www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 20, 2015

နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားနေသော သေမင်းတမန် မီးရထားလမ်းပြတိုက် မကြာမီ ဖွင့်လှစ်နိုင်တော့မည်



ရန်ကုန် ၊ ၂၀-၁၁-၂၀၁၅

ပြည်တွင်းပြည်ပ ခရီးသွား ပြည်သူများ စိတ်ဝင်တစား လာရောက် ကြည့်ရှုလေ့လာ နိုင်စေရန် မွန်ပြည်နယ် ၊ သံဖြူဇရပ် မြို့တွင် တည်ဆောက်နေသော သေမင်းတမန် မီးရထားလမ်းပိုင်း ပြတိုက် တည်ဆောက်ရေး စီမံကိန်း သည် ယခုနှစ်ကုန်ပိုင်းတွင် အချောသပ် လုပ်ငန်းများ အပြီး ဆောင်ရွက်၍ ဖွင့်လှစ်နိုင်တော့မည် ဖြစ်ကြောင်း ပြတိုက် တည်ဆောက်ရေး စီမံကိန်းရုံး မှ သိရသည်။

ပြတိုက်သည် ရန်ကုန်- မြိတ် ကားလမ်းမကြီး နှင့် ရန်ကုန်- ရေး မီးရထားလမ်းဆုံရာ သံဖြူဇရပ်မြို့နယ် ဝဲကဝါကျေးရွာ တွင် တည်ရှိသည်။ မွန်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မြေ ၄ ဧကကျော် အကျယ်တွင် တလမွန် ဆောက်လုပ်ရေး ကုမ္ပဏီက ၂ဝ၁၄ ခုနှစ် ဧပြီလတွင် လုပ်ငန်းများ စတင်ခဲ့ကြောင်း သိရသည်။

ယခုအခါတွင် သေမင်းတမန် မီးရထားလမ်း ပြတိုက် နှစ်ထပ် အဆောက်အအုံမှာ ပြီးစီးနေပြီး အတွင်းပိုင်းတွင် ပြသမည့် သမိုင်းဝင် ဂျပန်စစ်သားရုပ် များနှင့် စစ်သုံ့ပန်း ချွေးတပ်သား များ၏ ရင်နင့်ဖွယ်ရာ ရုပ်တုများကို ထုလုပ် ပြင်ဆင်ခြင်း ၊ ဗိသုကာ လုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်လျက် ရှိသည်။

ထိုသို့စီမံကိန်း လုပ်ငန်းများ ဆောင်ရွက် နေစဉ်ကာလ အတွင်း နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် သေမင်းတမန် မီးရထား လမ်းပိုင်းတွင် ပထမဆုံး ပြေးဆွဲခဲ့သော ကျောက်မီးသွေး စွမ်းအင်သုံး C-0522 မီးရထား စက်ခေါင်း အမည်းကြီးသို့ လည်းကောင်း၊ မြန်မာ- ယိုးဒယား သေမင်းတမန် မီးရထားလမ်းပိုင်း စတင်ရာ အထိမ်းအမှတ် နေရာသို့ လည်းကောင်း၊ ဆောက်လုပ်ဆဲ မီးရထား လမ်းပြတိုက် သို့လည်းကောင်း လှည့်လည်ကြည့်ရှု လေ့လာကြသည်။

ထို့ပြင် မီးရထားပြတိုက်နှင့် သမိုင်းရာဇဝင် ဆက်စပ်နေသော သံဖြူဇရပ် မြို့ပေါ်ရှိ ဓနသဟာယ စစ်သင်္ချိုင်း သို့လည်း လှည့်လည် လေ့လာကြကြောင်း သိရသည်။

အဆိုပါ မီးရထားလမ်းပြတိုက် စီမံကိန်း ပြီးစီးပါက လေ့လာသူများ အနေဖြင့် သမိုင်းရာဇဝင် တွင်ခဲ့သော မီးရထားလမ်းနှင့် ပတ်သက်သည့် မှတ်တမ်း ဓာတ်ပုံများ၊ စစ်သုံ့ပန်းတို့၏ ပုံရိပ်များအား ပန်းချီပန်းပုနှင့် 3D ဒီဇိုင်းပုံစံများ ကြည့်ရှုခွင့် ရမည်ဖြစ်သည်။ ထို့ပြင် အမှတ်တရ လက်ဆောင်ပစ္စည်း အရောင်းဆိုင်များ၊ ရေကူးကန်များ၊ ဟိုတယ်များနှင့် အပန်းဖြေ ကစားကွင်းများ ပါဝင်မည်ဖြစ်ရာ လေ့လာ အပန်းဖြေ နိုင်မည် ဖြစ်ကြောင်း သိရသည်။ 

(မောင်မျိုး-ဧရာဝတီ)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger