www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 4, 2015

သုံးပုံတစ်ပုံ ပြီးပြည့်စုံနေပြီဖြစ်သော တရုတ်တို့၏ ကျွန်းတု စစ်အခြေစိုက်စခန်း




ရှိန်းထက် ( IN'D )

မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သော (၂၄)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ပွဲတွင် အာဆီယံ ခေါင်းဆောင်များက တောင်တရုတ် ပင်လယ်ပြင်၌ တည်ဆောက်နေသော တရုတ်တို့၏ ကျွန်းတုများသည် မိမိတို့ အချုပ်အခြာ အာဏာနှင့် တစ်စိတ် တစ်ဒေသ သက်ဆိုင် နေသောကြောင့် ယင်း ကျွန်းတုများကို အကြောင်းပြုပြီး အာဆီယံနှင့် တရုတ်နိုင်ငံ အကြား နယ်မြေ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ကိုပါ ထိခိုက် လာနိုင်ကြောင်း ပြောကြားခဲ့သည်။

၂ဝ၁၅ခုနှစ် ဧပြီလ နောက်ဆုံးပတ်၏ ကောင်းကင်ဂြိုဟ်တု ဓာတ်ပုံများ အရ စပရက်လီ ကျွန်းစုများ၌ တည်ဆောက် နေသော တရုတ်၏ ကျွန်းတုတွင် တည်ဆောက်ရေး လုပ်ငန်းများသည် သုံးပုံတစ်ပုံခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း အမေရိကန် အစိုးရက ထုတ်ပြန် ကြေညာခဲ့သည်။ တရုတ်တို့သည် ယင်း ကျွန်းတုကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ နှောင်းပိုင်းက တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ကျွန်းကို စစ်အခြေစိုက် စခန်းတစ်ခု အဖြစ် ရဟတ်ယာဉ် ကွင်းနှင့် ဂျက်တိုက်လေယာဉ် များပါ ဆင်းနိုင်သည့် ပြေးလမ်းရှည် လေယာဉ်ကွင်း အပါအဝင် စစ်သင်္ဘောကြီး များပါ ဆိုက်ကပ် နိုင်သည့် ရေနက် ဆိပ်ကမ်းများ တည်ဆောက် နေခြင်းဖြစ်သည်။  အဓိက ရည်ရွယ်ချက်မှာ တပ်မကြီးတစ်ခု လောက်ကို စစ်အထောက်အကူ များ လုံလောက်စွာ ပေးနိုင်ရန် ရည်ရွယ် တည်ဆောက်နေခြင်း ဖြစ်ကြောင်း နိုင်ငံရေးခွဲခြမ်း စိတ်ဖြာသူများ က လေ့လာ သုံးသပ်ခဲ့ ကြသည်။

သို့သော်လည်း တရုတ် အစိုးရက တောင်တရုတ် ပင်လယ်ပြင်တွင် သွားလာနေသော ပင်လယ်ကူး သင်္ဘောများ လုံခြုံရေး၊ ငါးဖမ်း သင်္ဘောများ လုံခြုံရေးနှင့် သဘာဝ ဘေးအန္တရာယ်များ ကြုံလာပါက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ လုပ်ဆောင်နိုင်ရေး အဓိက ရည်ရွယ် တည်ဆောက် နေခြင်းဖြစ်မည် ဟု အနောက်နိုင်ငံ များ၏ ဝေဖန်မှုကို တုံ့ပြန် ပြောကြားခဲ့သည်။

တောင်တရုတ် ပင်လယ်ပြင်သည် နိုင်ငံတကာ ကုန်သွယ်ရေး အတွက် ပင်မ အသက်သွေးကြော ကြီးတစ်ခုဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ ကမ္ဘာ့ ကုန်သွယ်မှု၏ ၄ဝ ရာခိုင်နှုန်း ဖြစ်သော ဒေါ်လာ ၅ ထရီလီယံသည် တောင်တရုတ် ပင်လယ်ပြင်ကို ဖြတ်သန်း ကုန်သွယ် နေရခြင်း ဖြစ်သည်။ ထို့အပြင် တောင်တရုတ် ပင်လယ်သည် ငါး၊ ရေနံ၊ ဓာတ်ငွေ့စသည့် သဘာဝ သယံဇာတ ပစ္စည်းများ ပေါများရာ နေရာ ဖြစ်သောကြောင့် တရုတ်သည် တောင်တရုတ် ပင်လယ်ပြင်ကို စိုးမိုးရန် ကြံစည်နေသည် ဟု အနောက်နိုင်ငံ များက ဝေဖန်နေကြခြင်း ဖြစ်သည်။

တရုတ်၏ ယခု ဆောက်လုပ် နေသော ကျွန်းတုသည် တရုတ်နိုင်ငံ၏ အနီးဆုံး ပင်လယ် ကမ်းရိုးတန်းနှင့် မိုင်ပေါင်း ရာချီ ဝေးလှသည်။ ထို့ကြောင့် တရုတ်၏ တောင်ဘက် ပင်လယ်ပြင်ကြီး တစ်ခုလုံးကို အပိုင် ချုပ်ကိုင်နိုင်ရေး ကြိုးပမ်းချက် များသည် ပိုမိုထင်ရှား နေပြီး တောင်တရုတ် ပင်လယ်ပြင်နှင့် ထိစပ်နေသော အာဆီယံ နိုင်ငံများ ဖြစ်သည့် မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း အပါအဝင် တိုင်ဝမ်တို့နှင့်ပါ ပင်လယ် ရေပိုင်နက် အရေး သူပိုင်ငါပိုင် အငြင်းပွား နေကြခြင်း ဖြစ်သည်။ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဟောင်းလီ ကတော့ ယခု ဆောက်လုပ်နေသည့် ကျွန်းသည် မည်သည့် နိုင်ငံ၏ အချုပ်အချာ အာဏာကိုမျှ ထိခိုက် သည်မဟုတ်ဘဲ တရားမျှတမှု ရှိသော နိုင်ငံတကာ ဥပဒေနှင့်လည်း ကိုက်ညီမှု ရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ သို့သော် သြစတြေးလျ အနောက်ပိုင်း တက္ကသိုလ်မှ ပညာရှင် အန်ဒရူးချပ်ဘ် က ''၁၉၈ဝ ပြည့်နှစ် နောက်ပိုင်းမှာ တရုတ်နိုင်ငံဟာ နယ်မြေ အငြင်းပွား မှုတွေ ဖြစ်ပွားနေတဲ့ တောင်တရုတ် ပင်လယ်ပြင်မှာ နယ်မြေ ချဲ့ထွင်မှုတွေ တစ်နှစ်ပြီး တစ်နှစ် တိုးမြှင့် လုပ်ဆောင် လာနေတယ်'' ဟု ဆိုထားခဲ့သည်။

အမေရိကန် သမ္မတ ဘားရက် အိုဘားမား ကတော့ တရုတ်ဟာ သူ့ရဲ့သြဇာ အာဏာကို အသုံးပြုပြီး နိုင်ငံငယ်လေးတွေ အပေါ်မှာ မတရားမှုတွေ ပြုလုပ်နေတယ်။ ဒါဟာ အချိန်ကြာလာတာ နဲ့အမျှ တင်းမာမှုတွေ မြင့်တက် လာနိုင်ပြီး နောက်ဆုံးမှာ နယ်မြေ ပိုင်ဆိုင်မှု တိုက်ပွဲတွေတောင် ဖြစ်လာနိုင်ပါတယ် .. ဟု သတိပေးထားပြီး သံတမန်ရေး နည်းလမ်းအရ အဖြေရှာကြရန် အတွက်လည်း ပနားမား ၌ ကျင်းပခဲ့သော ကာရေဘီယံ ညီလာခံတွင် ပြောကြားသည်။ 

သို့သော်လည်း တရုတ်နိုင်ငံသည် ယခုလက်ရှိ လုပ်ဆောင်နေသော ဆောင်ရွက်ချက်များ အပေါ် နောက်ဆုတ်မည့် အရိပ်အယောင် လုံးဝ မဖော်ပြဘဲ ပဋိပက္ခများတွင် နယ်မြေ အငြင်းပွားမှုမျိုး ဖြစ်ပေါ်နေသော နိုင်ငံများနှင့် တရုတ်နိုင်ငံက သာလျှင် ပြဿနာများကို ကိုင်တွယ် ဖြေရှင်းမည်။ တခြား ဘယ်နိုင်ငံမှ ပါစရာမလိုဟု ပြတ်သားစွာ သူ၏ ရပ်တည်ချက်ကို ထုတ်ပြန်ထားပြီး အနောက်နိုင်ငံ များကို သတိပေး ထားသည်။

အမေရိကန်တို့ စိုးရိမ်သည်မှာ တရုတ်သည် ယင်းကျွန်းတု စစ်ခြေစိုက် စခန်းကို အသုံးပြုပြီး ရေဒါဖြန့်ကြက်မှု ကွန်ရက်များကို ပိုမိုချဲ့ထွင်ကာ တာဝေးပစ် ဒုံးကျည် ခြိမ်းခြောက်မှုများ ပိုမို လုပ်ဆောင် လာနိုင်မည့် အရေးပင် ဖြစ်သည်။ ထို့ကြောင့် အမေရိကန်သည် နိုင်ငံတကာ ရေပိုင်နက် ကုန်သွယ်ရေးနှင့် အာရှနိုင်ငံငယ် လေးများ၏ လုံခြုံရေးကို အကြောင်းပြ၍ ၂ဝ၂ဝ ပြည့်နှစ် အရောက်တွင် အမေရိကန် ရေတပ်၏ ၆ဝ ရာခိုင်နှုန်းကို ပစိဖိတ်ဒေသ၌ အခြေချနိုင်ရေး စတင် လုပ်ဆောင် နေပြီဟု နိုင်ငံရေးရာ ကျွမ်းကျင်သူ ဟယ်ရီဟာရစ် က ပြောဆိုခဲ့သည်။

HIS Jane's Weekly စာစောင်အရ တရုတ်သည် ယင်းကျွန်းကို အစပိုင်းက မီတာ ၅ဝဝ အရွယ်အစား ခန့်ရှိ သန္တာ ကျောက်တန်းပေါ်တွင် မြေဖို့ တည်ဆောက်ရန် ရည်ရွယ်ခဲ့ သော်လည်း နောက်ပိုင်းတွင် မီတာ ၅ဝဝ ကို ခြောက်ကြိမ်ခန့် တိုးချဲ့ခဲ့ သည်ဟု ဖော်ပြခဲ့သည်။ ထို့ကြောင့် ယခုအခါ ထို ကျွန်းတု စစ်အခြေစိုက် စခန်း၏ အရှည်သည် အနည်းဆုံး မီတာ ၃ဝဝဝ ခန့်အထိ ရှိနေသည်။ လေယာဉ် ပြေးလမ်းကိုလည်း ကျွန်းအရှည်၏ အစမှ အဆုံးထိ ရောက်အောင် ကွန်ကရစ်ဖြင့် တည်ဆောက်ထားပြီး လေယာဉ်ပေါ်သို့ ဝန်များ အတင်အကျ ပြုလုပ် နိုင်မည့်နေရာ အပါအဝင် အဆင်းအတက် ပြုလုပ်မည့် နေရာများပါ ပြီးစီးလုနီးပါး ဖြစ်နေကြောင်း နောက်ဆုံးရ ကောင်းကင် ဂြိုဟ်တုဓာတ်ပုံ များနှင့်အတူ ဖော်ပြထားသည်။

အကယ်၍ တရုတ်သည် ယင်း စစ်အခြေစိုက် စခန်းသာ ဖွင့်လှစ်ပြီးပြီ ဆိုပါက တောင်တရုတ် ပင်လယ်ပြင်သည် တရုတ်၏ လက်အောက်သို့ ရောက်ရှိ သွားသကဲ့သို့ ဖြစ်သွားမည် ဖြစ်ပြီး နိုင်ငံတကာ ကုန်သွယ်ရေး လမ်းကြောင်း လည်း တရုတ် လက်ထဲသို့ ရောက်ရှိသွားမည် ဖြစ်သည်။ ထိုအခါ နယ်မြေ ပိုင်ဆိုင်မှု အငြင်းပွား နေသော နိုင်ငံငယ်လေး များ၏ တောင်းဆိုမှု ကိုလည်း တရုတ်တို့ ဂရုစိုက်တော့မည် မဟုတ်ပေ။ ထို့ကြောင့် ပိုင်နက် အငြင်းပွား နေကြသော နိုင်ငံများ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းသည် တောင်တရုတ် ပင်လယ်ပြင်တွင် တရုတ်တို့ ယင်းကျွန်းတု စစ်အခြေစိုက်စခန်း ဖွင့်လှစ်မည့် အရေးကို စိုးရိမ်လျက် ရှိနေသည်။

သို့သော်လည်း ဖိလစ်ပိုင် အစိုးရက မျှော်လင့်ချက်များ မကုန်ဆုံးသရွှေ့ အရှုံးမပေးဘဲ ဖိလစ်ပိုင် နိုင်ငံ၏ ပိုင်နက် နယ်မြေကို အရယူနိုင်ရန် ဖြစ်သည့်နည်းနှင့် ကြိုးစားမည် ဟု ကြွေးကြော် ထားခဲ့သော်လည်း တရုတ်တို့၏ တုံ့ပြန်ချက်က ဆွေးနွေးညှိနှိုင်း မည်ဟုသာ ဖြစ်ခဲ့သည်။ သို့သော်လည်း ယခု အချိန်ထိ တစ်ကြိမ် တစ်ခါမျှ ဆွေးနွေးမှု ပြုလုပ်တာမျိုး မရှိသေးပေ။

တရုတ်တို့သည် ၂ဝ၁၄ ခုနှစ်မတိုင်မီ ကတည်းကပင် ပင်လယ်ပြင်တွင် ကျွန်းတုများ တည်ဆောက်၍ အမျိုးမျိုး ပုံဖော်ခဲ့ကြသည်။ ထိုအချိန် ကတည်းက နိုင်ငံတကာ အသိုင်းအဝိုင်းသည် တရုတ်တို့ ပင်လယ်ပြင်တွင် စစ်အခြေစိုက် စခန်း တည်ဆောက်နိုင်ခြေ ရှိသည်ဟု စိုးရိမ်စိတ် ရှိခဲ့ကြပြီး တောင်တရုတ် ပင်လယ်ပြင်ကို မျက်ခြည်မပြတ် စောင့်ကြည့် ခဲ့ကြသည်။ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ နှောင်းပိုင်းတွင် တရုတ်တို့၏ သောင်တူးစက် များနှင့် ဘူဒိုဇာများ အသုံးပြုပြီး ကျွန်းတု စတင် တည်ဆောက် လုပ်နေမှုကို စတင်တွေ့ရှိခဲ့ ရာတွင် နောက်ဆုံးတွင် သူတို့စိုးရိမ် သကဲ့သို့ စစ်အခြေစိုက် စခန်းပုံပေါ် ပေါက်လာခဲ့သည်။ တရုတ်တို့သည် ကျွန်းတုကို မည်သည့် ရည်ရွယ်ချက်နှင့် မည်သည့်ပုံစံ တည်ဆောက် သည်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိသည် သာမက ကျွန်းတုအရေး ရေငုံနှုတ်ပိတ် နေခဲ့ကြသည်။ စစ်အခြေစိုက် စခန်း ရုပ်လုံးပေါ်လာမှ သူတို့၏ ရည်ရွယ်ချက်မှာ အပြုသဘော ဆောင်သည့် ရည်ရွယ်ချက်သာ ဖြစ်သည်ဟု ဆိုခဲ့သည်။

ယခုအခါ ထိုကျွန်းတု စစ်အခြေစိုက် စခန်းသည် သုံးပုံတစ်ပုံ ပြီးစီးနေပြီ ဖြစ်သည်။ ၂ဝ၁၄ ခုနှစ်က စသည့် ကျွန်းတုသည် ၂ဝ၁၅ ခုနှစ်တွင် သုံးပုံတစ်ပုံ ပြီးနေပြီဆိုလျှင် တရုတ်တို့ ပင်လယ်ပြင် စစ်အခြေစိုက် စခန်းတစ်ခု တောင်တရုတ် ပင်လယ်ပြင်၌ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်များတွင် အပြီးသတ် ဖွင့်လှစ်နိုင်ရန် သေချာသလောက် ရှိနေပါသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger