www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 9, 2015

သွေးလွန်တုပ်ကွေးရောဂါ သတိပြုပါ


သွေးလွန်တုပ်ကွေးရောဂါ သတိပြုပါ

သွေးလွန်တုပ်ကွေး ရောဂါသည် ယခင်က လူနေထူထပ်ပြီး ပတ်ဝန်းကျင် ညစ်ညမ်းသည့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသ တွင်သာ အဖြစ်များ ခဲ့သော်လည်း ယခုအခါ တစ်နိုင်ငံလုံး နေရာအနှံ့၌ ဖြစ်ပွား လာသည်ကို တွေ့ရသည်။ ထို့ကြောင့် ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိ သူများက သွေးလွန်တုပ်ကွေး ကာကွယ် နှိမ်နင်းရေး လုပ်ငန်းစဉ်များ ချမှတ်ကာ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက် ရှိသည်။ သွေးလွန်တုပ်ကွေး ကာကွယ်ရေးတွင် ခြင်နှိမ်နင်းရေး သည် အဓိကကျသည့် ကာကွယ်ရေး ဖြစ်သည့်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို အလေးထား လိုက်နာ ဆောင်ရွက် ကြရန်လိုသည်။

ရေအိုး၊ ရေစည်များကို ဖုံးအုပ်ထားခြင်း၊ ပိုးလောက်လမ်း ရှိသည့် ရေအိုး၊ ရေစည်များကို သွန်လဲခြင်း၊ ပိုးလောက်လမ်း များကို ရေစစ်ဖြင့် စစ်ထုတ်ခြင်း လုပ်ငန်းများကို အဆက်မပြတ် ဆောင်ရွက် ကြရမည် ဖြစ်သည်။ ခြင်များ ခိုအောင်း နေနိုင်သည့် နေအိမ် ပတ်ဝန်းကျင်တွင် သန့်ရှင်းရေး ပြုလုပ်ကြရန် လည်းလိုသည်။ သွေးလွန်တုပ်ကွေး နှိမ်နင်းရေးတွင် ခြင်နှိမ်နင်းရေး သည် အဓိက ကျသည်။ ထို့ကြောင့် ခြင်ခိုအောင်း တတ်သော ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ပြုလုပ်ခြင်း၊ နေအိမ်ဝန်းကျင်၊ ရပ်ကွက်လမ်း စသည်တို့၌ ခြင်ဆေးဖျန်းခြင်း စသည်တို့ကို စီမံချက်ချ၍ လုပ်ဆောင် ကြရမည် ဖြစ်သည်။

သွေးလွန်တုပ်ကွေး ရောဂါသည် ခြင်ကိုက်ခံ ရခြင်းကြောင့် ဖြစ်ရာ သွေးလွန်တုပ်ကွေး မဖြစ်ပွား စေရန် ခြင်အကိုက်မခံ ရအောင် သတိပြု နေထိုင်ရမည် ဖြစ်သည်။ သွေးလွန် တုပ်ကွေးရောဂါ ၏ လက္ခဏာ များမှာ အဖျားကျလိုက်၊ တက်လိုက် သဘောရှိသည်။ လူအများက အဖျားကျ သွားချိန်တွင် ရောဂါ ပျောက်ကင်းသွားပြီဟု မှတ်ယူတတ် ကြသည်။ ဤသို့ဖြင့် ရိုးရိုးအဖျားဟု ထင်ကာ ရောဂါနှင့်ဆေး မကိုက်ညီဘဲ ရက်ကြာလျှင် အသက်ဆုံးပါး သည်ထိ ဖြစ်တတ်သည်။ အထူး သတိပြုရန်မှာ သွေးလွန်တုပ်ကွေး ရောဂါဖြစ်လျှင် ဆေးမြီးတိုနှင့် မကုသရန် ဖြစ်သည်။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွား၍ ပျောက်ကင်း သည်ထိ ကုသရန် ဖြစ်သည်။

သွေးလွန်တုပ်ကွေး ရောဂါသည် အသက် ၁ဝ နှစ်အောက် ကလေးများတွင် အဖြစ်များလေ့ ရှိပြီး လူကြီးများ တွင်လည်း ဖြစ်ပွားလေ့ ရှိသည်။ မိုးရာသီတွင် ခြင်ပေါက်ဖွား မှုနှုန်း အားကောင်းခြင်း ကြောင့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု နှုန်းသည်လည်း များပြား လာလေ့ရှိသည်။ ထို့ကြောင့် ယခု မိုးရာသီတွင် ရောဂါဖြစ်ပွားမှု လျော့နည်းစေရန် သွေးလွန်တုပ်ကွေး ကာကွယ်ရေးနှင့် ခြင်နှိမ်နင်းရေး ကို စနစ်တကျ လုပ်ဆောင် ရမည် ဖြစ်သကဲ့သို့ ရောဂါဖြစ်ပွား လာပါကလည်း စနစ်တကျ ကုသသွားကြရန် တို့ကို သတိပြု လိုက်နာသင့် ပါကြောင်း သတိပေး ရေးသား လိုက်ရပေသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger