www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 21, 2015

လှိုင်သာယာတွင် ရေဆိုးသန့်စင် စက်ရုံတစ်ရုံ ၂၀၁၆ ခုနှစ်အတွင်း ထပ်မံ တည်ဆောက်မည်


ရန်ကုန် ၊ ၂၁-၈-၂၀၁၅

၂ဝ၁၆ ခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ်တွင် ရေဆိုးသန့်စင် စက်ရုံတစ်ရုံကို ထပ်မံ တည်ဆောက် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန သတင်းများ အရ သိရသည်။

အဆိုပါ ရေဆိုးသန့်စင် စက်ရုံကို လှိုင်သာယာ မြို့နယ် အောင်ဇေယျ တံတားအဆင်း အနီးတွင် တည်ဆောက် သွားမည်ဖြစ်ပြီး လက်ရှိတွင် တည်ဆောက်ရန် မြေနေရာ လျာထား သတ်မှတ်ကာ လေ့လာမှုများ လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်။ အသစ်ထပ်မံ တည်ဆောက်မည့် လှိုင်သာယာ ရေဆိုးသန့်စင် စက်ရုံကို ရေဂါလန် တစ်သန်းဆံ့ စက်ရုံတစ်ရုံ အဖြစ် တည်ဆောက် လုပ်ကိုင် သွားမည်ဖြစ်ပြီး မိလ္လာရေ သီးသန့် သန့်စင် စက်ရုံအနေဖြင့် လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်သည်။

အဆိုပါစက်ရုံတွင် ရေဆိုးစုပ် ယာဉ်များ စုပ်ယူလာသည့် ရေဆိုးများကို လက်ခံကာ သန့်ရှင်း စနစ်ဖြင့် လုပ်ကိုင် ဆောင်ရွက်ရန် အတွက် ဓာတ်ခွဲခန်းများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း ဒေါင်းတောင်း (၆)မြို့နယ် အတွင်းမှ ထွက်ရှိလာသည့် မိလ္လာ ရေဆိုးများ အတွက် သံလျက်စွန်း၌ ရှိသည့် ပင်မရေဆိုး သန့်စင်စက်ရုံ တစ်ရုံသာ ရှိသည်။ အဆိုပါ သံလျက်စွန်း ရေဆိုးသန့်စင် စက်ရုံသည် ရေဆိုးဂါလန် သန်းပေါင်း ၉ ဒသမ ၂၅ ဆံ့သည့် စက်ရုံတစ်ရုံ ဖြစ်သည်။ အဆိုပါ စက်ရုံတွင် မိလ္လာစွန့်ပစ် စနစ်ကြောင့် ၀င်ရောက် လာသည့် ရေဆိုးများနှင့် ရေဆိုးထုတ် ကားများမှ ဝင်ရောက် လာသည့် ရေဆိုးများမှာ နေ့စဉ် ဂါလန်ပေါင်း ခြောက်သိန်းနှင့် ခုနစ်သိန်းထိ ရှိသည်။ ထိုသို့ ရောက်ရှိ လာသည့် ရေဆိုးများကို သန့်စင်မှု နည်းစနစ်  အဆင့်ဆင့်ဖြင့် အနည်ချ သန့်စင်ပြီး ရရှိလာသည့် သန့်စင်သွားသော ရေများကိုသာ စွန့်ပစ်မည် ဖြစ်ကြောင်း နောက်ပိုင်း ကာလများတွင် ရန်ကုန်မြို့၌ ရေဆိုး သန့်စင်စက်ရုံ များကို ဇုန်အလိုက် နေရာသတ်မှတ် တည်ဆောက် သွားရန် ရှိကြောင်း သိရသည်။(၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger