www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 15, 2015

ကိုးကန့်သောင်းကျန်းသူများ ဘန်ကာများဖြင့် အခိုင်အမာ ခံစစ်ဆင်ထားသော ပွိုင့်- ၁၅၈၄ တောင်ကုန်း အပါအ၀င် စန်တအိုက်ရှန် ကုန်းမြင့်ဒေသ အား သိမ်းပိုက်ရရှိ


လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာ နေရာများ




နေပြည်တော် ၊ ၁၅-၄-၂၀၁၅

ကိုးကန့် သောင်းကျန်းသူ အင်အား ၂၅၀ ဦးခန့် အခိုင်အမာ ခံစစ်ဆင် ထားသည့် ပါစင်ကျော် အရှေ့မြောက် ဘက်ခြမ်းရှိ ပေ ၅၁၀၀ ကျော် မြင့်မားသော ပွိုင့်- ၁၅၈၄ တောင်ကုန်းအား ယနေ့ မွန်းလွဲ ၁ နာရီတွင် တပ်မတော် စစ်ကြောင်းများက ရဲဝံ့စွန့်စားစွာဖြင့် တိုက်ခိုက် ချေမှုန်း သိမ်းပိုက် ရရှိခဲ့သည်။

ကိုးကန့် သောင်းကျန်းသူများ အခိုင်အမာ ခံစစ်ဆင် ထားသည့် ပွိုင့်- ၁၅၈၄ တောင်ကုန်းအား ဧပြီ ၅ ရက်နေ့ မှ စတင်၍ တပ်မတော် စစ်ကြောင်းများက လက်နက်ကြီး ပစ်ကူများ ၊ သံချပ်ကာ တိုက်ယာဉ် ပစ်ကူများ ရယူ၍ အသက်ကို ပဓာန မထားဘဲ စွန့်လွတ်စွန့်စား စိတ်ဓာတ်ဖြင့် အဆင့်ဆင့် ချေမှုန်း တိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက် ချေမှုန်းရာတွင် ကိုးကန့် သောင်းကျန်းသူများ အနေဖြင့် အခိုင်အမာ ဘန်ကာများ ပြုလုပ်ပြီး လက်နက်ကြီးများ ၊ လက်နက်ငယ်များ ၊ စနိုက်ပါများ ၊ စက်လတ်များ နှင့် လက်ပစ်ဗုံးများ အသုံးပြုကာ ပုံသေပစ်ကြောင်း ယူ၍ အဆင့်ဆင့် ခုခံ တိုက်ခိုက် ခဲ့သည်။ ကိုးကန့် သောင်းကျန်းသူ များ၏ ခုခံ တိုက်ခိုက်မှုကို တပ်မတော်သား များ အနေဖြင့် ရဲဝံ့စွန့်စားစွာဖြင့် ရန်ကူအား လှံစွပ်ထိုး တိုက်ခိုက် ချေမှုန်းမှု ၄၆ ကြိမ် တိုက်ခိုက်ချေမှုန်း ခဲ့ရသည်။ ရန်သူ အနေဖြင့်လည်း တပ်မတော် စစ်ကြောင်းများအား တန်ပြန် တိုက်စစ်ဖြင့် ခုခံ တိုက်ခိုက်မှု ၃၂ ကြိမ်ခန့် ပြုလုပ်ခဲ့ သော်လည်း တပ်မတော်သား များက ကြံ့ကြံ့ခံ ရင်ဆိုင်၍ တွန်းလှန် ချေမှုန်း တိုက်ခိုက်ခဲ့သည်။

ထို့အပြင် ကိုးကန့် သောင်းကျန်းသူ များ အနေဖြင့် အလျား ၁၂၀၀ မီတာ အနံ ၈၀၀ မီတာခန့်ရှိ ကျောက်စိုင် ကျောက်တုံးများ ပေါများသော ပွိုင့်- ၁၅၈၄ တောင်ကုန်းအား မြေ အနေအထား အရ အသာစီး ရယူပြီး အခိုင်အမာ ဘန်ကာများ ဆောက်လုပ် ထားခြင်းကြောင့် တပ်မတော် စစ်ကြောင်းများက တိုက်ရိုက်ပစ် လက်နက်ကြီး များဖြင့် တိုက်ခိုက် ချေမှုန်းခဲ့ရာ ရန်သူ၏ ဘန်ကာ ၁၄ လုံးအား ဖျက်ဆီး ချေမှုန်းနိုင် ခဲ့သည်။

ပွိုင့်- ၁၅၈၄ တောင်ကုန်းအား ကိုးကန့် သောင်းကျန်းသူ များက တောင်ကြားလမ်း တစ်လျှောက် အင်အား အစုအပြုံလိုက် ပိတ်ဆို့ခြင်း ၊ သဘာဝ အတားအဆီးများ ၊ လူလုပ် အတားအဆီးများ နှင့် မိုင်းထောင်ခြင်း များ ဆောင်ရွက် ထားသော်လည်း တပ်မတော်သား များအနေဖြင့် နိုင်ငံတော် ၊ တိုင်းရင်းသား ပြည်သူများ နှင့် တပ်မတော် အတွက် အချုပ်အခြာ အာဏာ တည်တံ့ရေး ၊ တည်ငြိမ် အေးချမ်းစွာ နေထိုင်နိုင်ရေး နှင့် အသက်အိုးအိမ် စည်းစိမ်းများ လုံခြုံရေး အတွက် အများပြည်သူများ အေးချမ်း ပျော်ရွှင်လျက် ရှိသော မဟာသင်္ကြန် ကာလအတွင်း အသက်ကို ပဓာနမထား ကိုယ်ကျိုး စွန့်လွတ်၍ ရဲဝံ့စွန့်စားပြီး ရန်သူအား တိုက်ခိုက် ချေမှုန်းခဲ့ ခြင်းကြောင့် ရယူ သိမ်းပိုက်နိုင်ခြင်း ဖြစ်ကြောင်း နှင့် ယင်း တောင်ကုန်းအား သိမ်းပိုက် ရရှိခြင်းကြောင့် စန်တအိုက်ရှန် ကုန်းမြင့် ဒေသအား မြေ အနေအထား အရ စိုးမိုးမှု ရရှိပြီး ဆုတ်ခွာသွားသော ရန်သူများအား အမြစ်ပြတ် တိုက်ခိုက် ချေမှုန်း နိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တပ်မတော် စစ်ကြောင်းများက ပွိုင့်- ၁၅၈၄ တောင်ကုန်းအား သိမ်းပိုက် ရယူပြီး ဆုတ်ခွာသွားသော ကိုးကန့် သောင်းကျန်းသူ များအား လိုက်လံ တိုက်ခိုက် ချေမှုန်းခဲ့ရာ ပွိုင့်- ၁၅၈၆ တောင်ကုန်းအား ထပ်မံ သိမ်းပိုက် ရရှိသည်။

အလားတူ ကိုးကန့် သောင်းကျန်းသူများ အနေဖြင့် စန်တအိုက်ရှန် ကုန်းမြင့်ဒေသ များရှိ တောင်ကြားလမ်း များအား အင်အား အများအပြား ပိတ်ဆို့ထားခြင်း ၊ သဘာဝ အတားအဆီးများ နှင့် လူလုပ် အတားအဆီး များ ၊ မိုင်းများ ထောင်ထား၍ ပိတ်ဆို့ခြင်းများ ဆောင်ရွက် ထားခြင်းကြောင့် တပ်မတော် စစ်ကြောင်းများ က ရန်သူ မမျှော်လင့်သော မြင့်မား မတ်စောက်သည့် တောင်ကြော များမှတစ်ဆင့် ရဲဝံ့စွန့်စားစွာ တိုက်ခိုက် ချေမှုန်း ခဲ့သည်။ ထိုသို့ တိုက်ခိုက် ချေမှုန်းခဲ့ ခြင်းကြောင့် ပေ ၆၀၀၀ ကျော် မြင့်မားသော ပွိုင့်- ၁၈၄၅ တောင်ကုန်းအား ဧပြီ ၉ ရက်တွင် သိမ်းပိုက် ရရှိခဲ့ပြီး ရန်သူ ဆုတ်ခွာရာ နောက်သို့ ထပ်ကြပ်မကွာ လိုက်လံ တိုက်ခိုက် ချေမှုန်းခဲ့ရာ တာကထန် ကျေးရွာအား ဧပြီ ၁၃ ရက်တွင် သိမ်းပိုက် ရရှိခဲ့သည်။ တာကထန် ကျေးရွာ အနေဖြင့် ပတ်ဝန်းကျင် ဒေသများအား ရေပေးဝေမှု အချက်အခြာ ကျသော နေရာ ဖြစ်ခြင်းကြောင့် တပ်မတော် စစ်ကြောင်း များက ဦးစားပေး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပွိုင့်- ၁၈၄၅ တောင်ကုန်း နှင့် တာကထန် ကျေးရွာ တို့မှ ဆုတ်ခွာသွားသော ကိုးကန့် သောင်းကျန်းသူများ အား တပ်မတော် စစ်ကြောင်းများက လိုက်လ်ံတိုက်ခိုက် ချေမှုန်းခဲ့ရာ ရန်သူမှ လက်နက်ကြီး ၊ လက်နက်ငယ် များဖြင့် ပြန်လည် ခုခံ တိုက်ခိုက်ခဲ့ပြီး ထိုသို့ ခုခံ တိုက်ခိုက်မှုများကို တပ်မတော် စစ်ကြောင်းများက လက်နက်ကြီး ပစ်ကူများ ရယူ၍ ဟန်ချက်ညီညီ ထိန်းချုပ် တိုက်ခိုက် ချေမှုန်းခဲ့ခြင်း ကြောင့် ယနေ့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် စင်းရွှေထန် ကျေးရွာ နှင့် ပတ်ဝန်းကျင် ဒေသအား သိမ်းပိုက် ရရှိခဲ့သည်။ 

ယင်းနောက် ရန်သူများ ဆုတ်ခွာရာသို့ လိုက်လံ ရှင်းလင်း ဆောင်ရွက်ရာ ညနေ ၆ နာရီခွဲတွင် အာစီကောင်း ကျေးရွာ နှင့် ပတ်ဝန်းကျင် ရှိ တောင်ကုန်း များအား ထပ်မံ သိမ်းပိုက် ရရှိသည်။

ထို့အတူ လောက်ကိုင်ဒေသ တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ ကိုးကန့် သောင်းကျန်းသူ များအား ကျူးကျော် ၀င်ရောက် တိုက်ခိုက်ချိန် တွင် စီစဉ် ညွှန်ကြားလျက် ရှိသော ရန်သူ့ ကွပ်ကဲမှုအဖွဲ့ အခြေပြုလျက် ရှိသည့် လုံထန် ကျေးရွာ အရှေ့ဘက်ရှိ မြင့်မား မတ်စောက်သော တောင်ကုန်း နှင့် ဟိုင်းကျိုက် ကျေးရွာ တို့အား တပ်မတော် စစ်ကြောင်း များက ဧပြီ ၅ ရက်မှ စတင်၍ ရန်သူများ မမျှောလင့်သည့် ကျောက်တောင် ထူထပ် မြင့်မား မတ်စောက်သော တောင်နံရံများမှ တစ်ဆင့် ရဲရဲတက် တိုက်ခိုက် ချေမှုန်း ခဲ့သည်။

ယင်းသို့ တိုက်ခိုက် ချေမှုန်းရာတွင် ကိုးကန့် သောင်းကျန်းသူ များက မြေ အနေအထား အသာစီး ရယူ၍ လက်နက်ကြီးများ ၊ စနိုက်ပါများ ၊ လက်ပစ်ဗုံး များဖြင့် ပြင်းပြင်း ထန်ထန် ခုခံ တိုက်ခိုက်ခဲ့ရာ တပ်မတော် စစ်ကြောင်း များက လက်နက်ကြီး ပစ်ကူများ ရယူ၍ တောင်ကြော တစ်လျှောက် အဆင့်ဆင့် ခြေကုပ်ယူကာ ရန်သူအား ဟန်ချက်ညီညီ ထိန်းချုပ် တိုက်ခိုက် ချေမှုန်း ခဲ့ခြင်းကြောင့် ယနေ့ မွန်းလွဲ ၃ နာရီတွင် သိမ်းပိုက် ရရှိခဲ့သည်။

ကိုးကန့်သောင်းကျန်းသူများထံမှ
သိမ်းဆည်းရမိ လက်နက်ခဲယမ်းများ




အထက်ပါ ဖြစ်စဉ်များတွင် ကိုးကန့် သောင်းကျန်းသူ များထံမှ ဖျက်ဆီး ချေမှုန်းခဲ့သော ဘန်ကာ ၁၄ လုံး အပါအ၀င် စုစုပေါင်း ဘန်ကာ ၄၄ လုံး ၊ အလောင်း ၂ လောင်း ၊ အာရ်ပီဂျီ ၈ လက် ၊ စက်လတ် ၂ လက် ၊ စနိုက်ပါ ၁ လက် ၊ အမ်(၂၂) ၁၁ လက် ၊ ကေ(၁၂) ၁ လက် ၊ အေကေ(၄၇) ၂ လက် ၊ ၀မ်ချက်စတာ ၁ လက် ၊ အာရ်ပီဂျီ ဒုံးသီး ၄၄ လုံး ၊ ပို့ကျည် ၅၁ တောင့် ၊ ကျည်မျိုးစုံ ၉၃၈၆ တောင့် ၊ ကျည်အိမ်မျိုးစုံ ၃၉ ခု ၊ လက်ပစ်ဗုံး ၁၇၀ လုံး ၊ တိုက်မိုင်း ၁၅ လုံး ၊ ရှေ့ထွက်မိုင်း ၄ လုံး ၊ ရှပ်ကွဲမိုင်း ၁ လုံး ၊ ဒီတိုနီတာ ၂၃ ခု ၊ စစ်လတ်ကျည် ခါးပတ်တွဲ ၅ ခု ၊ ၄၀-မမ ဗုံးသီး ၅ လုံး ၊ ကျင်းတူး ကိရိယာ ၂၀ ခု ၊ မိုင်းရှာစက် ၁ လုံး ၊ ရီမုတ် ၃ ခု ၊ ကျောပိုးအိတ် ၂ လုံး ၊ မိုးကာတဲ ၂ လုံး ၊ အီကွေ့မန့် ၃ စုံ ၊ မီးစက် ၁ လုံး ၊ အသံချဲ့စက် ၁ လုံး ၊ လော်စပီကာ ၁ ခု ၊ ဓာတ်ငွေ့ကာ မျက်နှာဖုံး ၂ ခုတို့အား သိမ်းဆည်း ရမိပြီး တပ်မတော် မှ အရာရှိ ၊ စစ်သည် ၁၆ ဦး နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့ကာ အရာရှိ ၊ စစ်သည် ၁၁၀ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

ကိုးကန့်သောင်းကျန်းသူများ ၏ အခိုင်အမာ ပုံသေပစ်ကျင်းများ



ကိုးကန့် သောင်းကျန်းသူများ အနေဖြင့် ပါစင်ကျော် အရှေ့မြောက် နှင့် အရှေ့ဘက် ဒေသတွင် အဓိက မြေနေရာများ ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ ဆုတ်ခွာ ထွက်ပြေးလျက် ရှိရာ တပ်မတော် စစ်ကြောင်း များက နှစ်နိုင်ငံ နယ်နိမိတ် မျဉ်းအထိ အဆင့်ဆင့် ထိန်းချုပ် တိုက်ခိုက် ချေမှုန်းလျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger