www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 20, 2015

သတ်မှတ်နေရာ မဟုတ်ဘဲ အတွင်းပိုင်းနယ်မြေတွင် လာရောက်ခြေကုတ်ယူ တပ်စွဲထားသည့် KIA တပ်စခန်းအား တပ်မတော်မှ တိုက်ခိုက်သိမ်းပိုက်






နေပြည်တော်၊ ၂၀-၁၁-၂၀၁၅

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အရှေ့တောင်ဘက် ၃ မိုင်ခန့် အကွာတွင် ခြေကုတ်ယူ တပ်စွဲထားသည့် KIA လက်နက်ကိုင် တပ်မဟာ(၈) ဟုဆိုသည့် တပ်စခန်းကို  တပ်မတော်မှ နိုဝင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခွဲ ခန့်တွင် တိုက်ခိုက် သိမ်းပိုက် ရရှိသည်။

KIA လက်နက်ကိုင် (ကချင်)အဖွဲ့သည် ၎င်းတို့အတွက် သတ်မှတ် ပေးထားသော  နယ်မြေတွင် နေထိုင် လှုပ်ရှားမှု မရှိဘဲ NCA လက်မှတ် ရေးထိုးသည့် ကာလတွင် အခွင့်ကောင်း ယူ၍ အင်အားကို တိုးချဲ့ပြီး သတ်မှတ်နေရာ မဟုတ်သော အတွင်းပိုင်းရှိ မိုးညှင်းမြို့အနီး ၃ မိုင်ခန့် အကွာရှိ တောင်ကုန်းတွင် ခြေကုတ်စခန်း တည်ဆောက်၍ လှုပ်ရှားမှုများ ပြုလုပ် လာခဲ့သည်။ ၄င်းတို့၏ တပ်စခန်းများကို  မြို့နှင့် နီးကပ်စွာ ခြေကုတ်ယူ တည် ဆောက် ထားသည့်အပြင် မိုးညှင်း၊ ဖားကန့် စသည့် မြို့များအနီး တစ်ဝိုက်တွင် နင်းမိုင်း၊ တိုက်မိုင်းများ ထောင်၍ ဒေသခံ ပြည်သူများ၊ တပ်မတော် စစ်ကြောင်းများ၏ သွားလာမှုကို ကန့်သတ်ချက်များ ဖြစ်ပေါ် လာအောင် ဆောင်ရွက် လာခဲ့သည်။ သို့ဖြစ်၍ ဒေသခံ ပြည်သူများ မိုင်းနင်း၍ သေဆုံး ထိခိုက်ဒဏ်ရာ ရမှုများ ရှိလာသည့် အပြင် ၎င်းတို့ တပ်စခန်းအနီး ပတ်ဝန်းကျင်ရှိ မြို့/ရွာ များတွင် အဓမ္မ လူသစ် စုဆောင်းခြင်း၊  ဆက်ကြေး ကောက်ခံခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်မှု များကြောင့် ဒေသခံ ပြည်သူလူထုမှာ စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်လျက် ရှိသည်။

ထို့ကြောင့် တပ်မတော်မှ နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ မိုးညှင်းမြို့ အနီးတွင် အင်အားစုဖွဲ့ပြီး ခြေကုတ်စခန်း တည်ဆောက်၍ နှောင့်ယှက်မှုများ ပြုလုပ်နေ သည့် KIA လက်နက်ကိုင် တပ်မဟာ(၈) ဆိုသည့် တပ်စခန်း တောင်ကုန်းကို နိုဝင်ဘာ ၁၅ ရက်မှစ၍ တိုက်ခိုက် ရှင်းလင်းခဲ့သည်။ KIA လက်နက်ကိုင် (ကချင်)အဖွဲ့မှ ယင်းတောင်ကျော တစ်လျှောက် အဆင့်ဆင့် ခြေကုတ်ယူ ခုခံတိုက်ခိုက် ခဲ့သည့်အပြင် ယင်းစခန်းကို ထပ်မံ အင်အား ဖြည့်တင်းမှုများ ဆောင်ရွက် လာသောကြောင့် လက်နက်ကြီးပစ်ကူ၊ လေကြောင်း ပစ်ကူများ ရယူ၍ ဟန်ချက်ညီ ဝိုင်းပတ် တိုက်ခိုက်ချေမှုန်း ခဲ့ရာ နိုဝင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခွဲခန့် တွင် ၎င်း တောင်ကုန်းကို သိမ်းပိုက် ရရှိခဲ့သည်။

ယင်းတောင်ကုန်းတွင် သံပြား ဆိုင်းဘုတ်ပေါ်၌ ကချင်စာဖြင့် အမှတ်(၈) တပ်မဟာ ဟု ရေးသားထားပြီး စခန်းပေါ်တွင် လေယာဉ်ပစ်ကျင်း အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ကျင်းများ၊ ဗုံးခိုကျင်းများ၊ ပစ်ကျင်းများ၊ ဆက်သွယ်ရေး မြောင်းများ ၊ သစ်လုံး ဘန်ကာများ ဆောက်လုပ် ထားကြောင်း တွေ့ရှိရသည်။ ထို့ပြင် စခန်းတွင် စုစုပေါင်းလူ ၁၅ဝ ခန့် အခြေပြု နိုင်သည့် လူနေ အိပ်ဆောင်တဲ ရွယ်မျိုးစုံ ၃၃ လုံး၊ ပေ ၄ဝ x ပေ ၆ဝ ခန့်ရှိ သွပ်မိုးပျဉ်ကာ ဘုရား ရှိခိုးကျောင်း ၁ လုံး၊ ပေ ၃ဝ x ပေ ၅ဝ ခန့်ရှိ သွပ်မိုးပျဉ်ကာ ရုံးခန်း ၁ လုံး၊ ပေ ၄ဝ x ပေ ၆ဝ ခန့်ရှိ စားချက်ဆောင် ၁ လုံး၊ ပေ ၃ဝ x ပေ ၅ဝ ခန့်ရှိ လူနာဆောင် ၁ လုံး၊ ပေ ၂ဝ x ပေ ၃ဝ ခန့်ရှိ ဆေးပေးခန်း ၁ လုံး၊ ပေ ၂ဝ x ပေ ၃ဝ ခန့်ရှိ အချုပ်ခန်း ၁ လုံး၊ ပေ ၃ဝ x ပေ ၂ဝ ခန့်ရှိ မီးဖိုဆောင် ၆ လုံး၊ လူ ၈ဝ ဦးဆံ့ထမင်းစားဆောင် ၁ လုံး၊ ပေ ၄ဝ x ပေ ၈ဝ ခန့်ရှိ ရိက္ခာဂိုဒေါင် ၁ လုံး၊ ၁ဝ ပေ x ၁၅ ပေနှင့် အမြင့် ၈ ပေခန့်ရှိ သစ်သား ရေလှောင်ကန် ၁ ကန်၊ ပေ ၂ဝ x ပေ ၄ဝ ခန့်ရှိ စာသင်ဆောင် ၁ လုံးနှင့် တန်းစီကွင်း ၂ ခုတို့ကို တည်ဆောက် ထားသည်။

ယင်းစခန်းမှ ဒေသန္တရလုပ် မိုင်းမျိုးစုံ ၉၂ လုံး၊ ရှေ့ထွက်မိုင်း ၃ လုံး၊ တူမီးသေနတ် ၂ လက်နှင့် မိုင်းပြုလုပ်ရာတွင် အသုံးပြုသော သံ ချောင်းများ၊ အုပ်ချုပ်မှု ကိစ္စများတွင် အသုံးပြုသည့် ဆိုင်ကယ် ၄ စီး၊ မီးစက် ၁ လုံး၊ ဒိုင်နမို ၁ လုံး၊ ရေမော်တာ ၃ လုံး၊ ချိန်းဆော ၁ လက်၊ ဒီဇယ် ၁ ပေပါ၊ ဓာတ်ဆီ ၁ ပေပါနှင့် စာရွက်စာတမ်း များကို သိမ်းဆည်းရမိ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger