www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 21, 2015

မြို့၏မာယာ


မြို့၏မာယာ

ကြယ်စင်စိုး (မန္တလေး)

အဝေးပြေး ကားကြီးကွင်း၊ ဘတ်စကားဂိတ် တို့ရဲ့ ထုံးစံအတိုင်း ခရီးသည် တစ်ယောက် ကားပေါ်ကနေ ဆင်းလိုက်တာနဲ့ တစ်ပြိုင်နက် အမဲလိုက် မုဆိုးတွေပမာ အငှားယာဉ်မောင်း သမား (တက္ကစီသမား) တွေက နောက်ကနေ ထက်ကြပ်မကွာ လိုက်လာကြ ပါတယ်။ တချို့က လိုက်မလား၊ မလိုက်ဘူးလား၊ လာကြိုမယ့်သူ ရှိသလား၊ မရှိဘူးလား ဆိုတာကို မမေးတော့။ လက်ထဲမှာ ပါတဲ့ ခရီးဆောင်အိတ် တွေကို အတင်း ဆွဲယူကြ ပါတော့တယ်။

တချို့ကလဲ ဘာမှန်းမသိ၊ ညာမှန်းမသိ ဈေးစကား ဆိုကြတယ်။ တော်သေး တာပေါ့၊ အခု ကားပေါ်ကနေ ဆင်းလိုက်တာနဲ့ အထုပ်အပိုး တွေကို ဆွဲယူမယ့်သူ မရှိလို့၊ ဒီလိုမှ မဟုတ်ရင် ဟိုဘက်က လူကို ငြင်းရ၊ ဒီဘက်ကအိတ် တခြားတစ်ယောက် ဆီကို ပါသွားမှာ ဂရုစိုက်ရနဲ့ အတော်ကို စိတ်မောလူမော ဖြစ်ရပါတယ်။

အခုကျွန်တော် အဝေးပြေး ကားပေါ်ကနေ စတင် ခြေချမိတဲ့ နေရာက ရန်ကုန် ရွှေမြို့တော်ကြီး ရဲ့ ကားကြီးကွင်း ထဲမှာ ဖြစ်ပါတယ်။ တစ်ကြိမ်တစ်ခါမှ မရောက်ဖူး သေးတဲ့ အရပ်ဒေသမို့ အနည်းငယ် စိတ်အားငယ် သလို ရှိတာတော့ အမှန်ပါ။ အထူးသဖြင့် ဒီအရပ်ဒေသနဲ့ ကျွန်တော် ကျွမ်းကျင်မှု မရှိလှပါ။ သွားရမယ့် နေရာက တောင်ဘက်မှာ ရှိသလား၊ မြောက်ဘက်မှာ ရှိသလား ဆိုတာကိုလဲ မဝေခွဲတတ်။ ဒါပေမဲ့ မသိ နားမလည် တာကို မသိ နားမလည် သလိုနေရင် အညာခံ သွားရနိုင်ပါတယ်။ အနည်းငယ်တော့ မျက်နှာကို ခပ်တင်းတင်း ထားလိုက်ပါတယ်။ တက္ကစီ ခေါ်အုံးမလားလို့ လာပြောတဲ့ သူတွေကို မခေါ်တော့ဘူး လို့ ပြန်ပြောလိုက်ပြီး နီးစပ်ရာ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ ဝင်ထိုင်လိုက် ပါတယ်။ အခြေအနေကို စောင့်ကြည့် ရအုံးမယ်။ မန္တလေးမြို့ မှာလို တော့ ဆိုင်ကယ်တွေ မရှိဘူး ဆိုတာကို ကြိုတင် သိထားခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီတော့ မဖြစ်မနေ အငှားကား ကိုတော့ အသုံးပြုရမှာပဲ ဖြစ်ပါတယ်။

ကျွန်တော် ကိုယ်တိုင်လဲ ရန်ကုန်မြို့ကြီးကို မရောက်ဖူး ပေမယ့် မန္တလေးမြို့ ကြီးမှာ ကျင်လည်ကျက်စား လာခဲ့တဲ့သူ တစ်ယောက်ပါပဲ။ ကိုယ် မရောက်ဖူးတဲ့ အရပ်ဒေသ ဆိုပေမယ့် ဘယ် အညံ့ခံလို့ ဖြစ်ပါ့မလဲ။ တစ်ချက် ပြုံးလိုက်ပါတယ်။ ပုံစံက ဘယ်လိုပုံစံ ပေါက်နေလို့လဲ ဆိုတာ မပြောတတ်ပါဘူး။ လက်ဖက်ရည်ဆိုင် ထဲဝင်ပြီး ထမင်းကြော် တစ်ပွဲမှာ လိုက်တော့ စားပွဲထိုး ခပ်ငယ်ငယ် ကောင်လေး တစ်ယောက်က ရန်ကုန် က မဟုတ်ဘူး ထင်တယ်လို့ သုံးသပ်တာကို ခံရတယ်။ ''အေး... မဟုတ်ဘူး။ မန္တလေးက ကိစ္စရှိလို့ ရန်ကုန်ကို လာတာ'' လို့ တိုတိုပြတ်ပြတ် ပြောမိခဲ့ ပါတယ်။

စားပွဲထိုးလေး လာချပေးတဲ့ ထမင်းကြော်ကို စားကြည့် မိလိုက်တော့ အညာခံလိုက်ရပြီ ဆိုတာ သိလိုက်ရတယ်။ ဘယ်လိုမှ စားလို့ အဆင်မပြေ။ သေချာတာ ကတော့ ညပိုင်းက ကြော်ထားတဲ့ ထမင်းကြော်တွေပဲ ဖြစ်ရမယ်။အဲဒီအတွက် ဘာမှစောဒက မတက်လို တော့ပါ။ ဆယ်မိနစ် လောက်ကြာတဲ့ အထိ ဆိုင်ထဲမှာ ထိုင်နေလိုက်ပြီး အစောက စီးနင်း လိုက်ပါလာတဲ့ ကားပေါ်က ခရီးသည်တွေတောင် အသီးသီး ကားငှားသူငှား၊ လာကြိုတဲ့သူက လာကြိုကြလို့ လူစုကွဲ သွားကြပြီ။ ခရီးဆောင် အိတ်ကို ပခုံးမှာ ကျကျနန ဘေးတိုက်လွယ် ပစ်လိုက်ပြီး ဆိုင်ထဲကနေ အပြင်ထွက် လာလိုက်ပါတယ်။ ဘယ်အချိန် ကတည်းက စောင့်ကြည့် နေကြတယ် မသိ။ ဆိုင်အပြင် ရောက်တာနဲ့ အစောကလိုပဲ တက္ကစီ သမားတွေ အနားကို ချဉ်းကပ် လာကြပြန်တယ်။ ကားငှားအုံး မလားဆိုတဲ့ အမေးကို ဒီတစ်ခါတော့ ငြင်းမပစ် ခဲ့တော့ပါ။ ဒါပေမဲ့ ဈေး စကားတော့ ပြောရအုံးမယ်။

ကျွန်တော်သွားမယ့် နေရာကို ပြောလိုက်တော့ ရှစ်ထောင် တောင်းပါတယ်။ ခေါင်းကို တစ်ချက်ခါရမ်း လိုက်ပြီး '' များလိုက်တာကွာ ရှစ်ထောင် ကြီးများတောင် ဘာဝေးတာ မှတ်လို့ ''ဆိုပြီး မာန်ပါပါနဲ့ ငြင်း လိုက်ပါတယ်။

မုသားမပါ လင်္ကာမချော ဆိုတဲ့အတိုင်း ဒီအရပ် ဒီဒေသကို တစ်ခေါက် တစ်ခါမှ မရောက်ဖူးတဲ့ သူက များတယ်လေ၊ ဘာဝေးတာ မှတ်လို့လဲဆိုတဲ့ စကားကို ပြောမိတော့ စိတ်ထဲ မလုံမလဲ ဖြစ်မိပါတယ်။ ဒါပေမဲ့ ဒီလိုစကား အသွားအလာ တွေက ဈေးသည်နဲ့ ဈေးဝယ်ကြား တွေမှာ ဘာထူးဆန်းတာ မှတ်လို့။ ကျွန်တော့်ဆီက ဒီစကားထွက်လာလိုက်တော့ တခြားသူတွေအနားကို ရောက်လာကြပြီး ဒီဈေးနဲ့ဒီခရီး မများဘူးဆိုတဲ့ အကြောင်း ပြောကြပါတယ်။ ဖျောက်ခနဲ မြည်အောင် လက်ဖျောက်တစ်ချက် တီးလိုက်ပြီး ဒီလောက်ဆိုရင် ဟုတ်မှာပါလေ ဆိုပြီး ရှစ်ထောင်ဈေးနဲ့ ခေါ်သွားဖို့ သဘောတူ လိုက်ပါတယ်။

ကားပေါ် တက်ထိုင် လိုက်ပြီးလို့ ကားမောင်းမယ့် သူကို ကြည့်မိလိုက် တော့ အစောက စတင်ခေါ်တဲ့သူ မဟုတ်တော့ဘဲ တခြားသူ တစ်ယောက် ဖြစ်နေတာကို တွေ့ရတယ်။ ဘာမှတော့ ထွေထွေထူးထူး မခံစားမိဘူး။ ဒါပေမဲ့ ကားပေါ် တက်ခါနီးမှာ အဆင်ပြေ တယ်နော်။ ရှစ်ထောင်ဆိုတဲ့ စကားသံကို ကြားလိုက်ရတော့ သူတို့ချင်း လက်ဝါးချင်း ရိုက်ထား ကြပြီဆိုတာ သဘောပေါက်မိ လိုက်ပါတယ်။

ကားက မြို့တွင်းလမ်းမ တစ်နေရာ ဆီကို ဦးတည်လိုက် ပါတယ်။ ကားကြီး၊ ကားငယ် အသွယ်သွယ် ကြားကနေ တရွေ့ရွေ့နဲ့ မောင်းနှင် သွားခဲ့ပါတယ်။ နာရီဝက် လောက်တော့ မောင်းလိုက်ရမယ် ထင်တယ်။ တည်းခိုမယ့် နေရာလေးကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိခဲ့ ပါတယ်။ မိတ်ဆွေက ကားပေါ်က ဆင်းဆင်းချင်း ခရီးဦးကြိုဆိုမှု ပြုပါတယ်။ ခရီးဆောင်အိတ်ကို ကားပေါ်ကချပြီး ကျသင့်ငွေ ရှင်းမယ် လုပ်တော့မှ မိတ်ဆွေက ကားကို ဘယ်လောက်နဲ့ ဈေးစကား ပြောလာတာလဲ လို့ မေးလို့ အကြောင်းစုံ ပြောပြလိုက် ရပါတယ်။ မိတ်ဆွေက ရှစ်ထောင် များကြောင်း၊ ဒီနေရာနဲ့ ဒီနေရာ အဲဒီလောက် တောင်းဖို့ မလိုကြောင်း၊ အများဆုံး ခြောက်ထောင့်ငါးရာ လောက်သာ ယူဖို့ ပြောပါတယ်။ ကျွန်တော်ကတော့ ဘေးကနေ အသာလေး နားထောင် နေလိုက်ပါတယ်။ ကားဆရာကလဲ များတယ်နည်းတယ် ဆိုတာ သူဘာမှ မသိဘူးဆိုတဲ့ အကြောင်း ပြောသလို၊ သူက ဟိုလူနဲ့ ဧည့်သည်
ရှစ်ထောင်ဈေးနဲ့ တည့်တယ်ဆိုပြီး လိုက်မောင်း ရတာလို့ ပြောပါတယ်။ ဟိုလူဆိုတာ အစောက သူတို့ကို ဈေးစကား ပြောတဲ့သူပဲ ဖြစ်မယ်။ နောက်မှ သိလိုက်ရတာက အဲဒီလူက ခရီးသည်တွေ လိုက်ခေါ်ပေးတဲ့ အလုပ်ကို လုပ်ပြီး ခရီးသည်အပေါ် ကနေ ငွေကျပ် တစ်ထောင်ကို နှစ်ရာနှုန်းနဲ့ ခရီးသည် ခေါ်ပေးခ ရပါတယ်။ များများ တောင်းနိုင်ရင် သူ့အတွက် များများ ကျန်မှာပါ။ အခု ရှစ်ထောင်ဆိုတော့ သူ့အတွက် ငွေကျပ် တစ်ထောင့် ခြောက်ရာ ရရှိမှာ ဖြစ်သလို ကျန်တဲ့ငွေ ကိုတော့ တက္ကစီသမား ရမှာပါ။

ရှစ်ထောင်ကို မပေးနိုင်ဘူးလို့ တင်းခံ နေတာကြောင့် တက္ကစီ မောင်းသမားက အစောက ခရီးသည် ခေါ်ပေးတဲ့ လူဆီကို ဖုန်းပြန် ဆက်ပါတယ်။ တက္ကစီသမား မျက်နှာပေါ် မှာတော့ ဒေါသ အရိပ်အရောင် လွှမ်းမိုး လာတာကိုလဲ တွေ့ရသလို တစ်ဖက်လူ ကိုလဲ မကျေမချမ်း ဖြစ်ကာ ဆဲရေးတိုင်းထွာ နေတာကို အတိုင်းသား ကြားရတယ်။ ''မင်းတို့ အဲဒီလို မလုပ်နဲ့ကွ၊ ခရီးသည်နဲ့ စကားကို တစ်ခါတည်း ပြတ်အောင်ပြော၊ မင်းတို့ အဲဒီလို လုပ်တော့ ငါတို့က ကြောင်းရေ နာတယ်ကွ '' မာမာထန်ထန်နဲ့ ပြောပြီး ဖုန်းချလိုက် ပါတယ်။ တစ်ဖက်လူ ကတော့ ဘယ်လို ပြောလိုက်တယ် ဆိုတာ မသိပါဘူး။

ပြီးမှ ကျွန်တော်တို့ ဘက်ကိုလှည့်ပြီး ''အဲဒီလူက ပွဲစားလေ။ ကြားကနေ ခရီးသည် ခေါ်ပေးတာ။ သူနဲ့ စကားပြတ် ပြီးပြီထင်လို့ ကျွန်တော်က လိုက်လာတာ။ ကျွန်တော့်အတွက် ဒီနေ့အဖို့ ကြောင်းရေ နစ်နာသွားပြီ '' ဆိုပြီး ကျွန်တော် ပေးလိုက်တဲ့ ခြောက်ထောင့်ငါးရာ ကို ကားခေါင်းထဲက ဘုတ်ခုံပေါ် ပစ်တင်လိုက်ကာ လီဗာကို ဖိနင်းပြီး မောင်းထွက်သွား ခဲ့ပါတယ်။ ''ကားသမားတွေ ကလဲ လူလည်တွေ ချည်းပဲ၊ ပွဲစားတွေရော၊ ပွဲခတွေရော ဘာတွေမှန်းကို မသိဘူး။ ရှုပ်နေတာပဲ။ မာယာတွေ ကလဲ များလိုက်ကြတာ။ သတိထားနော် ရန်ကုန်မြို့ကြီး ကို လျှော့တော့ မတွက်ထားနဲ့'' လို့ မိတ်ဆွေက သတိပေးစကား ဆိုတော့ ကျွန်တော့် အနေနဲ့ ခေါင်းကိုညိတ်ပြ လိုက်ပြီး စတင်ကြုံတွေ့ လိုက်ရတဲ့ ရန်ကုန်မြို့ရဲ့ မာယာတွေကိုလဲ အံ့သြနေမိ ပါတော့တယ်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger