www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 15, 2015

အင်းလေးကန် ထိန်းသိမ်းရေး ဒုတိယငါးနှစ် စီမံချက် လုပ်ဆောင်နိုင်ရန် တင်ပြ



ရန်ကုန် ၊ ၁၅-၁-၂ဝ၁၅

အင်းလေးကန်တွင် ဆိုးရွားစွာ ရေခန်းခြောက် မှုကြောင့် အင်းလေးကန် ထိန်းသိမ်းရေး လုပ်ငန်းများကို ၂ဝ၁ဝ ပြည့်နှစ်မှ ငါးနှစ် စီမံချက်ဖြင့် စတင် လုပ်ဆောင်ခဲ့ပြီး ပထမငါးနှစ် စီမံကိန်းမှာ လာမည့် မတ်လတွင် ပြီးဆုံး တော့မည် ဖြစ်သဖြင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် အထိ ဒုတိယငါးနှစ် စီမံချက် လုပ်ဆောင် နိုင်ရန် အင်းလေးကန် ထိန်းသိမ်းရေး အဖွဲ့အစည်း များက ဝန်ကြီးဌာနသို့ တင်ပြ ထားကြောင်း သိရသည်။

အင်းလေးကန် နှင့် ရေဝေရေလဲ ဒေသများတွင် နေထိုင်သည့် အိမ်ခြေများမှ ကန်အတွင်းသို့ စွန့်ပစ်သည့် ရေများ၊ အမှိုက်များ၊ နုန်းများ ပို့ချခြင်း၊ စိုက်ပျိုးရေး ပစ္စည်းများကြောင့် ကန်ရေပြင် ထိခိုက်ကာ ရေ အရည်အသွေး ကျဆင်းခြင်းများ ဖြစ်ပေါ်လျက် ရှိသော်လည်း အင်းလေးကန် ထိန်းသိမ်းရေး ကို ပထမငါးနှစ် စီမံချက်ဖြင့် ရေဝေရေလဲ ဒေသ ထိန်းသိမ်းရေး၊ မြေဆီလွှာ ထိန်းသိမ်းရေး၊ အင်းလေးကန် ၏ ရေမျက်နှာပြင် ထိန်းသိမ်းရေး၊ ဇီဝ မျိုးစုံမျိုးကွဲ နှင့် ဂေဟစနစ် ထိန်းသိမ်းရေး၊ လူမှု စီးပွားရေး လုပ်ငန်းများ၊ ပညာပေး လုပ်ငန်းများ ပြုလုပ် ခဲ့သည့်အတွက် တဖြည်းဖြည်း လျော့နည်း လာသည်ဟု အင်းလေးကန် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင် နေသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် တစ်ဦးက ပြောသည်။

ဒုတိယငါးနှစ် စီမံချက်တွင် အင်းလေးကန် ထိန်းသိမ်းရေး ရေရှည်တည်တံ့ စေရန် အင်းလေး အာဏာပိုင် အဖွဲ့အစည်း ဖွဲ့စည်းခြင်း၊ အင်းလေးကန် နှင့် ပတ်သက်သည့် ကိန်းဂဏန်း အချက်အလက်များ ကောက်ယူခြင်း၊ လူမှုစီးပွား စစ်တမ်းများ ကောက်ယူခြင်း၊ ကန်အတွင်းသို့ စနစ်တကျ ရေစွန့်ပစ် စေခြင်း၊ ဇီဝ မျိုးစုံမျိုးကွဲ များနှင့် ဂေဟစနစ်များ ထိန်းသိမ်းခြင်း၊ စိုက်ပျိုးရေး၊ မြေယာ ထိန်းသိမ်းခြင်း၊ ရေဝေရေလဲ ဒေသရှိ သစ်တောများ ထိန်းသိမ်းခြင်း နှင့် အစုအဖွဲ့ပိုင် သစ်တောများ တည်ထောင်ခြင်း တို့ကို လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံချက်တွင် ယင်းကဏ္ဍများ လုပ်ဆောင်နိုင်ရန် သြဂုတ်လ နှင့် အောက်တိုဘာလ တို့တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန နှင့် အခြား ဆက်စပ်သည့် ဝန်ကြီးဌာနများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များနှင့် ဒေသခံ ထိန်းသိမ်းရေး အဖွဲ့အစည်းများ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ယင်း စီမံကိန်းတွင် ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ သုံးစွဲမှု လျှော့ချရေး၊ ထင်းသုံးစွဲမှု လျှော့ချရေး အတွက် ဒေသခံများကို အသိပညာ ပေးမှုများ ပိုမိုလုပ်ဆောင် သင့်ကြောင်း ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ နှင့် ပူးပေါင်း လုပ်ဆောင် နေသော်လည်း ဒေသခံ များ ပူးပေါင်း ပါဝင်မှု များပြားစေရန် ပညာပေး လုပ်ငန်းများ ပိုမို လုပ်ဆောင် သင့်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် များက အကြံပြု ထားသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger