www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 23, 2015

ဘဲသား စားသုံးသူများပြားလာ၍ ၀ယ်လိုအား မြင့်တက်လာသော်လည်း ဈေးကွက်အတွင်း အ၀င်နည်းပြီး ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာ


ရန်ကုန် ၊ ၂၃-၃-၂၀၁၅

ပြည်တွင်း စားသုံးမှုဈေးကွက် အတွင်း ဘဲသားစားသုံးသူ ပိုမိုများပြား လာခြင်းကြောင့် ဝယ်လိုအား သိသာစွာမြင့်တက် လာသော်လည်း ဈေးကွက် အတွင်းသို့ ဘဲသား တင်ပို့မှုမှာ နည်းပါးလျက် ရှိပြီး လုံလောက်မှု မရှိ၍ ဘဲသား ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် မှ သိရသည်။

ဘဲသားဈေးနှုန်းများ မြင့်တက် လာရခြင်းမှာ ဈေးကွက် အတွင်းသို့ ဘဲသား အဝင်နည်းနေပြီး ဝယ်လိုအား များပြား နေခြင်းကြောင့် ဈေးနှုန်းမြင့်တက် နေသည့်အပြင် သင်္ကြန်ကာလ နီးကပ်လာပြီ ဖြစ်၍ အသား ဈေးနှုန်းများမှာ အနည်းငယ် မြင့်တက်လာခြင်း ဖြစ်ကြောင်း သင်္ဃန်းကျွန်း ကြက်ဘဲဈေးမှ ကြက်ဘဲဒိုင် ဦးနိုင်အောင် က ပြောသည်။

ဘဲသားဈေးနှုန်း များမှာ ယခင်က တစ်ပိဿာလျှင် ငွေကျပ်ငါးထောင် ဝန်းကျင်ဖြင့် ဝယ်ယူစားသုံး ခဲ့ကြ ရသော်လည်း ယခုအခါ တစ်ပိဿာလျှင် ငွေကျပ် ခုနှစ်ထောင် ဝန်းကျင်ဖြင့် ဝယ်ယူစားသုံး နေရသည်။ ခြံဖမ်းဈေးနှုန်း အနေဖြင့် ဘဲသား ရောင်းချသူများမှာ ယခင်က တစ်ပိဿာလျှင် ငွေကျပ် သုံးထောင် ဝန်းကျင်ဖြင့် ဝယ်ယူ ရောင်းချခဲ့ရ သော်လည်း ယခုအခါ ဘဲခြံဖမ်း ဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် သုံးထောင့်ငါးရာ ဝန်းကျင်အထိ ဈေးရှိ လာခဲ့ကြောင်း သိရသည်။

''ဒီမှာ အခုနောက်ပိုင်း ဘဲမွေးတဲ့ သူတွေ တော်တော်လေးကို တွက်ခြေကိုက် ပါတယ်။ ဝယ်ယူ စားသုံးသူတွေ ကလည်း များလာပါတယ်။ ပြီးတော့ စားသောက်ဆိုင်တွေ တော်တော်များများ ကလည်း ဘဲသားကို ဟင်းလျာအဖြစ် ချက်ပြုတ် ရောင်းချကြ တာပေါ့။ ဒီတော့ ဈေးကွက်ထဲမှာ အရင်လို မဟုတ်ဘဲ ဘဲသား ဝယ်လိုအားက သိသိသာသာ မြင့်တက် လာတာပေါ့။ ဒါပေမဲ့ ဘဲမွေးတဲ့ သူတွေက နည်းနေတယ်'' ဟု မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းစိန် က ပြောသည်။

ယခုအခါ ပြည်တွင်း၌ မွေးမြူလျက် ရှိသော ဘဲမျိုးစိတ်များမှာ အရည်အသွေး အနည်းငယ် ကျဆင်း လာခြင်းကြောင့် တရုတ်၊ မလေးရှား၊ ထိုင်း အစရှိသော ပြည်ပနိုင်ငံ များမှ အရည်အသွေး ကောင်းမွန်သည့် ဘဲမျိုးစိတ် များကို တင်သွင်း မွေးမြူ၍ ဘဲသား အရည်အသွေးကို အဆင့် မြှင့်တင်ရန် ပြင်ဆင်လျက် ရှိနေ ကြောင်း သိရသည်။ 

ထက်နေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger