ကြယ်ကြွေတစ်ပွင့်၏ ဦးတည်ရာ
မဒါလေး
ပြည့်ကျပ်နေသော ကားလမ်းမ ပေါ်မှ တအိအိ ကွေ့ပတ် မောင်းနေသော ကားပေါ်တွင် ဖြစ်သည်။ ရန်ကုန် ကဲ့သို့သော မြို့ကြီးတွင် ဤခရီး သွားရန် အတော်ပင် ရှည်လျားလွန်း လှသည်ဟု ခံစား လိုက်ရသည်။
လာခြင်း ကောင်းသော လူတစ်ဦး အတွက် အပြန်ခရီးကား ကွေ့ကောက် ရှည်လျားရုံ သာမက ကျပ်ညှပ်မှုများ ပြည့်နှက်၍ နေသည်။ ကားပေါ်မှ လူအားလုံး စကားများ တိတ်ဆိတ် နေကြသည်။ လူတစ်ဦး ချင်းစီ၏ မျက်နှာများကို ကြည့်မိရာ အားလုံးမှာ အေးစက် မာကျောလျက် ရှိသည်။ သူတို့ဘာများ တွေးနေကြ မည်နည်း။ တစ်ဦးချင်း စီ၏ စိတ်များကို ဝင်ကြည့်ချင် စမ်းပါဘိ။ အချိန် နာရီပေါင်း များစွာ ကျော်ဖြတ် အပြီးတွင်-
''ရေဝေး'' သုသာန်သို့ ရောက်ပါပြီ။ သူ့နေရာနှင့် သူ ဆိုင်ရာ နေရာများ သတ်မှတ် ထားသည်။ ချမည့် နေရာသည် ခရစ်ယာန် သင်္ချိုင်းတွင် ဖြစ်သည်။ ထုတ်လာသည့် အလောင်းမှာ ကိုရင်လေး တစ်ပါး၏ အလောင်း ဖြစ်နေသည်။
အံ့သြခြင်း များစွာဖြင့် မှင်တက်မိသည်။ ဘာကိုမျှ မေးမြန်းရန် အချိန်မရမီပင် ကားပေါင်း များစွာဖြင့် ကျောင်းသား ကလေးငယ်များ၊ ကိုရင်ငယ် များနှင့် ဦးပဉ္စင်းများ ဝင်လာကြသည်။ အလောင်းကို သရဏဂုံ တင်ကြသည်။ တရားနာ သူကနာ၊ မတ်တတ်ရပ် သူကရပ် နှင့် တစ်ဝက်တစ်ပျက် ကြည့်ရဆိုး လှသည်။ အပြီးတွင် ထိုကိုရင်လေး ရုပ်အလောင်းကို မီးသင်္ဂြိုဟ် စက်ထဲ ထည့်လိုက် ကြသည်။ ငိုသူမရှိ။ အားလုံးကတော့ စိတ်မကောင်းခြင်း များစွာ ဖြစ်နေကြသည်။ ဆရာတော် ဦးဆောင်သော ကျောင်းသားငယ် လေးများနှင့် ဆရာ၊ ဆရာမများ ကားများဖြင့် ပြန်လည် ထွက်ခွာ သွားကြပြီ။ ကျွန်မတို့လည်း ပြန်မည် အပြုတွင် အတူ ခေါ်လာသော ညီမငယ်က''ပြန်လို့ မရသေးဘူး...အစ်မ'' ဟု ပြောလာသည်။ ဘာဖြစ်လို့လည်း ဆိုသည့်သဘော နှင့် ကျွန်မ ကြည့်မိသည်။ ထိုညီမငယ် မှာ ကျွန်မနှင့် ခင်မင်ရင်းနှီး သော ခရစ်ယာန် ဘာသာဝင် မိန်းကလေး တစ်ဦး ဖြစ်သည်။
နာရေးသွားရန် အဖော်မရှိသဖြင့် အတူသွားရန် အကူအညီ တောင်း၍ ကျွန်မလိုက်ခဲ့ ပေးခြင်းဖြစ်ရာ သူနှင့်အတူ ပြန်ရမည်မှာ ကျွန်မတာဝန် ဖြစ်သည်။ ''အရိုးကောက်ပြီးရင် သူ့မိဘတွေ ဆန္ဒအတိုင်း ခရစ်ယာန် သင်္ချိုင်းမှာ အုတ်ဂူ လုပ်ပေး ရအုံးမယ် အစ်မ။ ဆုတောင်းပွဲလဲ လုပ်ရအုံးမယ် ပြီးမှပြန်ရမှာ''။
ထိုစကား ကြားမှ ကျွန်မတွင် မေးစရာများ တသီတတန်းကြီး ပေါ်လာသည်။ ''ဘယ်လိုကြောင့်လဲ ... အစ်မတော့ နားမလည် တော့ဘူး''။ အရိုးကောက်ရန် စောင့်ရသည်မှာ တစ်နာရီလောက် ကြာမည် ဖြစ်သဖြင့် ကားပေါ်တွင် စောင့်ရင်း အကြောင်းစုံ ပြောပြ ပါတော့သည်။ ထိုအကြောင်း ကို သိအပြီး မှာတော့ သနားစရာ ကိုရင်လေး အတွက် မျက်ရည်မှ တစ်ပါး ကျွန်မတို့ ဘာမျှ လုပ်မပေး နိုင်တော့ ပါလားဟု စိတ်မကောင်း ဖြစ်မိသည်။
ထို ကိုရင်လေး သည် နာဂတောင်တန်း ပန်ဆောင်ဒေသ မှဖြစ်ပြီး မိဘများမှာ ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသည်။ လမ်းပန်း ဆက်သွယ်ရေး ကအစ ပညာရေး အဆုံး ဖွံ့ဖြိုး တိုးတက်မှု အားနည်းသော ထိုဒေသတွင်ကလေးငယ်များ အတွက် မိဘများ အဓိက ပူပင်ကြသည်မှာ ပညာရေးပင် ဖြစ်သည်။ပညာမြင့်မှ လူမျိုးတင့်မည် ဆိုသော စကားကိုတော့ သူတို့ အတော်ပင် အလေးထား ကြသည်။ သို့သော် ပညာမြင့်ချင် လျှင်တော့ သူတို့ဒေသကို စွန့်ရမည် မှာလည်း အမှန်ပင် ဖြစ်နေသည်။ မူလတန်း ပြီးလျှင် အလယ်တန်း၊ အထက်တန်း အတွက် ကျောင်းစရိတ်မတတ်နိုင်ကြ သည်က များသဖြင့် ပညာရေး တစ်ပိုင်း တစ်စဖြင့် တောင်ယာ လုပ်နေကြရ သူက များသည်။
သို့အတွက် ရွာတွင် သာသနာပြု ကြွလာသော ဆရာတော် အကူအညီဖြင့် ရန်ကုန်တွင် ရှိသော ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွင် ပညာသင် ယူစေရန် ထည့်လိုက် ကြသည်။ အရပ်ဒေသ အစုံမှ လာကြသော တိုင်းရင်း သား ပေါင်းစုံ၊ လူမျိုးပေါင်းစုံ တို့ စုစည်းရာ နေရာဖြစ် သဖြင့် တစ်စိတ် တစ်ဝမ်းတည်း ဖြစ်စေရန် ဆရာတော်က အရွယ်ရောက်သူ အားလုံးကို ကိုရင်ဝတ်ဖြင့် ပညာသင်ကြား စေသည်။ ကျောင်းမနေ သေးသည့် အရွယ်ငယ် ကလေးများ ကိုတော့ ဝတ်စုံလေးများ စီမံကာ ကျွေးမွေးပြုစု စောင့်ရှောက် ထားသည်။ ကျောင်းထဲတွင်ပင် စာသင်ကျောင်း နှင့် ဆရာ၊ ဆရာမ နေထိုင် စားသောက်မှု ကအစ ပြည့်စုံစွာ စီမံထားသည်။ ဆရာ၊ ဆရာမ လုံလောက်မှုနှင့် ကလေးများကို စောင့်ရှောက်မှု ကောင်းမွန် ခြင်းများကြောင့် အနယ်နယ် အရပ်ရပ်မှ ကျောင်းနေရန် ခက်ခဲသော မိဘများက ကိုယ်တိုင် သော် လည်းကောင်း၊ လူကြုံနှင့် သော် လည်းကောင်း ရောက် အပ်နှံကြသည်။ ထိုကျောင်းတွင် ကိုရင်တို့ ကဲ့သို့ နာဂဒေသမှ ကလေး အများအပြား လည်း ရှိသည်။ ထိုအထဲတွင်မှ ဤ ကိုရင်လေးက ကံဆိုးသည်ဟု ပြောရမည်ပင်။ တောင်ပေါ်ဒေသ အအေးဒဏ်ဖြင့် အမြဲထိတွေ့ ခဲ့ရသော ခန္ဓာကိုယ်မှာ ရန်ကုန်နေ၏ အပူအောက်တွင် အရည် ပျော်ကုန်သည် ထင်ရသည်။ အဆုတ်ထဲ ရေဝင်ကာ ဆေးရုံ ရောက်ရသည်။ အထူးကြပ်မတ် ကုသပေးသည့် တိုင်အောင် ဆေးရုံရောက်ပြီး မကြာမီပင် ဆုံးပါးသွား ခဲ့ရသည်။ ကျန်းမာရေး မကောင်းစဉ်က မိဘများထံ ဆက်သွယ် အကြောင်းကြား ခဲ့သော်လည်း မိဘများက လာနိုင်သည့် အခြေအနေ မရှိပေ။ မိုးရာသီလည်း ဖြစ်သဖြင့် လမ်းများက သွားရန် ခက်ခဲသည်ဟု ဆိုသည်။ မိုးထဲရေထဲ လာလျှင် ရွာမှ မြစ်ကြီးနားထိ တစ်ပတ်ခန့် ကြာမည်။ ထိုမှ ရန်ကုန်ထိ ဆိုတော့ မပြောနှင့်တော့။ ယခုကတော့ လာရန်ပင် ရာသီဥတုအရ အဆင်မပြေ နိုင်သော အခြေအနေ ဖြစ်နေသဖြင့် ရန်ကုန်တွင် ရှိသော နာဂ လူမျိုးများထံ အကူအညီ တောင်းကာ သင်္ဂြိုဟ်ပေးရန် ပြောလာခြင်း ဖြစ်သည်။ သူတို့ သားလေး၏ နောက်ဆုံး ခရီးကို မြင်တွေ့စေရန် ဗီဒီယို ရိုက်ကူးကာ မှတ်တမ်းတင် ပေးကြသည်။ကုသိုလ် ကောင်းမှုများ လုပ်ပေး ကြသည်။ ယခု အရိုးကောက် ပြီးလျှင် အုတ်ဂူတည် ပေးရမည်။ သို့မှသာ မိဘများ ရန်ကုန်သို့ လာနိုင်ချိန်တွင် ထိုကလေးငယ် ၏ အရိုးဂူလေးကို အလွမ်းပြေ တွေ့မြင် နိုင်မည် ဖြစ်သည်။
ပြောနေစဉ် မှာပင် အရိုးပြာအိုး ရလာပြီ ဖြစ်သဖြင့် ကျွန်မတို့ အားလုံး ခရစ်ယာန် သင်္ချိုင်းဘက်သို့ ကူးခဲ့ ကြသည်။ ထိုသို့ ရောက်လျှင် အသင့်စောင့် နေသော လူများနှင့် ဘာသာရေး အကြီးအကဲ များက သူတို့ ဘာသာအရ ဆုတောင်းပေး ကြသည်။ ထို့စဉ် ရွာကျလာသော မိုးစက်များက ထို ကလေးငယ်၏ မျက်ရည် များလား (သို့မဟုတ်) မွေးရပ်မြေမှ မိဘများ၏ ဆို့နင့် ကြေကွဲစွာ ကျလာသည့် မျက်ရည်များကို ကိုယ်စားပြု လိုက်လေ သလား ဝေခွဲမရ ဖြစ်မိသည်။ မိဝေး ဘဝေးတွင် ပညာသင်ရန် လာခဲ့သော ကလေးငယ်မှာ မိမိ၏ အနာဂတ် အတွက် ဘာမျှ မပြင်ဆင် လိုက်ရပါဘဲ ကြွေလွင့် သွားခဲ့ရပြီ။ ပညာ ပြည့်ဝလျှင် တော့သူတို့ ဒေသအတွက် လင်းလက် လာမည့် ကြယ်တစ်ပွင့် ဖြစ်လာမည်ဟု ယုံကြည်ခဲ့သော မိဘတို့ သည်လည်း အကြွေစော ခဲ့သည့် ကြယ်ပွင့်လေး အတွက် မည်မျှခံစား နေရမည်နည်း။ ယခုတော့ ပစ္စုပ္ပန်တွင် လင်းလက်ခဲ့သော ကြယ်လေး မည်သည့် နေရာသို့ ကြွေကျကာ ဘဝသစ် ရှာနေ လေမည်နည်း . . . ။
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment