငန်းအား ဂျပန်နိုင်ငံ အစိုးရ၏ ချေးငွေဖြင့် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပြီး ဒဂုံမြို့သစ် လေးမြို့နယ်သို့ နိုင်ငံတကာ အဆင့်မီ စနစ်တကျ ရေဖြန့်ဖြူး နိုင်ရန် ရေစုကန် ( Service Rescrvoir) နှစ်ကန် နှင့် ရေတွန်းစက်များ တည်ဆောက်ခြင်း၊ ရေပို့ပိုက်လိုင်း များနှင့် အိမ်သွယ် ရေပိုက်လိုင်းများ အသစ်သွယ်တန်းခြင်း၊ ရေမီတာများ တပ်ဆင်ထားသည့် ရေပေးဝေရေး ကန့်သတ် ဧရိယာ Diatrict Metered Area (DMA) စနစ်များ တည်ဆောက်ခြင်း၊ သတင်းအချက် အလက် ရယူထိန်းချုပ် ကြပ်မတ်စေသည့် နည်းစနစ် Supervisory Control and Data Acquisition System (SCADA) များ တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက် သွားမည် ဖြစ်သည်။

''လဂွန်းပြင် ရေပေးဝေရေး စီမံကိန်း က ရန်ကုန်တိုင်း ဒေသကြီးနဲ့ ပဲခူးတိုင်း ဒေသကြီး အကြားလောက်မှာ တည်ရှိတဲ့ လဂွန်းပြင် ဆည်က ရေအရင်းအမြစ် ကိုယူပြီး အိုးပင်းချန်နယ်နဲ့ လာတာပါ။ အဲဒီကနေ ငမိုးရိပ်ဆည်ထဲ ကို လာပေါင်းတယ်။ ငမိုးရိပ်ဆည် က မြို့ပတ်လမ်းအတိုင်း စိတ်ကျန်းမာရေး ဆေးရုံရှေ့ လောက်မှာ ဆည်မြောင်း ဦးစီးဌာန ကနေ ရေငန်ကို တားပြီး ရေချိုကို ထိန်းဖို့ တည်ဆောက် ထားတဲ့ စစ်ပင်တောင် ရေထိန်းတံခါး ကို လာပေါင်းတာပါ။ ရန်ကုန်မြို့မှာ နေထိုင်တဲ့ လူဦးရေ တိုးတက်မှုအရ ရေလုံလောက်စွာ ဖြန့်ဝေနိုင်ဖို့ ရေအရင်းအမြစ် တွေ ထပ်မံ ရှာဖွေရပါတယ်။ လူဦးရေ ဘယ်လောက် တိုးလာတယ်။ ၂ဝ၄ဝ ပြည့်နှစ်အထိ ဘယ်လို ဖြန့်ဝေပေးမယ် ဆိုတာကို တွက်ချက်ပြီး ကုက္ကိုဝမြစ်၊ တိုးမြစ်၊ ပန်းလှိုင်မြစ် အဲဒီမြစ် တွေကနေ ရေအရင်းအမြစ် ကို ယူမယ်။ ပြီးရင် သန့်စင်တဲ့ရေ အဖြစ် ဖြန့်ဝေပေးဖို့ စီမံမှု တွေရှိပါတယ်။ အဲဒီလုပ်ငန်းကို JICA နဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာပါ'' ဟု ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ဒုတိယဌာနမှူး ဦးမြင့်ဇော်သန်း က ပြောသည်။

တစ်နေ့ ရေဂါလန် သန်း ၄ဝ ဖြန့်ဝေပေးမည့် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းသည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ်(၂) လမ်းနှင့် မြို့ပတ်လမ်းဆုံ တွင်တည်ရှိပြီး လဂွန်းပြင် ဆည်မှ ရေသွယ်ယူမှု၊ ရေတံခါး၊ အကြို အနည်ထိုင်ကန်၊ အနည်ထိုင်ကန်၊ ရေသန့်စင် စက်ရုံနှင့် ရေသန့်စင် ကန်များ၊ ရေတွန်းစက်ရုံ၊ သဲရေစစ်ကန်၊ ရေပိုက် သွယ်ခြင်း၊ ရေယူ အဆောက်အအုံ နှင့် လျှပ်စစ် သွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက် ပြီးစီးနေပြီး စံချိန်စံညွှန်း ပြည့်မီစွာဖြင့် သတ်မှတ်ကာလ အတွင်း ပြီးစီးရန် တာဝန်ရှိ သူတို့က ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger