www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 29, 2015

ပြည်တွင်းလုပ်ကိုင်ခွင့်ရ နိုင်ငံခြားဘဏ်များ ကျပ်ငွေဖြင့် ချေးရာတွင် ဗဟိုဘဏ်အတိုးနှုန်း သတ်မှတ်ချက် အတိုင်းသာ ဆောင်ရွက်ခွင့် ပြုမည်



ရန်ကုန် ၊ ၂၉-၄-၂ဝ၁၅

ပြည်တွင်း၌ လုပ်ကိုင်ခွင့် ရရှိထားသော နိုင်ငံခြားဘဏ်များ အနေဖြင့် ကျပ်ငွေဖြင့် ငွေချေးငှား ရာတွင် ဗဟိုဘဏ်၏ အတိုးနှုန်း သတ်မှတ်ချက် အတိုင်းသာ ချေးပေးရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ နိုင်ငံခြားဘဏ်များ အနေဖြင့် ပြည်တွင်း၌ လုပ်ကိုင်ရာ၌ လက်ရှိ ဝန်ဆောင်မှု စနစ်ဖြစ်သည့် Retail Banking စနစ်ဖြင့် မဟုတ်ဘဲ ငွေကြေး အဖွဲ့အစည်းများ၊ ဘဏ်များဖြင့် လုပ်ကိုင်ရသည့် Wholesale Banking စနစ်ကို လုပ်ကိုင်ခွင့်ပြု ထားပြီး နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေ နှစ်မျိုးစလုံး ကို လုပ်ကိုင် နိုင်မည် ဖြစ်သည်။ ထို့အပြင် နိုင်ငံခြားဘဏ်များ အနေဖြင့် မတည်ရင်းနှီးငွေ တင်ပြရာတွင် အမေရိကန် ဒေါ်လာ ၇၅ သန်းမှ ၇ဝ ရာခိုင်နှုန်းအား လုံးဝ အသုံးမပြုဘဲ ချန်လှပ်ထားပြီး ဘဏ်ခွဲတစ်ခု အနေဖြင့်သာ ဖွင့်လှစ်ခြင်း၊ နိုင်ငံခြား ကုမ္ပဏီ များနှင့် ပြည်တွင်းဘဏ် များကိုသာ ဘဏ်ဝန်ဆောင်မှု ပေးရမည် ဖြစ်ကြောင်း ကိုလည်း ထုတ်ပြန် ထားကြောင်း သိရသည်။

နိုင်ငံခြားဘဏ်များအား ပြည်တွင်းတွင် အထက်ပါ အတိုင်း လုပ်ကိုင်ခွင့်ပြုခြင်း အားဖြင့် ပြည်တွင်းဘဏ်များ အနေဖြင့် နည်းပညာပိုင်း ဆိုင်ရာ အကူအညီများ ရရှိလာမည် ဖြစ်ပြီး ခေတ်စနစ်နှင့် လျော်ညီသော ဘဏ်စနစ် တစ်ရပ် ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း သိရသည်။ ဧပြီ ၂၃ ရက်က ဂျပန်နိုင်ငံ အခြေစိုက် Sumitomo Mitsui Banking Corporation (SMBC) သည် ရန်ကုန်မြို့တွင် ရုံးခွဲအဖြစ် လာရောက် ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတွင် လုပ်ငန်း လုပ်ကိုင်ခွင့်ရ ပြည်ပဘဏ် ကိုးခု အနက် ဒုတိယမြောက် ဘဏ်ခွဲဖြစ်ကာ ပြည်တွင်း မိတ်ဖက်အဖြစ် ကမ္ဘောဇဘဏ် နှင့် တွဲဖက်လုပ်ကိုင် သွားမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁ ရက်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ပြည်တွင်းတွင် နိုင်ငံခြားဘဏ် ကိုးခုကို လုပ်ကိုင်ခွင့်ပြု ခဲ့ရာ ယင်းဘဏ်များမှာ သြစတြေးလျ နှင့် နယူးဇီလန်ဘဏ် Group ANZ ၊ ထိုင်းနိုင်ငံ အခြေစိုက် Bangkok Bank၊ ဂျပန်နိုင်ငံ အခြေစိုက် BTMU ၊ Mizubo ၊ SMBC Bank ၊ စင်ကာပူနိုင်ငံ အခြေစိုက် OCBC နှင့် UOB ၊ တရုတ်နိုင်ငံ အခြေစိုက် ICBC ၊  မလေးရှားနိုင်ငံ အခြေစိုက် May Bank တို့ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ပြည်ပ နာမည်ကြီး နိုင်ငံခြားဘဏ် များမှလည်း ပြည်တွင်း၌ ဝင်ရောက် လုပ်ကိုင်ရန် စိတ်ဝင်စားမှုများ ရှိနေပြီး လက်ရှိတွင် နိုင်ငံခြားဘဏ် များအား ပြည်တွင်းဘဏ် များနှင့် ပူးပေါင်း လုပ်ကိုင်ခွင့်ကိုသာ ခွင့်ပြုပေး ထားကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger