ကျွန်တော် မလေးရှားပြန်
ဇော်နောင်ဟိန်း (Guiter)
သွားချင်တာတော့ စင်ကာပူတို့၊ ကိုရီးယား တို့ပေါ့။ ဖြစ်နိုင်ရင် ဂျပန်တောင် သွားလိုက် ချင်သေးတယ်။ အိမ်က မိသားစု အခြေအနေက ရှိသေးတယ်လေ။ ဒါတောင် လယ်ရောင်းပြီး သွားခဲ့ရတာ။ အိမ်က အဖေရယ်၊ အမေရယ်၊ ကျွန်တော်တို့ မောင်နှမ ငါးယောက်ရယ်၊ စုစုပေါင်း ခုနစ်ယောက်။ အဖေလယ်ထဲ ဆင်းပြီး ရတာလေးနဲ့ ဒီမိသားစု စားလာခဲ့ရတာ။ ရေရှည်တော့ မလွယ်လှ ပါဘူး။ ရုန်းကန်နေရတဲ့ အဖေနဲ့ အမေကို ကြည့်ပြီး ကျွန်တော်လဲ မနေနိုင် လွန်းလို့ ထွက်သွားခဲ့တာ။ စဉ်းစားကြည့်လေ...အမေက ကျွန်တော် အရွယ်ရောက်တာ စောင့်နေတာတဲ့။ နင် မြန်မြန်ကြီးမှ ဖြစ်မယ်တဲ့ ရွာထဲက ဘကြီးသာရင် သားက မလေးရှား ရောက်ပြီး ပိုက်ဆံတွေ အများကြီးပို့ တာတဲ့။ ဟုတ် မဟုတ်တော့ မသိဘူး။ ရွာထဲမှာတော့ အတော့်ကို နာမည်ကြီး နေတာ။ သူပြန်လာရင် ပေးစားချင်လို့ သမီးရှင်တွေတောင် တန်းစီ နေကြတယ် ဆိုပဲ။
ကျွန်တော် ခြောက်နှစ်သား လောက်က ထူးထူးဆန်းဆန်း အိပ်မက် တစ်ခုမက်တယ်။ အိပ်မက်ထဲမှာ ကျွန်တော်က အနောက်တိုင်း ဝတ်စုံကို စမတ်ကျကျ ဝတ်ပြီး လေယာဉ်ပေါ် တက်သွားတာ။ နိုင်ငံခြားက ပြန်လာတော့လဲ မိဘတွေနဲ့ ရွာက သူငယ်ချင်း တွေက ပျော်ပျော်ပါးပါး လာကြိုကြ တာလေ။ မှတ်မိ ပါသေးတယ်။ ကျွန်တော်လဲ အဲဒီ ကတည်းက ''ငါကြီးလာရင် မလေးရှား သွားမှာကွ'' လို့ သူငယ်ချင်း တွေကို မကြာမကြာ ပြောမိနေတော့ တာပါပဲ။
အမေက ပြောတာတော့ မလေးရှား ဆိုတာ အတော် ကြီးကျယ်တာ ပဲတဲ့။ ရွာမှာမရှိတဲ့ တိုက်ကြီးတွေ၊ ကားတွေ ဆိုတာလဲ မျိုးစုံပဲတဲ့။ ငါ့သား မလေးရှား ရောက်ရင် အမေတို့ ချမ်းသာပြီတဲ့။ သြော်... အဲဒါကြောင့် အမေကငါ့ကို မြန်မြန်ကြီးလို့ ပြောတာကိုးလို့ တွေးလိုက်မိ ပါတယ်။ ဒီလိုနဲ့ကျွန်တော် အသက်နှစ်ဆယ် အရောက်မှာ တစ်ခါမှ မရောက်ဖူးတဲ့ ရန်ကုန်ဆိုတဲ့ မြို့ကြီးကို Passport လုပ်ဖို့ဆိုပြီး ရွာက အသိတစ်ယောက် အကူအညီနဲ့ ရောက်ခဲ့ရ ပါတယ်။ ရန်ကုန် ဆိုတာကိုက ကျွန်တော်တို့ရွာနဲ့ တခြားစီပါလား။ လူတွေကလဲများ၊ ကားတွေ ကလဲများ၊ ကျွန်တော့်မှာ ခဏခဏ ငေးကြည့်မိလို့ ကားတိုက်ခံ ရမလို ဖြစ်တာလဲ အကြိမ်ကြိမ် ပါပဲ။ မှတ်မှတ်ရရ Passport လုပ်ပေးတဲ့ ပွဲစားဆိုတဲ့ လူကို ငွေကျပ် တစ်သိန်းခွဲ ပေးခဲ့ရတယ်။ အဲဒီတုန်းက ကိုယ်အရိုက်ခံ ရပြီ (ဈေးပိုတင် ခံလိုက်ရပြီ) ဆိုတာ မသိခဲ့ဘူး။ ကျေးဇူးတွေ တင်လွန်းလို့ မောင်မင်းကြီးသား ကို လက်ဖက်ရည် တိုက်မိတာ ဘယ်နှခွက် မှန်းတောင် မသိဘူး။ နောက်တော့မှ သိရတာက နှစ်သောင်းခွဲ၊ သုံးသောင်း ကုန်တဲ့ဟာကို တစ်သိန်းခွဲတောင် ပေးရတာ များတာပေါ့လို့ ပြောကြတော့မှ ''သြော်.ငါခံ လိုက်ရတာပဲ'' ဆိုပြီး မခံချိမခံသာ ဖြစ်မိတာ။ မတတ်နိုင်ပါဘူး။ ကိုယ်ကလဲ လေးတန်းထိပဲ ကျောင်းနေခဲ့ရတာ ဆိုတော့ ဟိုဟာရေး၊ ဒီဟာရေးဆို ရေးတတ်တာမှ မဟုတ်ဘဲ။ များတယ်လို့ တွက်မနေတော့ ပါဘူး။ ဒီလိုနဲ့ မလေးရှား သွားရမယ် ဆိုတော့ ကျွန်တော်နဲ့ အတူ ရွယ်တူတွေ၊ လူကြီးတွေ စုစုပေါင်း ဦးရေ ၂ဝ လောက်ရှိမယ်။ ကျွန်တော်တို့ကို မလေးရှား ပို့ပေးမယ့် ကုမ္ပဏီမှာ ညအိပ်ခဲ့ ရတယ်။ ထူးခြားတာ တစ်ခုက လေယာဉ်ပျံ မစီးရဘဲ မလေးရှား ရောက်သွားခဲ့ တာပါ။ အရင် ရောက်ဖူးတဲ့ သူတွေက ပြောလို့သာ မလေးရှားရောက်မှန်း သိလိုက် ရတယ်။ ရန်ကုန်က ထွက်ကတည်းက လေယာဉ်ပေါ် ဘယ်အချိန် တက်ရမလဲလို့ စိတ်ကူးကြည့် နေမိတာ။ နောက်မှ သိရတာက 'အောက်လမ်း' က လာတယ်ဆိုပဲ။
မလေးရှား ရောက်ပြီ ဆိုတော့လဲ မလေးစကား ပြောရမလား မလေးလို ဘယ်သူ လာပြောမလဲ ဆိုပြီး မလေးစကားပြော စာအုပ်ကို လက်ထဲက မချမိဘူး။ တကယ်တော့ မလေးရှားမှာ ပုဆိုးဝတ် မြန်မာတွေ၊ သနပ်ခါး ပါးကွက်ကျားနဲ့ မြန်မာ ယောက်ျားတွေ ကိုပဲ အတော်များများ တွေ့လိုက်ရ တာပါ။ မလေးရှားမှာ မြန်မာတွေ နေတဲ့ မြန်မာရပ်ကွက်လို ဖြစ်နေတဲ့ နေရာတွေ အတော်များများ ရှိပါတယ်။ မြန်မာ လူငယ်တွေ အတော်များများ မလေးရှား ရောက်တဲ့သူနဲ့၊ တခြား နိုင်ငံတွေ ရောက်နေကြ တာနဲ့ တွက်ကြည့်လိုက်ရင် ရွာမှာ လယ်ထဲ ဆင်းမယ့်သူတွေ ရှိပါအုံး မလားလို့ စိတ်ပူမိခဲ့ သေးတယ်။ မြန်မာတွေ ကြားထဲ ရောက်သွားတာ ကောင်းတယ်လို့ ပြောလို့ရသလို မကောင်းတာ တွေလဲ ရှိပါတယ်။ ရောက်ခါစမှာ ကိုယ် မကျွမ်းကျင်တဲ့ နယ်မြေ အကြောင်းကို မြန်မာ အချင်းချင်း မေးမြန်းရတာ လွယ်ကူတာပေါ့။ စိတ်ရင်း ကောင်းတဲ့သူနဲ့ တွေ့ရင် ကိုယ့်ကို ကူညီ ဖေးမပေးမယ်ပေါ့။ စိတ်ရင်း မကောင်းတဲ့ သူနဲ့ တွေ့ရင်တော့ မြန်မာ အချင်းချင်း အနိုင်ကျင့်တာ ခံရတာပေါ့။ မိန်းကလေးတွေ ဆိုရင်လဲ အကြောင်း အမျိုးမျိုးနဲ့ ဆံပင်ဆွဲ ရန်ဖြစ် နေကြတာ မကြာခဏ ဆိုသလိုပါပဲ။
ကျွန်တော်က သူများတွေ မလုပ်ချင်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းကို လုပ်ခဲ့ရတာ။ ပင်ပန်းတဲ့ အလုပ်ဆိုတော့ ပိုက်ဆံပိုရ တာပေါ့လေ။ သူများတွေ တစ်ရက်ကို မလေးငွေ ၂၅ ၊ ၃ဝ ရင်းဂစ် လောက်ရချိန်မှာ ကျွန်တော်က ရင်းဂစ် ၅ဝ လောက်ရတယ်။ ငွေဈေးက သုံးရာလောက် ရှိတယ်။ ပုံမှန်သုံးရင် အသုံးစရိတ်က မြန်မာငွေ ကျပ်တစ်သိန်းနဲ့ တစ်သိန်းခွဲ ကြားမှာရှိတယ်။ ရင်းဂစ်၂၅ ၊ ၃ဝ ရတဲ့သူတွေ အတွက် ဘာမှ မဖြစ်ရင် တစ်သိန်း၊ နှစ်သိန်းလောက် ပိုမယ်။ တစ်ခုခုဖြစ်ရင် ဥပမာ- လမ်းမှာ အုပ်စုဖွဲ့ အနိုင်ကျင့် တဲ့သူတွေ ဖြစ်ဖြစ်၊ ရဲတွေဖြစ်ဖြစ် တွေ့ပြီဆိုရင် ပါသမျှငွေ အကုန်ပေးခဲ့ ရတာပါပဲ။ ဒီတော့ အပြင်ထွက်မယ် ဆိုရင် အင်္ကျီ အိတ်ကပ်ထဲ ငွေနည်း နည်းထည့်၊ ကျန်တာကို ဘောင်းဘီထဲ ဖြစ်ဖြစ်၊ ဖိနပ်ထဲဖြစ်ဖြစ် သိုသိုသိပ်သိပ် ထည့်သွားရတာ။ ရဲတွေကလဲ အတော် ကြောက်စရာ ကောင်းပါတယ်။ သူတို့နဲ့ တွေ့ရင်ပါတဲ့ ပိုက်ဆံ ကုန်ပြီသာ မှတ်တော့။ ရတာမှ တစ်ရက်ရင်းဂစ်၂၅၊ ၃ဝ။ သူတို့ဖမ်းလို့ ရွေးရပြီဆိုရင် ရင်းဂစ် ၆ဝဝ၊ ၇ဝဝ ပေးရတာ။ မြန်မာပြည် ဖုန်းဆက်ရင် တစ်မိနစ် မြန်မာငွေ ၃ဝဝ လောက် ကုန်တာ နှမြောလို့ အိမ်ကိုတောင် မဆက်ဘဲ စုထားတဲ့ ပိုက်ဆံ ရဲပေးရ တာနဲ့ ကုန်ဖို့သာ ပြင်တော့။ မိန်းကလေး တွေဆို သနပ်ခါးလိမ်းပြီး အပြင် မထွက်ရဲဘူး။ မြန်မာဖြစ်ပြီး မြန်မာမှန်း မသိအောင် နေနေရတဲ့ အချိန်တွေပါ။ ဘာလို့လဲ ဆိုတော့ အနိုင်ကျင့်မှာ ကြောက်ကြလို့။ လူမျိုးမတူ၊ ဘာသာမတူတဲ့ နေရာမှာ နေနေရတာ ကြာလာတော့လဲ စိတ်ပျက်နေပါပြီ။ ကိုယ်စားချင်တဲ့ အသားဟင်းလေး ချက်စားဖို့တောင် ခိုးကြောင် ခိုးဝှက် ချက်စား နေရတာပါ။ မလေးရှား နိုင်ငံသား တရုတ်တွေ ရောင်းတဲ့ဆိုင် တွေမှာ ဝယ်စားလို့ရတယ်ဆိုပေမယ့် ဈေးကြီးပါတယ်။ နောက် တစ်နှစ်လောက် နေပြီးရင် ပြန်မယ် စဉ်းစားရင်းနဲ့ ငါးနှစ်ထိ ရောက်လာခဲ့ပြီ။
မြန်မာနိုင်ငံ ပြန်သွားပြီး ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်မရရင် ပြည်ပ ပြန်ထွက်ရမယ်၊ မထွက်နိုင်ရင် အလုပ်မရွေးဘဲ လုပ်ရတော့မယ်၊ ဘာမှ မလုပ်နိုင်ရင် နိုင်ငံခြားပြန် လူ့ကန့်လန့် ဖြစ်ပြီး စကားပြော ရင်လဲ ''မလေးရှားမှာ လေ၊ မလေးရှား မှာလေ'' ကနေ မချတော့ဘဲ မိသားစုအတွက်လဲ အသုံးမဝင်တဲ့ လူပို တစ်ယောက် ဖြစ်သွားဖို့က သေချာ နေမှာပါ။ မိသားစု နောက်ခံ ရှိတဲ့သူ၊ စုဆောင်းမိတဲ့သူ တွေဆိုရင်တော့ မြန်မာနိုင်ငံ ပြန်ရောက်ပြီး လုပ်ငန်းတစ်ခုနဲ့ အရှိန်ရ သွားကြပေမယ့် အများစု ကတော့ မထူးခြား လှပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ ကျော်က သွားခဲ့ကြသူတွေ ကတော့ ငွေတန်ဖိုး ကောင်းခဲ့တဲ့ အချိန်ဖြစ်တဲ့ အတွက် ဘဝတစ်ခုကို အပြောင်းအလဲ ဖြစ်စေ နိုင်တယ်လို့ ပြောလို့ရပါတယ်။ အခုချိန် မှာတော့ မဖြစ်နိုင် တော့ပါဘူး။
ပြန်လာမယ်။ နောက်နှစ် သေချာပေါက် ပြန်လာမယ်။ ကိုယ့်နိုင်ငံရဲ့ လက်ရှိ တိုးတက်မှုနဲ့ ချိန်ထိုးကြည့်ရင် ပေးတဲ့လစာနဲ့ နေထိုင်မှု အဆင့်အတန်းက ဘာမှ မထူးခြား တော့ဘူး။ တစ်ခု ပိုလာတာက ကိုယ့်ဆီမှာ ကြိုးစား သလောက် တိုးတက်နိုင်တယ်။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုကို အလွယ်တကူ ထူထောင်နိုင်မယ်။ သူဌေးတစ်ယောက် ဘဝကို စိတ်ကူးယဉ်ခွင့် ရှိတယ်။ မလေးရှားက မြန်မာမိတ်ဆွေ တစ်ယောက်ပြောသလိုပဲ ''မြန်မာ နိုင်ငံမှာ လမ်းဘေး ပလက်ဖောင်းတွေ ရှိနေသရွေ့ ထမင်း မငတ်ဘူး'' တဲ့။
သူက ရန်ကုန်မှာ နေပြီး အဝတ်အထည်တွေ ရောင်းတဲ့သူ၊ ဈေးရောင်း ကျွမ်းကျင်တဲ့ သူ့အတွက် မလေးရှားမှာ ရတဲ့ဝင်ငွေက မက်လောက်တဲ့ အခြေအနေ မဟုတ်ဘူး ဆိုတာ သေချာတယ်။ ကျွန်တော် ''မလေးရှားပြန်'' ဆိုပြီး ဂုဏ်ယူစရာလဲ မဟုတ်သလို၊ ရှက်စရာလဲ မရှိပါဘူး။ အကောင်းဆုံး ကတော့ အမိနိုင်ငံကို ပြန်ရောက်တဲ့ အချိန်မှာ ပြည်ပက အတွေ့အကြုံ ကောင်းတွေနဲ့ နိုင်ငံအတွက် အကျိုးပြု နိုင်ဖို့၊ နိုင်ငံ့သားကောင်း အဖြစ် ဆက်လက် ရပ်တည် သွားနိုင်ဖို့သာ အဓိက ဖြစ်ပါလိမ့်မယ်။
#Yadanarpondaily

No comments:
Post a Comment