www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 20, 2015

မြန်မာနိုင်ငံအတွင်း အခြေခံ စားသောက်ကုန်များ အပေါ် ကောက်ခံသော အခွန်ကို သုည ရာခိုင်နှုန်းနီးပါး လျှော့ချသွားမည်


ရန်ကုန် ၊ ၂ဝ-၁ဝ-၂ဝ၁၅

မြန်မာနိုင်ငံအတွင်း အခြေခံ စားသောက်ကုန်များ အပေါ် ကောက်ခံသော အခွန် ရာခိုင်နှုန်းအား သုည ရာခိုင်နှုန်း နီးပါးလျှော့ချ ပေးသွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ အခွန်စည်းကြပ် ကောက်ခံရာတွင် ရသင့် ရထိုက်သော အခွန် ရရှိခြင်းရှိ၊ မရှိ စိစစ်ရန်၊ နိုင်ငံအတွင်း ဆောင်ရွက်နေသည့် ဝန်ဆောင်မှု၊ ကုန်သွယ်မှုနှင့် ထုတ်လုပ်မှု လုပ်ငန်းများမှ အခွန် ကောက်ခံရရှိမှု တို့ကို စိစစ်ရန်၊ ရသင့်ရထိုက်သော အခွန် ရရှိရေး၊ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီစေရေး အတွက် လက်ရှိ အခွန် ကောက်ခံမှုနှင့် ပတ်သက်ပြီး လေ့လာ သုံးသပ်မှုများကို ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က အခွန် ကောက်ခံမှု စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ၂ဝ၁၃ ခုနှစ်က ဖွဲ့စည်းခဲ့သည်။ အခွန် အများဆုံး ပေးဆောင်သင့် သူများ သီးသန့် ဆောင်ရမည့် အခွန်ထမ်းကြီး ဆိုင်ရာ အခွန်ရုံးကို ၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်တွင် စတင် တည်ထောင် ခဲ့ကြောင်း သိရသည်။

နိုင်ငံတော် အစိုးရအနေဖြင့် လက်ရှိ အခွန်စနစ်ကို ရိုးရှင်း လွယ်ကူစေရန် ပြုပြင် ပြောင်းလဲနိုင်ရေး ကြိုးပမ်း ဆောင်ရွက် နေသည့်အပြင် ကုန်သွယ်စီးပွား အခွန်အစား တစ်သမတ်တည်း ကောက်ခံသော အထွေထွေ ရောင်းချခွန် နှင့် ထိုမှတစ်ဆင့် တန်ဖိုးဖြည့် အခွန် စည်းကြပ်မှု အထိ အစားထိုးရန် စတင် ဆောင်ရွက် နေကြောင်း သိရသည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အခွန်ကောက်ခံ ရရှိမှုမှာ အမေရိကန် ဒေါ်လာ ၄၄ဝဝ ဘီလီယံကျော် ရရှိခဲ့ပြီး ဝင်ငွေခွန်မှာ အများဆုံး ရရှိခဲ့သည်။ အဆိုပါ ဘဏ္ဍာနှစ် အတွင်း ကုန်သွယ် လုပ်ငန်းခွန်၊ အောင်ဘာလေ သိန်းဆုခွန်၊ တံဆိပ်ခေါင်းခွန်နှင့် ဝင်ငွေခွန်တို့ ကောက်ခံ ရရှိမှု စုစုပေါင်းမှာ ကျပ် ၄၄၁၁၉၅၆ သန်းရရှိ ခဲ့ကြောင်း သိရသည်။

ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ကောက်ခံ ရရှိသည့် အခွန် အမျိုးအစား အလိုက်ဝင်ငွေ ရရှိမှုတွင် ကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်းခွန်၊ ကုန်သွယ် လုပ်ငန်းခွန်မှ ကျပ် ၁၉၅၉၈၂၅ သန်း၊ အောင်ဘာလေ သိန်းဆုခွန်မှ ကျပ် ၃ဝ၃၈၃ သန်း၊ တံဆိပ်ခေါင်းခွန် မှကျပ် ၇၇၃၆၂ သန်း၊ ဝင်ငွေခွန်မှ ကျပ် ၂၃၄၄၃၈၈ သန်း ရရှိခဲ့သည်။ ဘဏ္ဍာနှစ် အလိုက် အခွန် ကောက်ခံ ရရှိမှုတွင် ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာနှစ် တွင်ကျပ် ၂၇၂၈၆ဝဝ သန်း၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၃၇၉ဝ၈ သန်း၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၁၁၉၅၆ သန်း ရရှိခဲ့ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger