www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 6, 2015

အသည်းရောဂါကာကွယ်ပါ


အသည်းရောဂါကာကွယ်ပါ

အသည်းရောင် အသားဝါ ဘီပိုးသည် အသည်းများကို ဖျက်ဆီး၍ နာတာရှည် အသည်းရောင် ရောဂါကို ဆက်လက် ဖြစ်ပေါ်စေပြီး သူတစ်ပါး ကိုလည်း ကူးစက်နိုင် စေသည့် ဗိုင်းရပ်စ်တစ်မျိုး ဖြစ်သည်။ အသည်းရောင် အသားဝါ ဘီပိုး ကူးစက်မှု အများဆုံး နိုင်ငံများထဲတွင် မြန်မာနိုင်ငံ လည်း ပါဝင်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ လူဦးရေ၏ ၁ဝ ရာခိုင်နှုန်း ကျော်သည် အသည်းရောဂါ ဘီပိုး ကူးစက်ခံ နေကြ ရသည်။ ထို့ပြင် အသည်းခြောက် အသည်း ကင်ဆာ ရောဂါများ၏ ၆၄ ရာခိုင်နှုန်းမှာ နာတာရှည် အသည်းရောင် ဘီပိုးကြောင့် ဖြစ်ကြောင်း တွေ့ရှိရသည်။

ရောဂါ လက္ခဏာနှင့် ပတ်သက်၍ တစ်ဦးနှင့် တစ်ဦး ရောဂါ လက္ခဏာ ပေါ်ပေါက်ပုံချင်း မတူဘဲ အချို့တွင် ရောဂါပိုး ကူးစက်ခံရပြီး ငါးရက်ခန့် အတွင်း ရောဂါဝေဒနာ ဆိုးရွားစွာ ခံစား နေရတတ်သည်။ အချို့တွင် ရောဂါကူးစက် ခံရပြီး နှစ် ၂ဝ ကြာသည်ထိ ရောဂါ လက္ခဏာ မပြဘဲ လူကောင်းအတိုင်း ရှိနေတတ်သည်။

အပူချိန် အနည်းအများ ပေါ်မူတည်၍ မကြာခဏ ဖျားခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ ကိုယ်လက် မအီမသာ ဖြစ်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ မကြာခဏ ဗိုက်အောင့်ခြင်း၊ မျက်သားဝါခြင်း၊ ဆီးဝါခြင်းတို့ ဖြစ်စေ တတ်သည်။ ထို လက္ခဏာများ ဖြစ်ပေါ်နေလျှင် အသားဝါ စွဲကပ် နေပြီဟု ယူဆရမည် ဖြစ်သည်။

အသည်းရောင် အသားဝါ စီပိုးနှင့် ပတ်သက်၍ တင်ပြရလျှင် အသည်းရောင် အသားဝါ စီပိုး သည် အသည်းဆဲလ် များကို ဖျက်ဆီး၍ အသည်းခြောက် အသည်းကင်ဆာ ရောဂါများကို ဆက်လက် ဖြစ်ပေါ်စေပြီး သူတစ်ပါး ကိုလည်း ကူးစက် စေနိုင်သည်။ ကမ္ဘာ့ လူဦးရေ သုံးရာခိုင်နှုန်း မှာ အသည်းရောင် အသားဝါ စီပိုး ကူးစက်ခံ နေရပြီး အရေအတွက် အားဖြင့်လည်း သန်း ၁၇ဝ ခန့်ရှိသည်။ အရှေ့တောင် အာရှဒေသ သည် အသည်းရောင် အသားဝါ စီပိုး အဖြစ် အများဆုံး ဒေသများတွင် ပါဝင်နေပြီး လူဦးရေ ၃၅ သန်းခန့် ရောဂါပိုးကူးစက် ခံနေရသည်။

အသည်းရောင် အသားဝါ စီပိုးကို ရောဂါပိုး ရှိသော သူ၏ သွေးသွင်းမိခြင်း၊ ရောဂါပိုး ရှိသူနှင့် အကာကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ရောဂါရှိသူနှင့် သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓား အတူ သုံးစွဲခြင်း၊ ရောဂါပိုးရှိသူ မိခင်မှ ကလေးသို့ ကူးစက်ခြင်း မျိုးဖြင့် ရောဂါဖြစ်ပွား စေသည်။

အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး မဖြစ်ပွားစေရန် အတွက် အရက်နှင့် ဘီယာများ ရှောင်ရသည်။ အချဉ်ဓာတ်များစွာ ပါရှိသော အစားအသောက်များ ရှောင်ကြရမည်။ သံဓာတ်နှင့် သံဓာတ်ပါသော အားဆေးများ၊ ဆရာဝန် ညွှန်ကြား မထားသည့် ဆေးဝါးများ ရှောင်ကြဉ်ရမည်။ အသည်းအမြစ် ကလီစာများ စားသုံးခြင်းမှ ရှောင်ကြဉ်ရမည် ဖြစ်သည်။ ထို့ပြင် ရေများများ သောက်ခြင်း၊ အိပ်ရေးဝဝ အိပ်ခြင်း၊ ကောင်းစွာ အနားယူခြင်း၊ တစ်ကြိမ်တည်း များစွာ စားသုံးခြင်းထက် ခဏခဏ စားသုံးခြင်း၊ လမ်းလျှောက်ခြင်းများ လုပ်ဆောင်ရမည် ဖြစ်သည်။

သို့ဖြစ်ရာ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးရောဂါ မဖြစ်ပွားစေရန် ရောဂါလက္ခဏာ ဖြစ်ပေါ်မှု ရှိ ၊ မရှိ ကို အမြဲစစ်ဆေးပြီး ရှောင်ရန်၊ ဆောင်ရန်များကို လိုက်နာ ကျင့်သုံး၍ လုပ်ဆောင်ရမည့် အချက်များကို အမြဲမပျက် လိုက်နာ လုပ်ဆောင်ခြင်းဖြင့် ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

(အယ်ဒီတာ့အာဘော်)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger