ဈေးရောင်းကောင်းတဲ့ လက်ဖွဲ့
ဇော်နောင်ဟိန်း (GUITAR)
အိမ်မှာနေရင်း စိတ် အနှောင့်အယှက် ဖြစ်စရာ ကိစ္စတစ်ခုက အမြဲ ကြုံရတယ်။ အိမ်ထဲကို ဇွတ်ဝင်ပြီး ဈေးရောင်းကြတဲ့ ကိစ္စပါ။ အေးအေး ဆေးဆေး နေချင်လို့လဲ မရ။ ဘယ်လိုလူတွေ ပါလိမ့်။ မိတ်ဆွေ တစ်ယောက် ပြောတာကတော့ ''ရှက်ကြော အဖြတ်ခံထား ရတဲ့လူတွေတဲ့''။
ဟုတ်လောက် ပါတယ်။ ဆေးကုမ္ပဏီ တစ်ခုက ဆိုပြီး အုပ်စုလိုက်ဖွဲ့ ပြီး စည်းရုံးရေး ဆင်းကြတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က အကြိမ်ကြိမ် ကြုံခဲ့ဖူးတယ်။ အဲဒီတုန်းက လူတွေလဲ မမြင်ရတော့ဘူး။ အခုဟာ က နောက်ထပ် ကုမ္ပဏီတစ်ခု။ ပစ္စည်းတွေက သိန်းနဲ့ ချီတန်တယ်။ ဆေး ဆိုတာကလဲ သောင်းဂဏန်း။ နောက်ဆုံး လက်ဖက်ခြောက် လေးတစ်ထုပ် တောင် တစ်သောင်း ကျော်တယ်။ သူတို့ ရည်ရွယ်ချက် က အဖွဲ့ဝင် များလာအောင် လုပ်။ အဖွဲ့ဝင်များရင် လူသိများမယ်။ သုံးစွဲသူ များလာမယ် ။ ရောင်းအား ကောင်းလာမယ်။ အဲဒီ ရောင်းအားကိုလဲ ရာခိုင်နှုန်း အလိုက် ခံစားခွင့် ရှိတယ်။ သူတို့ ပြောတာက အမှတ်နဲ့ ခံစားခွင့် ရှိတယ်ဆိုပဲ။ ပစ္စည်းတစ်ခုက ဘယ်လို ကောင်းတဲ့ အကြောင်း၊ ကျန်းမာရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ အကြောင်း၊ သူတို့ပ စ္စည်းကိုမှ မသုံးရင် တခြား ဆေးတွေ သုံးမရ လောက်အောင် ပြောကြတယ်။ စိတ်မပါတဲ့ လူ တစ်ယောက်ကို အကြိမ်ရေ အားဖြင့် ၁ဝ ခါ ထက်မနည်း။ နာရီအားဖြင့် (ဖုန်းနဲ့တစ်သွယ်၊ လူချင်းတွေ့၍ တစ်ဖုံ) မိန်းမက ပြောလိုက်၊ ယောက်ျား ကပြောလိုက် နဲ့ နာရီပေါင်း ၂ဝ လောက် ရှိမယ် ထင်တယ်။ နောက်ဆုံး သည်းမခံ နိုင်တော့တဲ့ အဆုံး သူတို့ပြောတဲ့ တစ်သိန်း လေးသောင်း ကျော်တန် ကျန်းမာရေးစက် ကို ဝယ်လိုက်ပါတယ်။ သုံးတော့ မသုံးပါဘူး။ ပက်ကင်အတိုင်း သိမ်းထား လိုက်တယ်။ နောင်လိုချင်တဲ့ သူရှိရင် ပြန်ရောင်းဖို့ပါ။ လက်ဖက်ခြောက် တစ်သောင်းကျော် တန်လဲ ဝယ်ပြီးပါပြီ။ သောက်လို့ မရပါဘူး။ မကြိုက်လို့ပါ။ ဝယ်ပြီးရင် ပြီးလောက်ပြီ ထင်တာ။ မပြီးသေးပါဘူး။ Member မဝင်လို့ မကျေနပ် သေးဘူးတဲ့။ ဘယ်လို လုပ်ကြမလဲ။ ဇွတ်ရော၊ အတင်းရော ပါလား။
ဘယ်ကုန် ပစ္စည်းပဲ ဖြစ်ဖြစ်၊ တစ်ကယ် ကောင်းရင် သုံးစွဲသူက လက်ဆင့်ကမ်း ကြော်ငြာ ပေးတတ်ကြ ပါတယ်။ မန္တလေးမှာ နာမည်ကြီးတဲ့ ဆေးဆရာ တစ်ယောက် ရှိတယ်။ မြန်မာပြည် အနှံ့အပြားက ဝေဒနာရှင် တွေ လာကြတယ်လို့ ကြားဖူးတယ်။ မြဝတီ ဘက်က တောင်လာပြီး ဆေးကု ကြတယ်။ ဒါ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ရောက်လာ ကြတာ။ လက်ဖက်ရည်ဆိုင် ဆိုရင်လဲ ဒီလိုပဲ။ ကောင်းတဲ့ဆိုင်ကို လမ်းညွှန်တယ်။ ဆက်ဆံရေး ကောင်းတယ်။ လက်ဖက်ရည်လဲ ကောင်း၊ မုန့်လဲကောင်း၊ ဒါဆို OK ။ အဲဒီသွား ဆိုတာမျိုး။ ကောင်းနေတဲ့ ပစ္စည်းတစ်ခုကို ကိုယ့်လိုပဲ ကောင်းကောင်း သုံးစေချင်လို့ ညွှန်ပြတတ်ကြပါတယ်။ အခုတော့ ဘာမှန်း မသိတဲ့ ကုန်ပစ္စည်း တစ်ခုကို အတင်းဝယ်ခိုင်း နေတဲ့ ကိစ္စ၊ အသင်း ဝင်ခိုင်း နေတာကတော့ မဟုတ်သေးဘူး။ ပြီးရင် ဘယ်တော့ ပျောက်သွားမလဲ မသိဘူး။ ဘယ်က လာဖွင့်မှန်း မသိတဲ့သူ၊ ပျောက်ချင်းမလှ ပျောက်သွားရင် ဘယ်လိုက်ကြ မလဲ။ ဒီလိုပဲ။ အရင်တစ်ခါက ဆေးကုမ္ပဏီ တစ်ခုလဲ ငြိမ်သွားပြီ။ သူတို့ပြောတဲ့ အမှတ်တွေ ဘယ်ရောက် သွားလဲ။ ဘာမှန်း မသိတဲ့ အလုပ်တစ်ခုကို အင်မတန် ခိုင်မာတဲ့ အကြောင်း၊ ဘာအလုပ်မှ မလုပ်ဘဲ ပိုက်ဆံရ လာမယ့် အကြောင်း ဆေး အကြောင်း နားလည် ပါတယ်ဆိုတဲ့ တိုင်းရင်းဆေး ဆရာတွေ၊ ဆရာဝန်တွေ၊ ဆေးဆိုင်က လူတွေတောင် အသိအမှတ် မပြုတဲ့ဆေးကို ဘာမှန်း မသိတဲ့ လူထုကို ဇွတ်အတင်း ရောင်းနေတာ မျိုးတော့ မလုပ်သင့် ဘူးထင်တယ်။ လိုအပ်ရင် လိုအပ်တဲ့ သူက ဝယ်ပါလိမ့်မယ်။
ရန်ကုန်က အောင်မင်္ဂလာ ကားကြီးကွင်း မှာလဲ ကြုံရလေ့ ရှိတယ်။ အလှကုန် ရောင်းတဲ့ မိန်းမလေး တွေပါ။ လက်ကို အတင်းဆွဲပြီး ဆပ်ပြာရည်နဲ့ ချေးချွတ်၊ ပြီးရင် ဇွတ်ရောင်း မဝယ်လို့ မရအောင် ဇွတ်ရောင်း ကြတာပါ။အားနာ တတ်တဲ့လူ ဆိုရင် များများဝယ် ဖြစ်မယ်။ သိပ်အားမနာရင် နည်းနည်း ဝယ်ဖြစ်မယ်။ ကိုယ့်အိမ်မှာတင် လုပ်လို့ရတဲ့ အပေါစား ပစ္စည်းတွေကို ဘူးထဲ၊ ပုလင်းထဲ ထည့်ရောင်း နေကြတာပါ။ အဲဒီ နည်းပညာ ဆိုတာကလဲ သိတဲ့လူ အတွက်ဘာမှ ခက်ခဲတဲ့ အရာတွေ မဟုတ်ပါဘူး။ အချိန်တို အတွင်း ဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဆီ ဖြစ်တဲ့ နည်းပညာ တွေက တစ်ပတ်လောက် သင်တန်း တက်ရင် ကောင်းကောင်း လုပ်တတ် ပါတယ်။
တစ်ခါ အဲဒီ အလှကုန် တွေကိုပဲ ထိုင်းစက်ရုံက ထုတ်လုပ်တာပါ ဆိုပြီး အထက်မှာ ရေးပြခဲ့ သလို အသင်းဝင်၊ အမှတ်ပေး စနစ်နဲ့ လုပ်နေတာလဲ ရှိပါတယ်။ အရောင်းအဝယ် လုပ်ကြတာကို နားလည် ပါတယ်။ ကိုယ်ချင်းလဲ စာပါတယ်။ ဈေးကွက် ဖြန့်ချိရေး စနစ်တွေကို နည်းလမ်းမျိုးစုံ အသုံးပြု နေကတည်းက ထုတ်လုပ်မှု အားကောင်းနေပြီး mass Production ဖြစ်နေပြီလို့ နားလည်ပါတယ်။ ဒါပေမဲ့ မရောင်းရလို့ ပုံနေတဲ့ ပစ္စည်းကို ဇွတ်ရောင်းချ တာမျိုး မဖြစ်ဖို့တော့ အရေးကြီးပါတယ်။
အရည်အသွေး ကောင်းအောင် ကြိုးစားကြပါ။ အရည်အသွေး ကောင်းပစ္စည်း တွေကို နည်းစနစ်ကျကျ မှန်မှန်ကန်ကန် ထုတ်လုပ်နိုင်ပြီ ဆိုရင် ဈေးကွက်က တောင်းဆိုတဲ့ ပစ္စည်း၊ ဈေးနှုန်း၊ အရည်အသွေး ကောင်းတယ် ဆိုရင် မဝယ်ချင်တဲ့ သူကို ဇွတ်ရောင်း ရတဲ့ဒုက္ခက ကင်းလွတ်သွား ပါလိမ့်မယ်။ အထက်က နည်းလမ်းတွေကို သုံးပြီး ရောင်းချ နေကြတာဟာ မှန်ကန်တယ်၊ မမှန်ကန်ဘူး ဆိုတာထက် သုံးစွဲသူ ပြည်သူက မကြိုက်ကြဘူး ဆိုတာကို ပြောချင်တယ်။ ဈေးရောင်း ကောင်းအောင် လက်ဖွဲ့ ဆောင်စရာ မလိုပါဘူး။ စေတနာနဲ့ မှန်ကန်မှုသာ ရှိရင် လက်မလည် အောင် ရောင်းချရ ပါလိမ့်မယ်။
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment