www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 8, 2015

အမျိုးသမီးများထက် အမျိုးသားများတွင် အရိုးကျီးပေါင်းတက် ရောဂါ ပိုမိုဖြစ်ပွား





သီရိ

လည်ပင်းအရိုး ကျီးပေါင်းတက် ရောဂါသည် အာရုံကြောနှင့် အများဆုံး သက်ဆိုင်သည့် ရောဂါ ဖြစ်သောကြောင့် အထူး ဂရုစိုက်၍ ကုသသင့်သည့် ရောဂါတစ်မျိုး ဖြစ်သည်။ အမျိုးသား၊ အမျိုးသမီး မရွေး ဖြစ်ပွားနှုန်း တူညီသော်လည်း အမျိုးသား များသည် အမျိုးသမီး များထက်ပို၍ ဖြစ်ပွားမှု များကြောင်း သိရသည်။

လည်ပင်း အရိုးကျီးပေါင်း တက်ခြင်းသည် အသက်အရွယ် မရွေး ဖြစ်ပွား နိုင်သော ရောဂါတစ်မျိုး ဖြစ်ပြီး အိုမင်း ရင့်ရော် လာခြင်းကြောင့် လည်းကောင်း၊ ခံနိုင်ရည် ဝန်အားနှင့် မမျှတသော ဒဏ်ဖိအား ကြောင့်သော် လည်းကောင်း၊ ပုံသဏ္ဌာန် မကျသော ကိုယ်နေ ဟန်ထားများ ကြောင့် လည်းကောင်း၊ အဆစ်အိမ် အတွင်းရှိ အရိုးနုများ၏ အာဟာရ ဖွဲ့စည်းပုံ နှင့် စွမ်းဆောင်ရည် တဖြည်းဖြည်း ကျဆင်း လာရာမှ အရိုးနုများ အလွှာလိုက် တစ်စတစ်စ ပျက်စီးခြင်း၊ ပုံသဏ္ဌာန် မမှန်သော အရိုးအတက်များ ထွက်လာခြင်း၊ အဆစ်အိမ် နံရံ ရောင်ရမ်းခြင်း၊ အကြော အဆစ်များ တောင့်တင်းခြင်း စသည့် လက္ခဏာ များကြောင့် လည်းကောင်း အရိုး ကျီးပေါင်းတက် ရခြင်း ဖြစ်သည်။

ထိုမှတစ်ဆင့် အာရုံကြော များကို ကူးစက်သွားပြီး အာရုံကြော များ၏ ထွက်ပေါက် လမ်းကြောင်းများ ကျဉ်းမြောင်း သွားကာ ထုံကျဉ် ကိုက်ခဲမှုများ ဖြစ်ပေါ် လာသည်။ အာရုံကြောများ အားနည်းကာ သွေးကြော ထွက်ပေါက်များကို ဖိမိ၍ ဦးနှောက်အတွင်း သွေးစီးဆင်းမှု များ နှေးကွေးလာပြီး ခေါင်း အဆမတန် မူးဝေခြင်း များကို ခံစားရသည်။ ကြွက်သား များကို ဖိစီးခြင်းကြောင့် ကြွက်သားများ တောင့်တင်း လာပြီး အဆမတန် ညောင်းညာ ကိုက်ခဲခြင်းများ ဖြစ်လာသည်။ အာရုံကြောများ ရောင်ရမ်း လာခြင်းကြောင့် လှုပ်ရှားမှု ဟန်ပန်များပါ ချို့ယွင်း လာသဖြင့် အထူး ဂရုစိုက်၍ ကုသသင့်သည့် ရောဂါတစ်ခု ဖြစ်သည်။

အများအားဖြင့် အသက် ၄ဝ ကျော် များတွင် စတင်ဖြစ်ပေါ် သော်လည်း ယခုအချိန် တွင် လူငယ်များပါ ဖြစ်ပွားမှု ရှိနေကြောင်း သိရသည်။ ထို့ကြောင့် လည်ပင်းအရိုး ကျီးပေါင်း တက်ခြင်းကို ခံစား သိရှိပါက ဆရာဝန်ထံ သွားရောက် ပြသပြီး ကုသသင့်သည်။ အရိုးကျီးပေါင်း ရောဂါ၏ ၆၅ ရာခိုင်နှုန်း ခန့်သည် ရောဂါ လက္ခဏာ မပြတတ်ဘဲ ၂၅ ရာခိုင်နှုန်း ခန့်သာ ရောဂါ ပြတတ်ပြီး ထိုအထဲမှ ၅ ရာခိုင်နှုန်း မှ ၁ဝ ရာခိုင်နှုန်း ခန့်သည် ဆိုးရွားစွာ ခံစားရကြောင်း သိရသည်။

တချို့မှာ ဇက်ကြော အလွန်တက် မူးဝေကာ မူးမေ့ လဲသွားခြင်း များ၊ ညအိပ်၍ မရတော့ခြင်း များပါ ဖြစ်ပေါ်လာပြီး အာရုံကြော မကြီး ရောင်ရမ်း လာပါက ခြေလက် မသန်စွမ်းခြင်း၊ လှုပ်ရှားမှုများ ဟန်ချက်ပျက် လာခြင်း၊ အကြော အဆစ်များ မူမမှန် လှုပ်ရှား တုန်လှုပ်ခြင်း များ ဖြစ်သည် အထိ ဆိုးရွားစွာ ခံစားရသည်။ အာရုံကြောနှင့် အများဆုံး သက်ဆိုင်သော ရောဂါ ဖြစ်သောကြောင့် ဂရုတစိုက် ကုသသင့်သော ရောဂါများ ထဲတွင် တစ်ခု အပါအဝင် ဖြစ်ကြောင်း သိရသည်။

အသက် ငယ်ရွယ်ချိန်တွင် ဖြစ်ပွားတတ်သော သူများသည် အရိုးပျော့လွန်း သူများ၊ အရိုးအဆစ် များကို များစွာ အသုံးပြု ရသော အားကစား သမားများနှင့် မျိုးရိုးဗီဇ အလိုက် ဖြစ်တတ်သော ရောဂါ ဖြစ်သောကြောင့် ငယ်ရွယ်သော အချိန်တွင် လည်ပင်း အရိုးကျီးပေါင်း တက်ခြင်းကို ခံစား ရကြောင်း သိရသည်။ အသက်ကြီးတိုင်း ကျီးပေါင်းရောဂါ မဖြစ်နိုင်ပါ။ ရောဂါလက္ခဏာ ဖြစ်လျှင် စနစ်တကျ မှန်ကန်စွာ စစ်ဆေး ကုသခြင်းဖြင့် သက်သာ ပျောက်ကင်း နိုင်သောရောဂါ ဖြစ်သည်။

လည်ပင်းကျီးပေါင်း ရောဂါ မဖြစ်ရအောင် လည်ပင်းနာလျှင် ပြင်းထန်သော လှုပ်ရှားမှုများ၊ ကားမောင်းခြင်း၊ တီဗွီကြည့်ခြင်း၊ ကွန်ပျူတာ အလုပ်များ၊ ကြာရှည်စွာ ခေါင်းငုံ့၍ လုပ်ရသော အလုပ်များကို ဆက်တိုက် မလုပ်ဘဲ မကြာခဏ အနားပေး၍ လုပ်ဆောင်ရမည်။ ထို့အပြင် အရိုး၏ ကျန်းမာရေး အတွက် အဓိက လိုအပ်သော အာဟာရ ကုန်ကြမ်းများကို မျှတအောင် ဖြည့်စွက် စားပေးခြင်းဖြင့် ကာကွယ်မှုများ ကြိုတင် ပြုလုပ်သင့်သည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger