www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 14, 2015

တိုင်းရင်းသားတို့၏ ဒြပ်ရှိ၊ ဒြပ်မဲ့ ရိုးရာယဉ်ကျေးမှုများကို ဝေးလံခေါင်သီသော ကျေးရွာများတွင်သာ တွေ့ရှိနိုင်



မန္တလေး ၊ ၁၄-၉-၂၀၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ တိုင်းရင်းသား များ၏ ရိုးရာဓလေ့ များကို ဖော်ထုတ် ထိန်းသိမ်း ပြုစုခြင်းများ ဆောင်ရွက်ရာတွင် ဒြပ်ရှိ၊ ဒြပ်မဲ့ ရိုးရာဓလေ့ များမှာ မြို့ပြများ၌ ပျောက်ကွယ် နေပြီး ဝေးလံ ခေါင်သီသော ကျေးရွာများ ၌သာ တွေ့ရှိ နိုင်တော့ကြောင်း လားရှိုးမြို့ ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ၏ ပြောပြချက် အရ သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ရှမ်း၊ လီဆူ၊ တအာင်း (ပလောင်)၊''ဝ''၊ လားဟူ၊ မြောင်ဇီး(မှုန့်)၊ ကချင်နှင့် ကိုးကန့် တိုင်းရင်းသားများ အများဆုံး နေထိုင်ကြပြီး တိုင်းရင်းသား များ၏ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုများ ရေရှည် တည်တံ့ ခိုင်မြဲရေး အတွက် ဦးစီးဌာန ဝန်ထမ်းများ အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

တိုင်းရင်းသား များ၏ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှု ဆိုသည်မှာ တူရိယာ ကဲ့သို့ သော ပစ္စည်းတစ်ခုမှာ ဒြပ်ရှိ ယဉ်ကျေးမှု ဖြစ်ပြီး တူရိယာ ပြုလုပ်သည့် နည်းပညာသည် ဒြပ်မဲ့ ယဉ်ကျေးမှု ဖြစ်သည်။ ရိုးရာ ယဉ်ကျေးမှု ဓလေ့များကို ဖော်ထုတ်ထိန်းသိမ်း ပြုစုရာတွင် ယင်း ဦးစီးဌာန အနေဖြင့် သက်ဆိုင်ရာ နယ်မြေတိုင်းတွင် ယဉ်ကျေးမှု အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိရာ ရှမ်း တိုင်းရင်းသား တို့၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့များကို လားရှိုးမြို့နယ် ရှိ ကျေးရွာများ၊ ကွမ်းလုံ၊ မူဆယ်၊ နမ့်ခမ်းမြို့ တို့ရှိ ကျေးရွာများ တွင် လည်းကောင်း၊ တအောင်း (ပလောင်) တိုင်းရင်းသား တို့၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့များကို လားရှိုး၊ နမ့်ဆန်၊ မန်တုံ၊ မူဆယ်၊ နမ့်ခမ်း၊ မုံးထော် ဒေသရှိ ကျေးရွာများတွင် လည်းကောင်း၊ 'ဝ' တိုင်းရင်းသား တို့၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့များကို မိုင်းမော၊ မန်ပျဉ်၊ နားဖ စသော လားရှိုးမြို့နယ်၊ တန့်ယန်း၊ မိုင်းရယ်နှင့် 'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းရှိ ကျေးရွာများတွင် လည်းကောင်း၊ ကိုးကန့် တိုင်းရင်းသား တို့၏ ရိုးရာဓလေ့ များကို လားရှိုးမြို့နယ်၊ ကွမ်းလုံနှင့် လောက်ကိုင်ဒေသ ကျေးရွာများတွင် လည်းကောင်း၊ လီဆူ တိုင်းရင်းသား တို့၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့များကို လားရှိုးမြို့နယ် ရှိ ကျေးရွာများ၊ ကျောက်မဲ၊ မိုးမိတ်ဒေသ တို့တွင် လည်းကောင်း၊ မြောင်ဇီး(မှုန့်) တိုင်းရင်းသား တို့၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့များကို လားရှိုးမြို့နယ်၊ နောင်ချိုနှင့် ကွမ်းလုံ (ကာမိုင်း) ဒေသတို့တွင် လည်းကောင်း၊ လားဟူ တိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့များကို လားရှိုး၊ တန့်ယန်း မြို့နယ်တို့တွင် လည်းကောင်း ရှာဖွေဖော်ထုတ် ထိန်းသိမ်းလျက် ရှိသည်။

ထိုသို့ ဆောင်ရွက် ရာတွင် သမိုင်းကြောင်း များကို ပြောပြနိုင်သော ပုဂ္ဂိုလ်များ၊ သက်ကြီးရွယ်အို များနှင့် သက်ဆိုင်ရာ နယ်မြေများရှိ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက် ဖော်ထုတ် တွေ့ရှိခဲ့သည့် ရိုးရာ ယဉ်ကျေးမှု များထဲမှ ရှားပါး ပျောက်ကွယ်လု ဖြစ်သော ဒြပ်မဲ့ ယဉ်ကျေးမှု များကို နေပြည်တော်ရှိ ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနက UNESCO (ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့) သို့ တင်ပြနိုင်ရန် ဆောင်ရွက်ဆဲ ဖြစ်ကြောင်း လည်း သိရသည်။ 

လားရှိုးမြို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနက ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ တိုင်းရင်းသား များ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့များကို ရှာဖွေဖော်ထုတ် ပြုစုထိန်းသိမ်း ဆဲဖြစ်ပြီး ရှားပါး ပျောက်ကွယ်လု ဖြစ်သည့် တိုင်းရင်းသား ရှစ်မျိုး၏ တူရိယာ ရိုးရာ ယဉ်ကျေးမှု များကို ဦးစားပေး တင်ပြ ထားကြောင်း လက်ထောက် ညွှန်ကြားရေးမှူး ဆက်လက် ဆောင်ရွက် ပြောပြသည်။

''ကျွန်တော်တို့ အနေနဲ့ အခုဆို ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသမှာရှိတဲ့ တိုင်းရင်းသား တွေရဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့တွေကို ပြုစုစာအုပ် ထုတ်ဝေပြီး ဖြစ်ပါတယ်။ နောက်ပြီး 'ဝ' တိုင်းရင်းသား စာပေနှင့် ဘာသာစကား စာအုပ်ကိုလဲ သုတေသန မှတ်တမ်းပြုစုပြီး နေပြည်တော်ကို တင်ပြပြီး အဲဒီကမှ အမျိုးသား အဆင့် ထိန်းသိမ်း ဖော်ထုတ်မြှင့်တင် မှာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသား တစ်မျိုးအတွက် ဒီလို စာအုပ်မျိုးကို နှစ် အတော်ကြာ လေ့လာပြုစု သုတေသန လုပ်ရတာ ဖြစ်တဲ့အတွက် နောက်ထပ် တိုင်းရင်းသား တစ်မျိုးဆိုရင်တော့ တိုင်းရင်းသား စာပေပညာရှင်လဲ ရှိရမယ်။ သက်ဆိုင်ရာ တိုင်းရင်းသား ယဉ်ကျေးမှု ကလဲ ခပ်မြန်မြန် ဆက်သွယ် လာမယ်ဆိုရင် အဲဒီ တိုင်းရင်းသားရဲ့ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့စာအုပ် မျိုးကို ဆက်လက်ပြုစုမှာ ဖြစ်ပါတယ်။ အကြောင်း ကတော့ ဒီစာအုပ်မျိုးဟာ ဖတ်လိုက်တာ နဲ့ အဲဒီ တိုင်းရင်းသား တွေနဲ့ ရင်းနှီးဆက်ဆံ ပြောဆို နိုင်လောက်တဲ့ အထိ ပြုစုထားတာ ဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger