www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 1, 2015

ရေနွေးကြမ်း သောက်ခြင်း အကျိုးကျေးဇူး


ရေနွေးကြမ်း သောက်ခြင်း အကျိုးကျေးဇူး

ကြည်မြင့်လွင် (မုဒြာ)

နွေရာသီ ရောက်လာသော အခါ လူအတော် များများသည် အပူဒဏ်ခံ ရသဖြင့် ရေအေးကိုသာ သောက်လို ကြသည်။ အမှန်မှာ ရေအေးသောက် ခြင်းထက် ရေနွေး သောက်ခြင်းက ပို၍ ခန္ဓာကိုယ် အတွက် အကျိုးရှိ သည်ကို မသိကြ၍ြ ဖစ်သည်။ အစာအိမ်နှင့် အူလမ်းကြောင်း ရှိ ဝမ်းမီး ခေါ် သက်စောင့်ဓာတ် သည် ရုတ်တရက် အအေးဓာတ် နှင့် တွေ့ရှိသော အခါ ဝမ်းမီးပျက် သွားတတ်သည်။

ဝမ်းမီးဆိုသည်မှာ သက်စောင့်ဓာတ် တစ်မျိုးဖြစ်သည်။ သာမန်အားဖြင့် အစာကြေဖို့ တာဝန်တစ်ခုသာ ယူရသည်ဟု ထင်ရသော်လည်း အသက်ရှည် ကျန်းမာရေး အတွက် အခြေခံ အကျဆုံးနှင့် အဓိက အကျဆုံး တာဝန်ကို ယူထားရသည်။ ရောဂါမှန်သမျှ အစာမကြေ ခြင်းမှ စသည်ဟု ဆိုခြင်းကြောင့် ရေအေးသောက်ပြီး ဝမ်းမီးငြိမ်း သွားလျှင် အစာမကြေ ရောဂါစ၍ ဖြစ်လာနိုင်သည်။ ရောဂါတစ်ခုကို ကုသရာတွင် လူနာသည် အစာစားချင်စိတ် ကောင်းစွာ ပေါ်ပေါက်လာပြီး စားလိုက်သော အစာလည်းကြေ ဝမ်းလည်းမှန် မှသာလျှင် ရောဂါ အမြစ်ပြတ် ပျောက်ကင်း သည်ဟု ယူဆနိုင်သည်။

နေပူထဲမှ ပြန်လာသူ တစ်ဦးသည် အိမ်ရောက်သော အခါ ရေခဲသေတ္တာ အတွင်းမှ ရေသန့်ဘူး တစ်ဘူးကို ယူပြီး မော့ချလိုက်သည်။ ထိုသူသည် နောက်တစ်နေ့တွင် အသံဝင် လည်ချောင်းနာ ဖြစ်ပြီး အစာမစားချင် ဖြစ်ရသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ရေခဲရေက ဝမ်းမီးကို ငြှိမ်းလိုက်သဖြင့် အစာအိမ် အတွင်းမှ သက်စောင့် အပူဓာတ်မှာ အအေးနှင့် ဖလှယ်ပြီး အထက်သို့ ကန်တက် သွားခြင်းကြောင့် လည်ချောင်းနာ ရခြင်း ဖြစ်သည်။အပူကန်၍ အသံအိုး ရောင်သွားလျှင် ရက်သတ္တ တစ်ပတ်ကြာ သည်ထိ အသံပြန် မထွက်သည်ကို တွေ့ရသည်။ ထိုကဲ့သို့ ဖြစ်သော လူနာမျိုးကို ရေနွေးပူပူတွင် ဆားထည့်ပြီး ပလုတ်ကျင်းခြင်း၊ ငုံထွေးခြင်း၊ လည်ချောင်းဆေးခြင်းဖြင့် အသံပြန်ထွက် လာအောင် ကုသနိုင်သည်။

ရှေးကမြန်မာ လူမျိုးများသည် တပေါင်း၊ တန်ခူး နွေရာသီ အပူရှိန်ပြင်းသော ကာလတွင် နေ့ခင်း၊ နေ့လယ် အလုပ်မလုပ်ဘဲ အနားယူကြသော အခါ မန်ကျည်းပင်ရိပ်၊ ထနောင်းပင်ရိပ်၊ ကုက္ကိုပင်ရိပ် တွင် ရေနွေးကြမ်းဝိုင်း ချပြီး ဆားလှော်ကို ခွက်ငယ် ကလေးဖြင့် ထည့်ထားကာ ရေနွေးကြမ်း အဖန်ရည်ဖြင့် ရောစပ်၍ သောက်လေ့ ရှိကြသည်။ ထိုနည်းဖြင့် အသံဝင်ခြင်း၊ လည်ချောင်း နာခြင်းမှ ကာကွယ်ရုံ သာမက နွေရာသီတွင် ဖြစ်လေ့ရှိသော ကျောက်ရောဂါ၊ ဝက်သက်ရောဂါ၊ မိတ်အိုင်း ခေါ် မိတ်ကြီး ထွက်သည့် ရောဂါများမှ ကာကွယ် နိုင်သည်ဟု ဆိုသည်။

ဥတုဘောဇန သင်္ဂဟကျမ်း တွင် ဖော်ပြထား သည်မှာ... 

ရေနွေးနှင့်သင့်သူ ။ ။ ဘေးထိုးရင်ကျပ်နာ ရှိသောသူ၊ နှာစေးသောသူ၊ လေနာရှိသောသူ၊ ကုပ်ခိုင်တောင့် သောသူ၊ ဝမ်းရောင်သောသူ၊ ကြက်မျက်သင့် သောသူ၊ ဝမ်းသက်သောသူ၊ အဖျားသစ် ရှိသောသူ၊ ရှူဟိုက်သောအနာ ရှိသောသူ၊ ဆီ၊ထောပတ် များစွာ စားသောသူ၊ သလိပ်နာ ရှိသောသူ၊ ဝမ်းကိုက်သောသူ၊ ဂူနာ ရှိသောသူ၊ ချောင်းဆိုးနာ၊ ပန်းနာ ရှိသောသူ၊ နှုတ်မမြိန် သောသူ၊ အမာပေါက်သော သူတို့သည် ရေအေးကို ကြဉ်ရှောင်အပ် ကုန်၏။ ထိုသူတို့သည် ရေအေး သောက်ခြင်း၊ ချိုးခြင်းကို မပြုအပ်ကုန်၊ ရေနွေးကိုသာ သုံးဆောင် အပ်ကုန်၏။ (ရေတို့၏ ဂုဏ်ကို ပြဆိုခြင်း အကြောင်းမှ)

စာရေးသူ၏ ဖခင် ယခုအခါ အသက် (၈၃)နှစ် ရှိပြီဖြစ်သည့် သတင်းစာ ဆရာ သတင်းထောက်ကြီး သည် ရေအေးမသောက် ရေနွေးကြမ်းကိုသာ နံနက်အိပ်ရာထမှ ညအိပ်ရာဝင်သည့် အချိန်ထိ သောက်သည်။ သူငယ်စဉ် သတင်းထောက် တာဝန် ထမ်းဆောင်စဉ် ကာလကလည်း မည်သည့်အရပ်သို့ ရောက်ရောက် ရေအေးမသောက် ရေနွေးကြမ်း ကိုသာ သောက်သည်ဟု ဆိုသည်။ ရေ အမျိုးမျိုးရှိသည် မြစ်ရေ၊ ချောင်းရေ၊ ကန်ရေ၊ တွင်းရေ၊ စိမ့်စမ်းရေ စသည်တို့သည် မိမိ သောက်နေကျ မဟုတ်လျှင် အစာ မကြေခြင်း၊ အော့အန်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း တို့ ဖြစ်နိုင်သည်။ ရေနွေးကြမ်း သောက်ခြင်းဖြင့် တစ်နည်းအားဖြင့် ရေကို ကျိုချက်၍ သောက်ခြင်းဖြင့် မည်သည့် အရပ်ကရေ ဖြစ်စေ အန္တရာယ်ကင်း စေနိုင်သည် ဟု ဆိုသည်။ အစာ မကြေခြင်း၊ ဝမ်းပျက်ခြင်း ဘေးမှလည်း ကာကွယ်ရာ ရောက်သည်ဟု ဆိုသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger