www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 22, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် CNA သတင်းဌာနတို့၏ တပ်မတော်နှင့် အမျိုးသားနိုင်ငံရေးတာဝန်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ နိုင်ငံတော်၏ အရေးပေါ် အခြေအနေနှင့် တပ်မတော်၏ လုပ်ငန်း တာဝန်ဆိုင်ရာများ နှင့် ပတ်သက်၍ အမေးအဖြေကဏ္ဍ (အပိုင်း ၂)



နေပြည်တော်၊ ၂၂-၁-၂၀၁၅

CNA ထိုင်းနိုင်ငံနဲ့ပတ်သက်ပြီး သူတို့နိုင်ငံရဲ့အာဏာသိမ်းမှုကို ထောက်ခံခဲ့တယ်လို့ သိရတယ် ဘာကြောင့် ပါလဲ။

ဗိုလ်ချုပ်မှူးကြီး- ကျွန်တော်ပြောခဲ့တဲ့ တပ်မတော်ရဲ့တာဝန်က နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်ဖို့ဖြစ်တယ်။ နိုင်ငံတော်ကာကွယ်ရေးဆိုတဲ့နေရာမှာလည်း တိုင်းပြည်ကို လုံခြုံအောင်လုပ်ဖို့၊ နောက်ပြီး ပြည်သူ လူထု၏အသက်အိုးအိမ်စည်းစိမ် မထိခိုက်အောင်ကာကွယ်ဖို့ ဒါလည်းအကျုံးဝင်ပါတယ်၊ တစ်ကယ် တော့ နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ဆိုတာ အုပ်ချုပ်တဲ့အစိုးရ၊ နောက်တစ်ခု က တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုရှိအောင်လုပ်ဖို့ဆိုတာ အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ ရဲတပ်ဖွဲ့ရဲ့ တာဝန်ဖြစ်တယ်၊ ဒါတွေကို မလုပ်နိုင်ဘူးဆိုရင် အဲဒီလုပ်ငန်းရပ်တွေကို ကူညီဆောင်ရွက်ပေးနိုင်တာ ခိုင်မာတဲ့အဖွဲ့အစည်းက တပ်မတော်ပဲရှိတယ်၊ ဘယ်မှာပဲကြည့်ကြည့် ဒီလိုပဲသွားနေတယ်၊ စောစောကကျွန်တော် ပြောခဲ့တယ် ဒီထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲ ကိစ္စပြောခဲ့တယ်။ အဲတော့ထိုင်းနိုင်ငံမှာလည်း အာဏာရပါတီ၊ အာဏာရအစိုးရ အနေနဲ့ သူဘယ်လောက်ပဲတိုင်းပြည် အတွက်လုပ်လုပ် တစ်ဖက်အဖွဲ့ အစည်းက သူ့ကိုကန့်ကွက်တာတွေသွားကြုံရတယ်။ သွားကြုံရတဲ့ အခါကျတော့ သူတို့နှစ်ပါတီက အတိုက်အခံနဲ့အာဏာရ ပါတီနဲ့ ကညှိနှိုင်းတာပဲလုပ်ကြတယ်။ ဒါပေမယ့် ဘယ်လိုမှလုပ်လို့မရဘူး၊ ညှိလို့မရဘူး၊ ဒီထဲမှာကြားညပ်နေတာက ပြည်သူလူထုပဲ၊ တပ်မတော်အနေနဲ့လဲအဲဒီတုန်းက အတတ်နိုင်ဆုံးညှိပေးတယ်၊ နောက်ဆုံးဘယ်လိုမှ ညှိလို့မရတဲ့အခါကျမှ နိုင်ငံတော်ရဲ့အခြေ အနေအရပ်ရပ်ကိုသူတို့ထိန်းလိုက် တာဖြစ်တယ်၊ ဘာသွေးထွက် သံယိုမှမရှိဘူး၊ ကျွန်တော်တို့နိုင်ငံမှာ အဲလိုအရေးအခင်းတစ်ခု ရှိခဲ့ဘူးတယ်၊ ၁၉၈၈ ခုနှစ်ကဖြစ်တယ်၊ အဲဒီတုန်းက အာဏာရ ပါတီဖြစ်တဲ့ စောစောကပြောတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရက တိုင်းပြည်ကိုဘယ်လိုမှ ထိန်းသိမ်းနိုင်တဲ့ အခြေအနေ မရှိဘူး၊ မရှိတော့မထိန်းသိမ်းနိုင်တဲ့အခြေအနေ အပြင်ကို တိုင်းပြည် အတွင်းမှာ ဆူပူမှုတွေရော အကြမ်းဖက်မှုတွေရော နောက်ဆုံး လူသတ်မှု တွေအထိဖြစ်လာတယ်၊ ဒါဒီဘက်က တရားဥပဒေ စိုးမိုးရေး၊ နောက်လုံခြုံရေးအပိုင်းပေါ့၊ လုံခြုံရေး အပိုင်းဆိုရင်လည်း နယ်စပ်ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကနေ တိုင်းပြည်ရဲ့တည်ငြိမ်အေးချမ်းမှုနဲ့ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာ ထိခိုက်နိုင်မယ့်အခြေအနေမျိုးထိကို ခြိမ်းခြောက် မှုတွေရှိလာတယ်၊ ဒါကြောင့်တပ်မတော်က အခြေအနေ အရပ်ရပ် ကို ထိန်းပေးခဲ့တာ၊ ထိုင်းနိုင်ငံရဲ့ဖြစ်စဉ်ထက် ကျွန်တော်တို့က အများကြီးဆိုးတယ်၊ ဒါပေမယ့် ထိုင်းနိုင်ငံက သွေးထွက်သံယိုမှုမရှိဘဲ တိုင်းပြည်အခြေ အနေကို ထိန်းသိမ်းပေးလိုက်တာ၊ ပြည်သူလူထုကိုအကာကွယ် ပေးတာနဲ့ အတူတူပဲ၊ ဒါကြောင့် ကျွန်တော်က သူတို့လုပ်တာကို ထောက်ခံပေးတာဖြစ်တယ်၊ တစ်ကယ်တော့ ဘယ်လိုပဲရိုးရိုး ရှင်းရှင်းစဉ်းစား ကြည့်မယ်ဆိုရင် ဒီကလွဲလို့ရှိရင် တစ်ခြားရွေး စရာလမ်းမရှိပါဘူး၊ သူတို့အနေနဲ့ ဥပဒေနဲ့အညီ ဖြစ်အောင်ဆက် လုပ်ဖို့ တော့လိုပါလိမ့်မယ်။

CNA ထိုင်းနိုင်ငံမှာ အစိုးရနဲ့အတိုက်အခံကြား ပဋိပက္ခဖြစ်တဲ့အတွက် စစ်တပ်ကအာဏာသိမ်းခဲ့တယ်၊ ဒါဆိုမြန်မာပြည်မှာရော အဲလို ဖြစ်လာရင်ဘယ်လို လုပ်မှာလဲ။

ဗိုလ်ချုပ်မှူးကြီး- ကျွန်တော်တို့ ဒီလိုအခြေအနေမျိုးအထိ ကျွန်တော်တို့က လုံးဝ မမျှော်လင့်ထားဘူး၊ တစ်ကယ်လို့လည်း အခြေအနေအရ ဘယ်လိုမှဖြစ်တည်မလာဘူး ဆိုရင်တော့ ဥပဒေအရ သွားရမှာပဲ ဖြစ်တယ်။ အဲလိုဥပဒေနဲ့အညီ လုပ်ဆောင်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့နားလည်မှုတော့ လိုပါတယ်။

CNA ထိုင်းနိုင်ငံမှာလိုပဲ မြန်မာပြည်မှာ တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်တဲ့အခါမှာ အာဏာသိမ်းဖို့ ဖြစ်နိုင်သလား။

ဗိုလ်ချုပ်မှူးကြီး- မဖြစ်နိုင်ဘူး၊ ဥပဒေရှိတယ်၊ ဥပဒေနဲ့ပဲသွားရမယ်။

CNA မြန်မာပြည်မှာစစ်တပ်ကအာဏာသိမ်းဖို့ မဖြစ်ဘူးလို့ပြောတာလား။

ဗိုလ်ချုပ်မှူးကြီး- ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လုပ်ဆောင်မယ့်အချက်အလက်တွေ ရှိပါတယ်။ ဒါကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီး ကျွန်တော်တို့ ဘာမှလုပ်လို့မရပါဘူး။ ကျွန်တော်တို့တပ်မတော် အနေနဲ့လည်းဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့် ရှောက်ရ မယ်လို့ပါထားတာရှိတယ်။ ဒါကြောင့်အခြေခံဥပဒေမှာ ပြဌာန်းထား တဲ့အတိုင်း ဆောင်ရွက်ရမှာဖြစ်တယ်။

CNA အခုဆိုရင်ပြည်သူတွေက သူတို့ရဲ့ရပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ ဆန္ဒပြ တာတွေရှိတယ် ပိုပြီးတော့ကျယ်ကျယ်လောင်လောင် တောင်းဆို လာတာတွေရှိတယ် အဲ့တော့လာမယ့်ရွေးကောက်ပွဲမှာ ထိန်းသိမ်းရ ခက်မယ့် အခြေအနေမျိုး ဖြစ်လာနိုင်တယ် အဲလိုအခြေအနေမျိုး ရောက်လာရင်ဘယ်လိုများ ဆောင်ရွက်မလဲ။

ဗိုလ်ချုပ်မှူးကြီး- ကျွန်တော်တို့ကတော့ဒီလိုမျိုးအခြေအနေဆိုးတွေမဖြစ်အောင် ထိန်းသိမ်းမှာပေါ့၊ စောစောကကျွန်တော်ပြောခဲ့ပါတယ် ကျွန်တော် တို့က ၁၉၆၂ ခုနှစ်ကနေပြီး တော့ ၂၀၁၁ ခုနှစ်မတ်လ အထိ ဗဟိုချုပ်ကိုင်မှုအစိုးရကနေပြီး သွားခဲ့တဲ့အတွက်ကြောင့် ပြည်သူတွေ မှာ ခံစားချက်ရှိနိုင်တယ်။ ဒီခံစားချက်တွေကိုပြောလာတဲ့ အခါမှာ ကျွန်တော်တို့က ဥပဒေနဲ့အညီဖြစ်အောင်ဖြေရှင်းဆောင်ရွက် ပေးနေပါတယ်။ ဆောင်ရွက်ပေးနေတဲ့ကိစ္စရပ်တွေလည်းအများကြီး ရှိပါတယ်၊ အဓိကကတော့ ပြင်ပကနေ အားပေးလှုံဆော်မှုတွေ မဖြစ်ဖို့အရေးကြီးတယ်၊ နောက်ပြည်သူ လူထုတွေအနေနဲ့ လည်းတရားဥပဒေအပေါ်မှာ အလေးထားမှု ဆိုတာလိုအပ်တယ်၊ ကျွန်တော်တို့တွေက ဗုဒ္ဓဘာသာကိုးကွယ်တဲ့ လူအများစုဖြစ်ပါတယ်။ မြန်မာလူမျိုးတွေက စိတ်ရှည်သည်းခံတဲ့ အလေ့အထ၊ အလေ့ အကျင့်တွေရှိပြီးသားဖြစ်တယ်။ ဒါတွေကို သေသေချာချာ ထိန်းသိမ်း ဆောင်ရွက်သွားမယ်ဆိုရင် ဆိုးရွားတဲ့ ပဋိပက္ခတွေဖြစ်မလာနိုင်ဘူးလို့ ကျွန်တော်ကတော့ထင်ပါတယ်။ ဒီလိုပဲယုံကြည်ထားတယ်။ တစ်ကယ်လို့ဖြစ်လာလို့ဆိုရင်လည်း ဥပဒေနဲ့အညီဖြစ်အောင် သူတို့ကိုစနစ်တကျ ထိမ်းရမှာဖြစ်ပါတယ်။အရေးကြီးတာကတော့ နားလည်မှုပါပဲ၊ နောက်တစ်ခုက ပထမဦး ဆုံးပြောခဲ့တဲ့ အရေး အကြီးဆုံး အချက်ကတော့ သူတို့ကိုအပြင် ကနေပြီးတော့ အားပေး လှုံဆော်မှုတွေမပြုဘို့ အရေးကြီးပါတယ်။ တစ်ချို့ကလည်းခံစားချက် ရှိတော့ ခံစားချက်ပေါ်မှာ လှုံဆော်မှုနဲ့ ပေါင်းစပ်လို့ရှိရင် ဒီလို ပေါက်ကွဲမှုတွေဖြစ်သွားနိုင်စရာ အကြောင်းရှိပါတယ်၊ ဒါတွေ မဖြစ်အောင်ပြည်သူလူထု တစ်ဦးတည်း တင်မဟုတ်ဘဲ ပတ်ဝန်းကျင် အခြေအနေနဲ့ အများကြီးဆိုင်တယ်လို့ ပြောရလိမ့်မယ်။

CNA အပြင်ကလှုံ့ဆော်မှုဆိုတာဘယ်လိုမျိုးတွေကို ပြောတာပါလဲ။

ဗိုလ်ချုပ်မှူးကြီး- အခုနကပြောတဲ့ တိုက်ရိုက်ခံစားချက်ရှိတဲ့လူတွေမဟုတ်ဘဲ၊ သူတို့နဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက မင်းတို့လုပ်တာမှန်တယ်၊ မင်းတို့ လုပ်တာဆက်လုပ်ရမယ်ဆိုပြီးတော့ ခံစားချက်ကို ပိုမိုပြင်းထန် အောင် လုပ်ပေးတဲ့ဟာမျိုးကိုပြောတာပါ၊ သူတို့ကိုယ်တိုင်မဟုတ်ဘူး သူတို့နဲ့မသက်ဆိုင်တဲ့ အဖွဲ့အစည်း တွေကလုပ်ပေးတာကိုပြောတာ။

CNA စောစောကပြောတဲ့ ပြင်ပလှုံ့ဆော်တဲ့ အဖွဲ့အစည်းတွေက ဘယ်လောက်အင်အားကြီးနေပါသလဲ၊ ဘယ်လိုအခြေအနေမျိုးမှာ တပ်မတော်က နောက်ထပ်ခြေတစ်လှမ်းတိုးပြီး ဆောင်ရွက်မှာလဲ။

ဗိုလ်ချုပ်မှူးကြီး- ဒါကတော့အခြေအနေပေါ်မှာအများကြီးတည်တယ်၊ ဥပမာ သူတို့ အားပေးလုပ်ဆောင်မှုက နည်းရင် နည်းတဲ့အတိုင်းအတာ အလျောက်ကျွန်တော်တို့ ဖြေရှင်းရမယ်၊ များရင်များတဲ့အတိုင်း အတာ အလျောက်ဖြေရှင်းရမှာရှိတယ်၊ ကျွန်တော်တို့ မှာဥပဒေရှိ တယ်၊ တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်ပြီး တရားသူကြီးကစပြီးလုပ် ရတာရှိတယ်၊ အုပ်ချုပ်ရေးကလုပ်ရတာရှိတယ်၊ ရဲတပ်ဖွဲ့က လုပ်ရတာရှိတယ်၊ ရဲတပ်ဖွဲ့ကလုပ်လို့ မရတာဆိုရင် တပ်မတော်ကို အကူအညီတောင်းရတာရှိတယ်၊ ဒါတွေကလည်းအခြေခံ ဥပဒေမှာ ပြဌာန်းထားတာရှိတယ်၊ ဒီလိုပဲတစ်ဆင့်ပြီးတစ်ဆင့်သွားရတယ်၊ မထိန်းသိမ်းနိုင်ဘူးဆိုပြီးတော့မှ ကျွန်တော်တို့က ကျော်ပြီး လုပ်လို့ မရဘူး၊လုပ်နိုင်တဲ့အဖွဲ့အစည်းတွေရှိပြီးသား၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းရှိတယ်၊ တရားဥပဒေစိုးမိုးရေးလုပ်နေတဲ့ ရဲတပ်ဖွဲ့ရှိတယ်၊ အဲဒီက နေလုပ်လို့မရဘူးဆိုမှသာ တပ်မတော်ကဆောင်ရွက်ပေးဖို့ အတွက်ကို သက်ဆိုင်ရာအမိန့်ပေးပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်ကနေမှ ဆောင်ရွက်ဖို့ကို ကျွန်တော်တို့ကိုပြောမှသာ တပ်မတော်က လုပ်လို့ရမှာဖြစ်တယ်။

CNA အဲလိုလုပ်ဖို့က ဘယ်လိုအခြေအနေမျိုးကိုဆိုပါသလဲ။

ဗိုလ်ချုပ်မှူးကြီး- ဘယ်လိုမှထိန်းမရတော့ဘူးဆိုရင်၊ အခြေအနေမျိုးရောက်လာရင် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့အစိုးရအဖွဲ့ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတ ထံတင်ပြ၊ နိုင်ငံတော်သမ္မတကနေပြီးတော့မှ ဒီနေရာတော့ တပ်က ဝင်ဖို့လိုတယ်၊ တပ်မတော်က ကူညီမှု လိုတယ် ဆိုရင် တပ်မတော်ရဲ့ အကူအညီနဲ့ဝင်ပြီးတော့ထိန်းသိမ်းရမယ်၊ သူကအရေးပေါ်အခြေအနေ ကြေငြာရမယ်၊ အဲလိုကြေငြာရင် တပ်က ဥပဒေနှင့်အညီပဲ လုပ်လို့ရမယ်၊ ဥပဒေနှင့်အညီမလုပ်ရင် ကျွန်တော်တို့ရင်ဆိုင်ရမှာ အများကြီးရှိတယ်။

CNA ဒါဆိုလို့ရှိရင် သမ္မတ ဒါမှမဟုတ်ဝန်ကြီးချုပ်တွေရဲ့ ခွင့်ပြုချက် မရဘဲနှင့် တပ်မတော်က ဝင်ရောက်စွက်ဖက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောချင်တာလား။

ဗိုလ်ချုပ်မှူးကြီး- သေချာတာပေါ့၊ ကျွန်တော်တို့နိုင်ငံတော်အခြေအနေနဲ့ပတ်သက်ရင် တကယ့်နောက်ဆုံး အဆုံးဖြတ် ပေးနိုင်တာ နိုင်ငံတော်သမ္မတပဲ၊ နိုင်ငံတော်သမ္မတကနေပြီးတော့ လုပ်ပါဆိုရင်သူကလည်း ဥပဒေ အရပေးထားတဲ့ လုပ်ပိုင်ခွင့်တွေရှိတယ်၊ အဲဒါကိုကျော်ပြီးတော့ လုပ်လို့မရဘူး၊ သူလည်း မျိုးစုံချိန်ဆပြီးတော့မှ လုပ်လို့ရမယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ ရခိုင်မှာဖြစ်ခဲ့တဲ့ အခက်အခဲတွေ အကျပ်အတည်းတွေဆိုရင် နောက်မိထ္ထီလာမှာ ဖြစ်ခဲ့တဲ့ အခက်အခဲ အကျပ်အတည်းတွေ ဥပဒေနဲ့အညီတစ်ဆင့်ပြီး တစ်ဆင့် ကျွန်တော်တို့ လုပ်ခဲ့တာဖြစ်ပါတယ်၊ ဒါကြောင့်လည်း ကျွန်တော်တို့ အဆိုးမဖြစ်ဘဲနဲ့အဆိုးဖြစ်မယ့် အခြေအနေကနေ အကောင်းဘက် ကိုပြန်ရောက်လာတယ်၊ သွားတာတော့အဆိုးဘက် သွားတာပဲ၊ ဒါပေမယ့် အဆိုးဖြစ်တဲ့ အခြေအနေအထိ သိပ်လွန်လွန်ကျူးကျူး ဖြစ်မသွားအောင်ရအောင်ထိန်းလိုက်တယ်။ ထိန်းပြီးတော့မှ အကောင်းဘက် ကိုပြန်ရောက်လာတယ်၊ ဒါကြည့်မယ်ဆိုရင် ကျွန်တော်တို့လုပ်နေတဲ့ Process ကိုမြင်နိုင် လိမ့်မယ်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger