www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 25, 2015

ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း တစ်ဖက်နိုင်ငံသို့ သစ်များခိုးထုတ်နေမှုကို တပ်မတော်စစ်ကြောင်း များက ဖော်ထုတ်ဖမ်းဆီး ရာမှ KIA(ကချင်) အဖွဲ့နှင့် တိုက်ပွဲများဖြစ်ပွား


မံစီ ၊ ကိုက်ထိပ် ၊ မံဝိန်းကြီးဒေသ တိုက်ပွဲဖြစ်ပွားသည့် နေရာပြပုံ

တရားမ၀င်သစ်များ တင်ဆောင်ထားသည့် ယာဉ်တန်းကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၅-၃-၂ဝ၁၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အတွင်း မတ် ၂ဝ ရက် မွန်းလွဲပိုင်းတွင် တပ်မတော်မှ လေ့ကျင့်ရေး ဂျက်လေယာဉ် များက လေ့ကျင့် ပျံသန်းစဉ် ပလောင်ဒိန်ဆာ ရွာနှင့် မဂျီဂွမ်ရွာ အကြား၌ တရားမဝင် သစ်များ တင်ဆောင်ထားသည့် ယာဉ်တန်းအား တွေ့ရှိရကြောင်း သတင်းပို့ချက် အရ တပ်မတော် စစ်ကြောင်းများက အဆိုပါ နယ်မြေအတွင်း နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ရာ သစ်ခိုးထုတ် နေမှုများကို အကာအကွယ် ပေးနေသည့် KIA (ကချင်) အဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တပ်မတော် စစ်ကြောင်းများက သစ်များ ခိုးထုတ်သယ်ယူ နေမှုကို ဖမ်းဆီးရမိရေး အတွက် ပိတ်ဆို့တားဆီး ရှင်းလင်း ဆောင်ရွက်ခဲ့ရာ မတ် ၂၁ ရက် နံနက် ၁၁ နာရီခန့်တွင် ကိုက်ထိပ်- မံဝိန်းကြီး ဒေသ၊ မံစီ- ကိုက်ထိပ်မံဝိန်း ကြီးကားလမ်း မိုင်တိုင်အမှတ် (၃ဝ)၏ အနောက်ဘက် ၄ မိုင်ခန့် အကွာရှိ မထက်ကျေးရွာ အနီး၌ KIA (ကချင်)အဖွဲ့မှ အင်အားစု အချို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

KIA (ကချင်)အဖွဲ့က ၄င်းနေရာတွင် ယာယီတဲများ ဆောက်လုပ်၍ ပစ်ကျင်းများ တူးထားပြီး တပ်မတော် စစ်ကြောင်းများအား လောင်ချာနှင့် လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက် ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းများက စနစ်တကျ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ရာ KIA (ကချင်) အဖွဲ့များ ဆုတ်ခွာ သွားခဲ့သည်။ တပ်မတော် စစ်ကြောင်းက ဆုတ်ခွာသွားသော KIA (ကချင်) အဖွဲ့နောက်သို့ လိုက်လံ ရှင်းလင်းရာ ဖြစ်စဉ်နေရာ၏ တောင်ဘက် ၁ မိုင်ခန့် အကွာတွင် သစ်လုံး ၁၂ လုံး တင်ဆောင် ထားသော ၁ဝ ဘီးယာဉ် တစ်စီးအား သိမ်းဆည်း ရမိခဲ့သည်။

သိမ်းဆည်းရမိ ခဲ့သည့် သစ်လုံးများ တင်ဆောင်ထားသော ၁ဝ ဘီးယာဉ်အနီး လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းအား မတ် ၂၂ ရက် နံနက် ၈ နာရီခန့်တွင် KIA (ကချင်) အဖွဲ့များက ဖြန့်ခွဲ၍ စိန်ပြောင်း၊ လောင်ချာ၊ စက်လတ်များ၊ လက်နက်ငယ် များဖြင့် ဝိုင်းပတ်တိုက်ခိုက် လာသဖြင့် တပ်မတော် စစ်ကြောင်းက လေကြောင်းပစ်ကူ ရယူကာ ပြန်လည်တိုက်ခိုက်ခဲ့၍ ပြန်လည် ဆုတ်ခွာ သွားသည်။

တပ်မတော် လေယာဉ်များက ပစ်ကူပေး တိုက်ခိုက်ခဲ့ပြီး လေယာဉ်ကွင်းသို့ ပြန်လည် ပျံသန်းလာစဉ် သစ်များ တင်ဆောင် လာသော ယာဉ်တန်းအား ထပ်မံတွေ့ရှိ၍ ၄င်းယာဉ်တန်း အပေါ်မှ ဖြတ်ကျော် ပျံသန်းစဉ် ယာဉ်တန်းမှ လေယာဉ်အား ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် အဆိုပါ သစ်ခိုးထုတ် သယ်ဆောင် နေသည့် ယာဉ်တန်းအား တပ်မတော် လေယာဉ်များက ပြန်လည် ပစ်ခတ် တိုက်ခိုက် ခဲ့သည်။

ထို့အတူ မထက်ကျေးရွာ မြောက်ဘက်တွင် နယ်မြေရှင်းလင်း ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းကို မတ် ၂၂ ရက် ညနေ ၆ နာရီခန့်၌ KIA (ကချင်) အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက်သဖြင့် တပ်မတော် စစ်ကြောင်းက ပစ်အားသုံး ပြန်လည် တိုက်ခိုက်ခဲ့ရာ KIA (ကချင်) အဖွဲ့များ ပြန်လည် ဆုတ်ခွာ သွားခဲ့သည်။ ဆုတ်ခွာ သွားသော အဖွဲ့များ နောက်သို့ တပ်မတော် စစ်ကြောင်းက လိုက်လံ ရှင်းလင်းရာ မတ် ၂၃ ရက် နံနက်ပိုင်းတွင် KIA (ကချင်) အဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွား ခဲ့ပြီး ဆက်လက် ရှင်းလင်းရာ သစ်များ တင်ဆောင် ထားသော သစ်တင်ယာဉ် ၂၅ စီးအား သိမ်းဆည်း ရမိခဲ့သည်။

ဆက်လက်၍ ညနေပိုင်းတွင် တပ်မတော် စစ်ကြောင်းက အဆိုပါနေရာ ပတ်ဝန်းကျင်ရှိ တောင်ကုန်းများ၌ ဖြန့်ခွဲ နေရာယူ ထားသော KIA (ကချင်) အဖွဲ့များအား တိုက်ခိုက် ချေမှုန်းခဲ့ရာ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွား ခဲ့ပြီး လူနေတဲများနှင့် ပစ်ကျင်းများ တူးထားသည့် တောင်ကုန်း နှစ်ကုန်းကို သိမ်းပိုက် နိုင်ခဲ့သည်။

အလားတူ တပ်မတော် စစ်ကြောင်းများနှင့် KIA (ကချင်) အဖွဲ့များသည် မတ် ၂၁ ရက် ညပိုင်းတွင် မံစီ- ကိုက်ထိပ်- မံဝိန်းကြီး ကားလမ်းမိုင်တိုင် အမှတ်(၂၆) အနီး၌ လည်းကောင်း၊ မတ် ၂၃ ရက် မွန်းလွဲပိုင်းတွင် မထက်ကျေး ရွာ တောင်ဘက် နှင့် အနောက်ဘက် တို့တွင် လည်းကောင်း၊ လုံခြုံရေး ဆောင်ရွက် နေသော ကိုက်ထိပ်စခန်း တွင်လည်းကောင်း ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး သစ်တင်ယာဉ် တစ်စီးအား သိမ်းဆည်းရမိ ခဲ့သည်။

တပ်မတော် စစ်ကြောင်း များသည် တစ်ဖက်နိုင်ငံသို့ သစ်ခိုးထုတ် နေသည့်အဖွဲ့ များကို အကာအကွယ် ပေးနေသော KIA (ကချင်) အဖွဲ့များနှင့် မတ် ၂၁ ရက်မှ ၂၃ ရက်အထိ ထိတွေ့တိုက်ပွဲ ကိုးကြိမ် ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ လေကြောင်းပစ်ကူ တစ်ကြိမ် ဆောင်ရွက်ခဲ့၍ သစ်များ တင်ဆောင် ထားသည့် ယာဉ် စုစုပေါင်း ၂၇ စီးအား သိမ်းဆည်း ရမိခဲ့သည်။

တပ်မတော် အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို စွမ်းစွမ်းတမံ သက်စွန့်ကြိုးပမ်း ထမ်းရွက်လျက် ရှိသည့်အပြင် တစ်မျိုးသားလုံး လူညွန့်တုံး စေမည့် မူးယစ်ဆေးဝါး အန္တရာယ် ပူးပေါင်း ကာကွယ် တားဆီးခြင်း၊ နိုင်ငံတော်၏ မြေပေါ် မြေအောက် သယံဇာတ ပစ္စည်းများကို တရားမဝင် ခိုးထုတ် သယ်ဆောင် နေမှုများ မရှိစေရေး အတွက် ရှာဖွေ ဖော်ထုတ် ဖမ်းဆီးခြင်းများကို အမျိုးသားရေး တာဝန်အဖြစ် ခံယူ၍ ဆောင်ရွက်လျက် ရှိသည်။ ထို့ကြောင့် ကချင်ပြည်နယ် အတွင်းရှိ မြန်မာ့ အဖိုးတန် သစ်များအား မသမာသူ များက ကိုယ်ကျိုးစီးပွား အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ပူးပေါင်း၍ ခိုးထုတ် သယ်ယူနေမှု များကို ဖော်ထုတ်ဖမ်းဆီး ရမိရေးအတွက် တပ်မတော် စစ်ကြောင်း များက ဆက်လက် နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger