www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 4, 2015

နာမည်ကြီး ဘ၀သံသရာ တံတားကို ခရီးသွားများ ရပ်နားလေ့လာမှု များပြားနေ


ဘ၀သံသရာတံတား

တောင်ကြီး ၊ ၄-၂-၂၀၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း) သာစည် - ရွှေညောင်ကြား ၊ တံတားပေါင်း ၄၁၇ စင်း ရှိသည့်အနက် မိုင်တိုင် (၃၇၉/၇-၈) တံတားအမှတ် (၃၈၂) ဖြစ်သည့် နာမည်ကြီး ဘ၀သံသရာ တံတား ( Bawa Samsara Bridge ) ကို ပြည်တွင်း ပြည်ပ ခရီးသွား များက အထူးစိတ်ဝင်စား၍ ရပ်နား လေ့လာမှုများ တစ်နေ့တခြား များပြားလျက် ရှိရာ ပတ်ဝန်းကျင် သာယာလှပမှု နှင့် ခရီးသွား ဧည့်သည်များ စိတ်ချမ်းမြေ့ စေရန် ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန ၊ မြို့ပြ အင်ဂျင်နီယာ ဌာန ၊ တိုင်းအမှတ်(၄) ကလောမှ ပြုပြင် မွမ်းမံမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ဒါရိုက်တာ ဆရာကြီးသုခ ၏ နာမည်ကြီး ဘဝသံသရာ ရုပ်ရှင်ဇာတ်ကား ၏ အဓိက ဇာတ်ဝင်ခန်းတွင် ပါဝင်ခဲ့သော တံတားအဖြစ် လူသိများကာ ၁၉၂၇ ခုနှစ်တွင် တည်ဆောက်ပြီးစီး ခဲ့ခြင်းကြောင့် သက်တမ်းအားဖြင့် ၈၈ နှစ် ကြာမြင့်ပြီ ဖြစ်ကြောင်း သိရသည်။ တံတားအရှည် ၂ x ၄ဝပေ + ၂ x ၆ဝ ပေဖြင့် (ပေ၂ဝဝ)၊ အမြင့် ၆၂ ပေ ရှိကာ CIP.R- 13 A သံပေါင် အမျိုးအစား တံတား တစ်ခု ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ နာမည်ကျော် ဂုတ်ထိပ်တံတား ပြီးလျှင် ရှမ်းပြည်နယ် (တောင်ပိုင်း) ၌ လူသိများ အထူး ထင်ပေါ်သည့် သမိုင်းဝင် တံတားတစ်စင်း ဖြစ်ကြောင်း သိရသည်။

''ဘဝသံသရာတံတား'' ဟု ခေါ်ဆို ရခြင်းမှာ တောင်ပေါ်လမ်း ဖြစ်သည့် ရွှေညောင်မှ လာရာခရီး၌ အရှည်ပေ ၆ဝ၊ တံတားအမှတ် (၃၈၆) တစ်စင်းဖြစ်သည့် အောက်တံတားမှ အထက် ဟဲဟိုး သို့တက်ရာ၌ ခရုပတ် စက်ဝိုင်းသဏ္ဌာန် အတက်အဆင်း များစွာဖြင့် မောင်းနှင်ရကာ အနိမ့်အမြင့် အကွေ့အကောက် အတက်အဆင်း များလှသော လူ့ဘဝနှင့် နှိုင်းယှဉ်၍ ဘဝသံသရာတံတား ဟု အမည်တွင် ခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားပေါ်မှ နေ့စဉ် ရထားအမှတ် (၁၄၃)ဖြင့် သာစည်မှ ရပ်စောက်သို့ အဆန်ခရီး၊ ရထားအမှတ် (၁၄၄)ဖြင့် ရပ်စောက်မှ သာစည်သို့ အစုန်ခရီး၊ စုစုပေါင်းခရီး အကွာအဝေး ၉၈ မိုင်ကို ခရီးသွား လုပ်သား ပြည်သူများ အတွက် ပုံမှန် ပြေးဆွဲလျက် ရှိကာ ကုန်ရထား၊ ဆီသုံးတွဲရထား နှင့် တိုင်းအမှတ်(၄) ကလော၏ ကြီးကြပ်မှု အောက်ရှိ ရွှေညောင် ဘူတာရုံမှ ထုတ်လုပ်သည့် ရထားသံလမ်း အောက်ခံ ကွန်ကရစ် ဇလီဖားတုံး သယ်ဆောင်ခြင်း လုပ်ငန်းများကို အဆိုပါ တံတားပေါ်မှ ဖြတ်သန်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (၁၇၅)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger