www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 6, 2015

လက်ဖက်ရည်ဆိုင်မှ ကျကွဲသံများ


လက်ဖက်ရည်ဆိုင်မှ ကျကွဲသံများ

မဒါလေး

မန္တလေးမြို့ကို ရောက်သည်နှင့် နေရာ အနှံ့အပြားတွင် အတော်များများ တွေ့ရသည်က လက်ဖက်ရည်ဆိုင် များပင် ဖြစ်သည်။ လက်ဖက်ရည်ဆိုင် အတော် များများတွင် နယ်မှလာသော အလုပ်သမား များကိုသာ ခန့်ထား ကြသည်ကိုလည်း တွေ့မြင် ရသည်။ နေ၊ စား၊ငြိမ်း ငွေကျပ် သုံးလေးသောင်း ခန့်ရသဖြင့် ရွာတွင် အလုပ်အကိုင် မရှိသည်နှင့် စာလျှင် တစ်ဖက် တစ်လမ်းက မိဘကို ကူနိုင်သေးသည် မဟုတ်ပါလား။

ကျွန်တော် ကိုယ်တိုင်တက္ကသိုလ် မတက်မီက နယ်မှ တက်လာကာ လက်ဖက်ရည် ဆိုင်တွင် ဝင်လုပ် ဖူးသည်။ နေစရာ၊ စားစရာ ပူစရာမလိုဘဲ ငွေကျပ် တစ်သောင်း၊ နှစ်သောင်းခန့် ရသဖြင့် ကျွန်တော်တို့ ခေတ်တွင် တော်တော် အဆင်ပြေသည်။ နံနက် နှစ်နာရီခန့် ဆိုလျှင် အိပ်ရာမှ ထရသည်။ ရေ၊ မီး၊ ထင်း စုံအောင် ပြင်ဆင်ထား ရသည်။

အဖျော်ဆရာ ကဖျော်၊ အချက်ဆရာ ကချက်၊ အသုပ်ဆရာ ကသုပ် နှင့် မန္တလေး လက်ဖက်ရည် ဆိုင်က ကျွန်တော်တို့ နယ်မှ ဆိုင်များကဲ့သို့ မဟုတ်ဘဲ တော်တော် အလုပ်များ လှသည်။ ထိုဆိုင်တွင် ၂ နှစ်၊ ၃ နှစ်ခန့်
နေသဖြင့် နံပြားဖုတ်သည် ကအစ အသုပ်စုံထိ အတော် များများကို ကျွန်တော် လုပ်တတ် နေသည်။

ထိုဆိုင်မှပင် အဝေးသင် ပထမနှစ်ထိ ကျောင်းတက် ခဲ့သည်။ ဒုတိယနှစ်တွင် အကြောင်း အမျိုးမျိုးကြောင့် အဆောင်မှ ကျောင်းတက် ခဲ့သည်။ ထိုအထဲတွင် အဓိက အကြောင်းမှာ အလုပ်အကိုင် နှင့် ပတ်သက်၍ သူငယ်ချင်းများ နှင့်ပြောလျှင် ကျွန်တော့် အလုပ်က စားပွဲထိုး ဖြစ်သဖြင့် ကျွန်တော့် အလုပ်အပေါ်တွင် တဖြည်းဖြည်း ယုံကြည်ချက် မဲ့လာခဲ့သည်။ သို့အတွက် အဆောင်မှပင် ကျောင်းတက်ရန် ဆုံးဖြတ်ကာ အလုပ်မှ ထွက်ခဲ့သည်။

ထိုစဉ်က ကျွန်တော်တို့ ဆိုင်ပိုင်ရှင်မှာ အလွန်သဘော ကောင်းသည်။ အလုပ်သမား များကို တန်းတူညီတူ ဆက်ဆံသည်။ စည်းကမ်းနှင့် လူမှုရေးကို တစ်ကန့်စီ ကန့်ထားသည်။ အစားအသောက် ကအစ ထိုဆိုင်တွင် လုပ်နေစဉ်  အတွင်း အကျန်ဟူ၍ မစားဖူးခဲ့ပေ။ ဝန်ထမ်းများကို စည်းစနစ်နှင့် သေချာချက်ပြုတ် ကျွေးသည်။ နေရေး၊ ထိုင်ရေး ကအစ အဆင်ပြေ စေရန် ဂရုစိုက် ပေးသည်။

နောက်ဆုံး အိပ်လျှင် ခြင်ကိုက်မည် ကအစ ကိုယ်တိုင် ဂရုတစိုက်နှင့် သန့်ရှင်းရေးကို ဦးစားပေး နေစေသည်။ သူ၏ အလုပ်သမား အားလုံး ကလည်း အမြဲတက်ကြွ နေသည်။ ထိုစဉ်က တက္ကသိုလ် ကျောင်းသား စားပွဲထိုး အလုပ်နှင့် ပတ်သက်ပြီး ရှက်တတ်ခဲ့သော ကျွန်တော် ယနေ့ လက်ဖက်ရည် ဆိုင်များမှ အလုပ်ခေါ်သော ဘွဲ့ရ မန်နေဂျာ ရာထူးကို မြင်သောအခါ ပြုံးမိသည်။ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းပြီး၍ သူငယ်ချင်းများ အလုပ်ရှာရန် ဗျာများ နေချိန်တွင် သူငယ်ချင်း တစ်ဦးက မန္တလေးမြို့ရှိ နာမည်ကြီး ယူနီစန် လက်ဖက်ရည် ဆိုင်မှ '' (မန်နေဂျာ) ဘွဲ့ရပြီးသူ ဖြစ်ရမည်'' ဆိုသည့် ကြော်ငြာပါသော သတင်းစာကို ယူခဲ့ကာ ကျွန်တော့် အတွက်က အလုပ် အဆင်သင့်ပြီ၊ သူတို့မှာသာ အလုပ်ရှာဖို့ ပြေးလွှား ရဦးမည်ဟု ပြောဖူးသည်။

''ခွမ်း . ..'' ရုတ်တရက် အတွေးတို့ လွင့်မျော နေချိန်တွင် အသံ တစ်ခုကြောင့် လန့်သွားသည်။ အနီးရှိ စားပွဲဝိုင်းမှ ကလေးကြောင့် ရေနွေးခွက်များ ကျကွဲသွားခြင်း ဖြစ်သည်။ ဆိုင်ရှင်က စားပွဲထိုးလေး များကို သေချာရှင်းလင်း စေသည်။ ကလေးကိုလည်း ''ရေနွေးပူ သွားသေးလား'' ဟု ကိုယ်တိုင် ထမေးသည်။ မိဘများက အားနာစွာဖြင့် လက်ဖက်ရည် ဖိုးထဲတွင် ခွက်ဖိုး ထည့်တွက်ရန် ပြောရာ ဆိုင်ရှင်က ရယ်မောကာပင် ''ကလေးနဲ့ ရန်ဖက် မဖြစ်တော့ ပါဘူးဗျာ ဒါမျိုးက ဖြစ်တတ် ပါတယ်'' ဟုပြောကာ ကောင်တာဆီသို့ ပြန်သွားသည်။ ကျွန်တော့် ရင်ထဲမှ အဖြူရောင် အပြုံးတစ်ပွင့် သဘောကျစွာ ခြွေမိသွားသည်။ ခဏအကြာ ''ခွမ်း .. ခွမ်း .. ခွမ်း..'' ဆိုင်၏ အနောက်ဘက်မှ စားပွဲထိုးလေး ဖန်ခွက်များ ကျကွဲခြင်း ဖြစ်သည်။ ဆိုင်ရှင်မှာ အပြေးထ သွားသည်။ သူသွားရာသို့ အလောတကြီး ကျွန်တော် လိုက်ကြည့် မိသည်။ စားပွဲထိုး ကောင်လေးတော့ သေချာသည် အဆူခံ ရတော့မလား၊ အရိုက်ခံ ရတော့ မလားဟု စိုးရိမ်စိတ် များလည်း ဝင်မိသည်။ ထိုဆိုင်ရှင်က တံမြက်စည်းကို အပြေးဆွဲယူ လိုက်သည်။ သေချာပါသည် သူရိုက် တော့မည်ဆိုတာ။

ထို့နောက်မှ မြင်ကွင်းက ကျွန်တော့်ကို မှင်တက်သွား စေပါသည်။ ပိုင်ရှင် က ဖန်ကွဲစများကို တံမြက်စည်းဖြင့် လှည်းကာ စားပွဲထိုးလေး ကိုလည်း ထိခိုက်မိ သွားသေးလား၊ လန့်နေ သလားဟု ဖေးဖေးမမ မေးရှာသည်။ မျက်လုံးကလေး ကလယ် ကလယ်နှင့် ထို ကလေးငယ်မှာ ခေါင်းလေး ယမ်း နေသည်။ ပြီးမှအနားမှ ကလေးများကို ရေခပ်တိုက်ရန် ပြောလိုက်သည်။ ''ဖန်ကွဲစတွေ မစူးအောင် သေချာကြည့် ကြအုံး'' ဟု ပြောကာ ကောင်တာတွင် ပြန်လာထိုင် နေသည်။ ထိုမှပင် ကျွန်တော့် ရင်ထဲမှ ပင့်သက်များ ချနိုင်ကာ ထိုပိုင်ရှင် ကိုလည်း ရင်ထဲမှ လေးစားမိ သွားသည်။ ထိုနေ့က လက်ဖက်ရည်မှာ ခါတိုင်းထက်ပင် ပိုချိုသယောင် ထင်ရသည်။

တစ်နေ့ အလုပ်ကိစ္စ တစ်ခုနှင့် သူငယ်ချင်း တစ်ဦးကို တွေ့ရန် ထို သူငယ်ချင်း ပြောသော လက်ဖက်ရည် ဆိုင်တွင် ထိုင်စောင့် နေသည်။ နေ့လယ် ဖြစ်သဖြင့် မန္တလေး နေပူအောက်တွင် လက်ဖက်ရည် ဆိုင်မှ ပန်ကာများ ကလည်း အေးအောင် လုပ်မပေး နိုင်ပါ။ ဟိုကြည့် သည်ကြည့် ဖြင့် မမြင်တာ ကြာသော မန္တလေး နွေနေ့လယ်ခင်း များအောက် လူများ လှုပ်ရှား နေကြသည်ကို ရင်ပူပူဖြင့်ပင် ထိုင်ကြည့် မိသည်။ မည်မျှပင် အပူချိန်မြင့် ပါစေ။ လက်ဖက်ရည် ဆိုင်ထိုင် လျှင်တော့ လက်ဖက်ရည် ပူပူကိုပင် တစ်ရှိုက်မက်မက် သောက်တတ် သည်က ကျွန်တော့် အကျင့် ဖြစ်သည်။ သူငယ်ချင်း ရောက်လာသဖြင့် စကားစမြည် ပြောမည် အပြုတွင် '' ခွမ်း … ခွမ်း..ခွမ်း.. ဂလွမ်း ''ဆိုင်နောက်မှ လက်ဖက်ရည် ခွက်များ ကျကွဲသံ ဖြစ်သည်။ ထိုအသံပင် မဆုံးသေး အစောက ကောင်တာတွင် ထိုင်နေသော ပိုင်ရှင်အသံက ဟိန်းခနဲ ထွက်လာသည်။ ''မင်းတို့တွေ သေချာကို မလုပ်ဘူး၊ ဒါတွေ ဘယ်လောက် တန်လဲ သိလား၊ အခုကွဲကုန်ပြီ .. မင်း .. ဒီလ လစာတော့ ရမယ် မထင်နဲ့တော့။ မင်းတို့ လူဖြစ်ပြီး လူပီသအောင် မနေဘူး။ လူလို မလုပ်ကြဘူး။ အခု ကွဲကုန်ပြီ''။ သူ၏ စကားတန်း ရှည်ကြီး နောက်တွင် စားပွဲထိုး ကောင်လေးမှာ အသံများ တုန်ကာ မျက်ရည်များ ကျနေသည်။ အသား မည်းမည်း ပိန်ပိန်နှင့် ထိုကလေးမှာ အညာသား လေးပင် ဖြစ်မည် ထင်သည်။

တစ်ချိန်က ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မြင်မိသည်။ ရုတ်တရက် ကျွန်တော် ထလိုက်သည်။ ''အခု ကွဲသွားတဲ့ ပန်းကန်တွေ အတွက် ကျွန်တော် ပေးပါ့မယ် ဘယ်လောက် ကျလဲပြောပါ။ ကလေး လစာတော့ မဖြတ်ပါနဲ့'' ဟု ပြန်ပြော လိုက်မိသည်။ ထိုပိုင်ရှင်မှ ကျွန်တော့် မျက်နှာကို စိုက်ကြည့်လျက် ''ငွေက အဓိက မဟုတ်ပါဘူး၊ သူတို့တွေ လူလိုမနေလို့ သိအောင် ပြောရတာ၊ ပိုက်ဆံ ဖြတ်ခံရမှ နောင်ဒါမျိုး မဖြစ်မှာ'' ဟု ပြန်ပြောသည်။ ကျွန်တော့် အိတ်ကပ်ထဲမှ ငွေတစ်သောင်း ထုတ်ကာ ကောင်တာပေါ် တင်လိုက်သည်။ ''ယူလိုက်ပါဗျာ ကလေး ကိုတော့ လစာ မဖြတ်ပါနဲ့''။ ထိုသို့ပြောကာ လက်ဖက်ရည် ဆိုင်ကို ကျောခိုင်း လိုက်သည်။ ထို ဆိုင်ပိုင်ရှင် ပြောသော လူမပီသဘူး ဆိုသည့်စကား မှာ ကျွန်တော့် ရင်ထဲသို့ ထိုးနှက် လိုက်သည်။ ကျွန်တော် သိသည့် လူပီသသည့် လူဆိုသည်မှာ သူတစ်ပါး အပေါ် စာနာစိတ် ရှိသူဟုပင် နားလည် ထားသည်။

ရုတ်တရက် ပြေးထွက်လာရာ နောက်မှ ခေါ်သော သူငယ်ချင်း အသံကြားမှ ပြန်အသိဝင် လာသည်။ သူငယ်ချင်းနှင့် အလုပ်ကိစ္စ ပြောရန် ကျန်သေးသည်။ နောက် လက်ဖက်ရည်ဆိုင် တစ်ဆိုင် ပြောင်းကာ ပြောရန် ဦးတည် လိုက်သည်။ ထိုခဏ စိတ်ထဲမှလည်း နောက်ဆိုင်မှာ သည်လို အသံများ မကြားရ ပါစေနဲ့ဟု ဆုတောင်း မိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger