တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များ ဘဲလ်ဂရိတ်ခံတပ် အတွင်း လေ့လာစဉ် |
ဘဲလ်ဂရိတ်ခံတပ် တွင် အပန်းဖြေကြည့်ရှု လေ့လာသူများ နှင့် စည်ကားလျက် ရှိသည်ကို တွေ့ရစဉ် |
နေပြည်တော် ၊ ၁၄-၅-၂၀၁၅
ဆားဗီးယားနိုင်ငံ သို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဗိုလ်မှူးချုပ် Slobodan Joksimovic နှင့် တာဝန်ရှိသူများ လိုက်ပါလျှက် မေ ၁၂ ရက် ဒေသ စံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ် တွင် ဘဲလ်ဂရိတ်မြို့ ၊ Sava မြစ် နှင့် Danube မြစ်ဆုံတွင် တည်ရှိသည့် ဘဲလ်ဂရိတ် ခံတပ် သို့ ရောက်ရှိရာ တာဝန်ရှိ သူများက ကြိုဆိုပြီး ဘဲလ်ဂရိတ် ခံတပ် သမိုင်းကြောင်း အား ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ခံတပ်ရှိ Military Museum သို့ သွားရောက် လေ့လာရာ ပြတိုက် တာဝန်ရှိ သူများက ပြတိုက်အတွင်း ခင်းကျင်း ပြသထားသည့် ဆာဗီးယား တပ်မတော်နှင့် ပတ်သက်သည့် အထောက်အထား မှတ်တမ်း များအား ကြည့်ရှု လေ့လာကြသည်။
ဘဲလ်ဂရိတ် ခံတပ်သည် ဘဲလ်ဂရိတ်မြို့၏ Stari Grad မြူနီစပယ် ဧရိယာတွင် တည်ရှိသည်။ ဘီစီ ၃ ရာစု နှစ်တွင် စတင် တည်ဆောက် ခဲ့ပြီး ရောမတို့က သိမ်းပိုက်ကာ ရောမအင်ပါယာ ၏ စစ်ဘက်ဆိုင်ရာ ခံတပ်အဖြစ် ထင်ရှားခဲ့သည်။ အေဒီ ၃၇၈ နှင့် ၄၄၁ ကြားကာလတွင် Goths နှင့် Huns တို့၏ အကြိမ်ကြိမ် ကျူးကျော် ဖျက်ဆီးခြင်း ကို ခံခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း ၁၉၄၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဂျာမန်တို့၏ ၀င်ရောက် သိမ်းပိုက်မှုကို ခံခဲ့ရကာ ၁၉၄၅ ခုနှစ် ဂျာမန်တို့ စစ်ရှံးပြီးနောက် ယူဂိုဆလပ် ဖက်ဒရယ် အုပ်ချုပ်ရေးကို ကြေညာခဲ့ပြီး ဖက်ဒရေးရှင်း ၏ ဖွဲ့စည်း အုပ်ချုပ်မှု အခြေခံ ဥပဒေအရ လွတ်လပ်သော သမ္မတနိုင်ငံ ဖြစ်လာခဲ့သည်။
ရာစုနှစ်များစွာ ကတည်းက ဘဲလ်ဂရိတ်မြို့နေ လူထုသည် အဆိုပါ ခံတပ်၏ တံတိုင်းအတွင်း ၌ ပူးပေါင်း နေထိုင်ခဲ့ကြ သဖြင့် ခံတပ်၏ သမိုင်းကြောင်း သည် မြို့တော်၏ သမိုင်းကြောင်းနှင့် အတူ တည်ရှိသည်။ ဘဲလ်ဂရိတ်မြို့ ၏ မြောက်ဖက် ကီလိုမီတာ ၁၀၀၀ အကွာတွင် ဂျာမဏီနိုင်ငံ မြူးနစ်မြို့၊ တောင်ဖက် ကီလိုမီတာ ၁၀၀၀ အကွာ တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ် မြို့တို့ တည်ရှိပြီး ၊ မြောက်ဖက် ကီလိုမီတာ ၄၀၀ အကွာတွင် ဟန်ဂေရီနိုင်ငံ ဘူဒါပတ်မြို့၊ အရှေ့ဖက် ကီလို မီတာ ၄၀၀ အကွာတွင် ရိုမေးနီးယားနိုင်ငံ ဘူခါရက်မြို့၊ တောင်ဖက် ကီလိုမီတာ ၄၀၀ အကွာတွင် ဘူလ်ဂေးရီးယား နိုင်ငံ ဆိုဖီယာမြို့၊ အနောက်ဖက် ကီလိုမီတာ ၄၀၀ အကွာတွင် ခရိုအေးရှား နိုင်ငံ ဇာဂရက်မြို့တို့ အသီးသီး တည်ရှိနေသည်။ ဘဲလ်ဂရိတ်မြို့ သည်လည်းကောင်း၊ ဘဲလ်ဂရိတ်ခံတပ် သည်လည်းကောင်း၊ Macro Strategic နှင့် Micro Strategic သဘောတရား အရ စိတ်ဝင်စားဖွယ် ကောင်းသော မဟာဗျူဟာ အချက်အခြာ နေရာ တစ်ခုအဖြစ် လေ့လာတွေ့ရှိ ရသည်။ ဘဲလ်ဂရိတ်ခံတပ် သည် ၁၉၇၉ ခုနှစ်တွင် ယဉ်ကျေးမှုဆိုင်ရာ ထူးခြား အရေးပါသော အဆောက်အဦး အဖြစ် သတ်မှတ် ကြေညာခဲ့ပြီး ယခုအခါ Kalemegdan ပန်းခြံနှင့်အတူ ခရီးသွား ဧည့်သည်များ၊ အပန်းဖြေ ကြည့်ရှုလေ့လာ သူများနှင့် စည်ကားလျက် ရှိသည်။
ဘဲလ်ဂရိတ်မြို့သည် အဖြူရောင် မြို့တော် (White City) အဖြစ် ကျော်ကြားပြီး ၁၉၉၉ ခုနှစ် တွင် နေတိုးအုပ်စု ၏ ဗုံးကြဲ တိုက်ခိုက်ခြင်းကို ခံခဲ့ရ ရာ အဆောက်အအုံ ၊ လမ်းတံတား များစွာ ပြားပြားဝပ် ပျက်စီး ဆုံးရှုံးခဲ့ ရပါသည်။
ယင်းနောက် ပြည်သူလူထုနှင့် အစိုးရ တို့ ၏ ပူးပေါင်း ကြိုးပမ်း ဆောင်ရွက်မှု ဖြင့် ပြန်လည် ထူထောင်ရေး ကို အထူးအလေးထား ဆောင်ရွက်ခဲ့ရာ ယခုအခါ ဘဲလ်ဂရိတ် မြို့တော်သည် စိမ်းလန်းစိုပြေ သာယာလှပ လျက် ရှိကြောင်း တွေ့ရှိရသည်။
#Themyawadydaily
No comments:
Post a Comment