www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, April 5, 2015

စဥ့်ကိုင်မြို့နယ် ပလိပ်အင်းအတွင်း နှစ်စဉ် ဖေဖော်ဝါရီနှင့်မတ်လ တို့တွင် ငှက်မျိုးစိတ် အများဆုံးနှင့် အရေအတွက် အများဆုံးကျက်စား


မန္တလေး ၊ ၅-၄-၂၀၁၅

စဥ့်ကိုင်မြို့နယ် ပလိပ်အင်း အတွင်းသို့ လာရောက် ကျက်စားသည့် ရာသီအလိုက် ပြောင်းရွှေ့ နေထိုင်သော ငှက်များနှင့် ပတ်သက်၍ လေ့လာမှု မှတ်တမ်းများ အရ နှစ်စဉ် ဖေဖော်ဝါရီ နှင့် မတ်လတို့တွင် ငှက်မျိုးစိတ် အများဆုံးနှင့် အကောင်ရေ အများဆုံး ကျက်စား ကြကြောင်း မြန်မာငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ ငှက် လေ့လာရေး ပညာရှင်၏ ပြောပြချက် အရ သိရသည်။

ရာသီအလိုက် ပြောင်းရွှေ့ ကျက်စားသော ငှက်များသည် ပလိပ်အင်းသို့ နှစ်စဉ် ဒီဇင်ဘာမှ စတင်ဝင်ရောက် ကြပြီး မတ်လ ကုန်ပိုင်းတွင် ၄င်းတို့၏ ဌာနေ ဒေသသို့ ပျံသန်းထွက်ခွာ ကြသည်။ မြန်မာနိုင်ငံ အတွင်း၌ ဥဥ သားပေါက်သော ဒေသ ငှက်မျိုးစိတ် ၁၅ မျိုးခန့်သာ ပလိပ်အင်း အတွင်း တစ်နှစ်ပတ်လုံး ကျက်စား ကြသည်။

ပလိပ်အင်းအတွင်း လာရောက် ကျက်စားသည့် ငှက်များကို ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၅ ရက်ထိ ကွင်းဆင်း လေ့လာ တွေ့ရှိချက်များ အရ ရေငှက်မျိုးစိတ် ၂၉ မျိုးဖြစ်ပြီး ရာသီအလိုက် ပြောင်းရွှေ့ ကျက်စားသည့် ဆောင်းခိုငှက် ၁ဝ မျိုးနှင့် မြန်မာနိုင်ငံ အတွင်း နေထိုင် ပေါက်ဖွားသည့် ငှက်မျိုးစိတ် ၁၅ မျိုးမှ ၁၉ မျိုးထိ တွေ့ရသည်။

ကျက်စားသည့် ငှက်မျိုးစိတ်များတွင် ကမ္ဘာ့ရှားပါး စာရင်းဝင် ဥပန်းငှက်မျိုးစိတ်များ အကောင်ရေ များစွာ ကျက်စားကြောင်း တင်ကျီး၊ တောငန်း၊ ဘဲရစ်၊ ဘဲမြီးသွယ်၊ ရှိုဗယ်လာဘဲနှင့် ရေငှက်ကြီးမျိုး များဖြစ်သော ခရုတုတ်ငှက်၊ ခရုစုတ် ခေါင်းမည်း၊ ငဟစ်မွဲ၊ ငဟစ်ငှက်မျိုး တို့လည်းများစွာ ကျက်စားကြောင်း လေ့လာချက်များ အရ သိရသည်။ ထို့ပြင် မျိုးသုဉ်း အန္တရာယ်နှင့် ရင်ဆိုင်လု မျိုးစိတ်ဖြစ်သော ငှက်မျိုးစိတ် များလည်း လာရောက် ကြကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ နှစ်စဉ် ပျံသန်း ရောက်ရှိလာသော ရာသီအလိုက် ပြောင်းရွှေ့ ကျက်စားသည့် ရေငှက်များတွင် ရေဘဲ၊ ဘဲငန်း၊ ကမ်းခြေနေငှက်၊ ကမ်းစပ်နေ ခြေတံရှည်ငှက်၊ ပင်လယ်ငှက် တို့ ပါဝင်သည်။ ရေချို၊ ရေတိမ်ဒေသ များတွင် ကျက်စားသည့် ငှက်များ လေ့လာမှု မှတ်တမ်းများ အရ မြန်မာနိုင်ငံသို့ နှစ်စဉ် လာရောက် ဆောင်းခို ကျက်စားသည့် ရေပျော်ငှက် မျိုးစိတ်ပေါင်း ၈၈ မျိုးဖြစ်ပြီး အကောင်ရေ သိန်းနှင့် ချီကာ တရုတ်၊ မွန်ဂိုရီးယား၊ ရုရှားနိုင်ငံ တို့မှ လာရောက် ကြကြောင်း သိရသည်။ 

နှစ်စဉ် လာရောက်သည့် ဆောင်းခိုငှက် များတွင် မျိုးစိတ် ၁၂ မျိုးသည် ကမ္ဘာ့ရှားပါး စာရင်းဝင် ငှက်မျိုးစိတ်များ ဖြစ်ပြီး ပလိပ်အင်းသို့ ဆောင်းခိုငှက် ဝင်ရောက်မှုမှာ ဖေဖော်ဝါရီနှင့် မတ်လတို့တွင် အများဆုံး ဖြစ်ကြောင်း မှတ်တမ်းများ အရ သိရသည်။ (၁၈ဝ)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger