www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 26, 2015

ရွှေရည်စိမ်


ရွှေရည်စိမ်

မဒါလေး

တဆတ်ဆတ် တုန်နေသော လက်အစုံဖြင့် လည်ပင်းကို စမ်းလိုက် မိသည်။ တလှပ်လှပ် ခုန်နေသော ရင်အစုံက အဝေးကို ပြေးထွက် တော့မည့်နှယ် လူက မောပန်း နေသည်။ တုန်ရီ နေသောလက်၊ မျက်ရည်ဝဲ နေသော မျက်ဝန်းများဖြင့် မှန်ရှေ့ တည့်တည့် ရပ်ပြီး မိမိကိုယ်ကို ကြည့်နေသည့် ခဏ လည်ပင်းမှ တလက်လက်ဖြင့် ရှိနေသော အရာက ဟိုး အတိတ်ဆီ က ဝမ်းနည်းမှု အပေါင်းကို ပြန်ယူဆောင် လာခဲ့သည်။

မလေး တစ်ယောက် အလုပ်သွားရန် ပြင်ဆင်နေသည့် အချိန်တွင် ဖြစ်သည်။ ကုမ္ပဏီ တစ်ခုတွင် စာရေးမ အဖြစ် ဝင်ရောက် လုပ်ကိုင် နေသော်လည်း လုပ်ခလစာသည် လုပ်နိုင်တိုင်းလည်း မရသဖြင့် စားဝတ်နေရေး တစ်ဖက်ဖြင့် အိမ်စရိတ် ထောက်နေရသူ အတွက် ရုံး အဝတ်အစား သည် သာမန်ပင် ဖြစ်သည်။ ချည်ထည် ဝမ်းဆက် ခပ်လတ်လတ် လေးကို ဝတ်လျက် ဆံပင်ကို သပ်ရပ်စွာ ဖြီးထားသော မလေးသည် ပုံသဏ္ဌာန်  နွမ်းသော်လည်း တစ်မျိုး ယဉ်နေသည်။ မှန်ရှေ့မှ ခွာကာ ထွက်မည် အပြုတွင် ''မလေး ခဏလေး နေအုံး” ဟု ဆိုကာ အစ်မကြီး မအေး က သူမ အခန်းဘက် ပြန်ထွက် သွားသည်။ အဖေ မရှိသည့်နောက် အခက်အခဲ ပေါင်းများစွာ ပူပင်မှုပေါင်း များစွာဖြင့် လှုပ်ရှား ရုန်းကန် ခဲ့ရသော သူတို့ မိသားစု အတွက် မိသားစုသည်ပင် အေးချမ်းမှု၊ေ နွးထွေးမှု ပင်မ ကျောရိုး ဖြစ်သည်။

အပေါ်ယံ သနားသံ၊ ကြင်နာပြသံ များကြား ကောင်းကောင်းကြီး နေခဲ့ရ ဖူးသော မလေး သည် လူအတော် များများအပေါ် ယုံကြည်မှု မရှိသည့်တိုင် မိသားစု ကတော့ အရေးကြီးဆုံး၊ အယုံကြည် ရဆုံး သူများအဖြစ် ပထမအဆင့် သတ်မှတ် ထားသည်။ အိမ်၏ အဓိက ခံတပ်ကြီး ပြိုလဲ ပြီးနောက် အမေနှင့် အတူ အစ်မကြီး မအေး က ကျွန်မတို့ အငယ်များ တာဝန်ကို အလုပ် တစ်ဖက်ဖြင့် မျှဝေ ယူခဲ့သည်။ အလုပ်မှ ပြန်လျှင် အိမ်အနီး ဝန်းကျင်မှ ကလေးများကို ကျူရှင်သင်ကာ  အပိုဝင်ငွေ ရရန်လည်း အားသွန် ခွန်စိုက် ကြိုးစား ခဲ့သည်။ ယခု အစ်မကြီး မအေး ၏ ကျူရှင်လေး သည်လည်း ရပ်ကွက်အတွင်း အတန်အသင့် အောင်မြင် နေပေပြီ။ ထိုအလုပ်မှ ရသည့် ဝင်ငွေနှင့်ပင် ကျွန်မတို့ လူတန်းစေ့ သွားလာနိုင်ရန် ဆိုင်ကယ် ဝယ်နိုင်ခဲ့သည်။ ယခင်လျှပ်စစ်မီတာ မရှိသော အိမ်တွင် မီတာတပ်ဆင်  နိုင်ခဲ့သည်။ မိုးရွာလျှင် နေရာရွှေ့ အိပ်ရသော ဒုက္ခမှ ကင်းလွတ်ရန် အိမ်အမိုးကို သွပ်မိုး ပြောင်းလဲနိုင်ခဲ့ပြီ။ အစ်မကြီး မအေး သည် အစ်မကြီး အမိအရာ ထားလောက်သော စံပြအစ်မတစ်ဦး ဖြစ်သည်။ အလုပ်များ ကြားထဲ ပိနေသော မကြီးထွား နိုင်တော့သည့် အစ်မကြီး၏ ခန္ဓာကိုယ် ပိန်သေးသေးသည် လူနှင့် မလိုက်အောင်ပင် အလုပ်လုပ် နိုင်လွန်းသည်။

မိသားစု ဟူသော နွေးထွေးမှု၊ အေးမြမှု များဖြင့်သာ ဝန်းရံ မထားလျှင် အစ်မကြီး ယနေ့အချိန်ထိ ရှိနေနိုင်မည် လားဆိုသည်ကို မလေး အမြဲေ တွးမိနေသည်။ ''မလေး ဒီမှာ ဒါလေးဝတ်ကြည့် ပါအုံး'' မမအေး လက်ထဲတွင် ကိုင်မြှောက်ပြသော ရွှေဆွဲကြိုး ကြီးသည် ကျွန်မကို မှင်တက်မိသွား စေသည်။ အလေးချိန် အားဖြင့် တစ်ကျပ်သား မရှိသော်လည်း တန်ဖိုးကြီး ပစ္စည်းများနှင့် ကင်းဝေးနေသည့် ကျွန်မ အတွက်တော့ ဆွဲကြိုးသည် ကြီးနေသည်ဟု ထင်ရသည်။

" မမအေး ဒါ ... ဒါ .. ဘယ်က ရတာလဲ'' ကျွန်မ အမေးကို ကြားတော့ မမအေး တစ်ချက် မျက်နှာပျက် သွားသည်။ ''ဘယ်က ရမှာလဲ ဝယ်တာပေါ့။ ငါ့ညီမလေးက အရွယ်လဲ ရောက်နေပြီ အလုပ်လဲ လုပ်နေပြီ ဆိုတော့ ဒါလေးဝတ်ထားမှ၊ မိန်းကလေး ဆိုတာ နားကပ်ပါမှ တင့်တယ်တာ ဆိုပေမယ့် ဆွဲကြိုးလေးပါ ဆွဲထားတော့ ပိုကောင်းတာပေါ့'' မမအေး စကားများ အကြား ဘာမျှ ပြန်မပြောနိုင်ဘဲ ရွှေဆွဲကြိုး ဆွဲရန်သာ စိတ်အား ထက်သန် နေသည်။ မမအေး ဆွဲကြိုးကို ဆွဲပေးပြီးပြီး ချင်းပင် မှန်ရှေ့ ပြေးရပ် လိုက်သည်။ ယနေ့မှ မိမိကိုယ်ကို လည်း ပိုလှနေ သည်ဟု ထင်မိသည်။ ထိုခဏ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် ကြမ်းပြင်နှင့် ထိရဲ့လားဟုပင်  ထင်မိသည်။ ခြေလှမ်းတို့ ပိုသွက်နေသည်။ ယခင်နေ့များက အလုပ်သွားလျှင် မည်သူကိုမျှ ဂရုစိုက် မကြည့်အား၊ ခေါင်းကို မသိမသာ ငုံ့လျက် ခပ်သွက်သွက် လမ်းလျှောက် တတ်သော မလေး တစ်ယောက် ပတ်ဝန်းကျင်ကို တောင်မြောက် လိုက်ကြည့် မိသည်။ 

ယနေ့မှ လူတိုင်းလိုလို ဆွဲကြိုးများနှင့် ပါလား။ အချို့ဆိုလျှင် ထို့ထက်ပိုသော လက်ဝတ်လက်စား များဖြင့် သွားလာ နေကြသည်။ ထိုခဏ မှာတော့ လက်ဗလာ ဖြစ်နေသော မိမိလက်ကို ကြည့်ကာ တစ်ခုခု လိုသကဲ့သို့ ခံစားမိ လိုက်ပြန်သည်။ အရာဝတ္ထု တစ်ခု၏ လူ့စိတ်အပေါ် လွှမ်းမိုးနိုင်မှုကို စတင် သတိထား မိသည်။ မတွေ့ မမြင်ခင်က မဖြစ်ပေါ်ခဲ့ မရှိခဲ့သော လိုချင် တပ်မက်မှုများမှာ ရှိလာ ပြန်တော့လည်း ထပ်ထပ် လိုချင် လာပြန်သည်။ 

လူ့သဘာဝ ကိုက ဒီလိုဆိုတော့လည်း မလေးသည် လည်း ရှိပေမပေါ့ဟု ပင် တွေးလိုက်သည်။ လုပ်ငန်းခွင် ရောက်တော့လည်း လူတိုင်း မျက်လုံးတွေက ယနေ့မှ မလေးဆီ ရောက်ရောက် လာကာ လည်ပင်းနားတွင် အဆုံးသတ် သွားကြသည်ဟု ခံစားရသည်။ အစကတော့ ရှက်သလိုလို ဖြစ်သော်လည်း အလိုက်သိတတ် လွန်းသော မမအေး ကို ကျေးဇူးအခါခါ တင်နေမိသည်။ အဖေဆုံးပြီးချိန် နှင့် ကျွန်မတို့ အငယ်သုံးဦး အထက်တန်း ရောက်ချိန်မှာ အတူတူ ဖြစ်နေသဖြင့် အမေနှင့် မမအေး ကြိုးစားရုန်းကန် ခဲ့ကြရသည်။ ကျွန်မ အပါအဝင် အငယ် နှစ်ဦး ကျောင်းပြီးမှ အိမ်ဘက်လှည့်ကာ တင့်တင့်တယ်တယ် ဖြစ်အောင် ပြန်ထူထောင် နိုင်ခဲ့သည်။ ခေတ်စနစ်များ၏ ရိုက်ခတ်မှု ကိုလည်း အမေနှင့် မမအေးမှာ အများဆုံး ခံခဲ့ရသည်။ မမအေးတို့ အလုပ်လုပ် ချိန်တွင် ကုမ္ပဏီ လစာသည် နှစ်သောင်း၊ သုံးသောင်းသာ ရသည်။ ယနေ့ ကျွန်မလစာ ခုနစ်သောင်း၊ ရှစ်သောင်း ရသည်ကို ကံကောင်းသည်ဟု ပြောကြသည်။

ပြောင်းလဲ တိုးတက်လာသည် နှင့်အညီ မကြာမီ နိုင်ငံရပ်ခြားမှ ရင်းနှီးမြှုပ်နှံမှုများ ရောက်လာ တော့မည်။ ထိုအချိန်တွင် လစာများ နှစ်ဆ တိုးမည်ဟုလည်း ပြောနေကြသည်။ ဘာပဲဖြစ်ဖြစ် ပြောင်းလဲမည် ဆိုလျှင်လည်း မြန်မြန် ပြောင်းလဲ စေချင်သည်။ သို့မှသာ မလေး လည်းလစာတိုးပြီး ဒီထက် မကသော ရွှေများ ဝတ်နိုင်မည်။ ကိုယ့်အတွေးနှင့် ကိုယ်သာ အပြောင်းအလဲ ကို ထိုင်စောင့် နေမိသည်။

တစ်နေ့ ရုံးမှအပြန် ငယ်သူငယ်ချင်း တစ်ဦးနှင့် ဆုံကာ မုန့်စားဖြစ်သည်။ ထို သူငယ်ချင်း သည်လည်း မလေးကဲ့သို့ပင် အလုပ်ကြိုးစားသူ တစ်ဦး ဖြစ်သည်။ သို့သော် သူလည်း မိသားစုအရေး နှင့်မို့ အဆင်မပြေဘူး ဆိုသည်ကို ပြောပြသဖြင့် သိလိုက်ရသည်။ စကားပြောရင်း ပြန်ခါနီးတွင် ''မလေး နင့်ဆွဲကြိုးက မည်းနေပြီ အသစ်လဲလိုက် အုံးလေ'' ဟု ပြောသွားသည်။ သူမ၏ စကားသံသည် ကဲ့ရဲ့သံ၊ ခနဲ့သံ မပါ စေတနာသံဖြင့် ပြောနေမှန်း မလေး သေချာသိသည်။ ဘာကို ဆိုလိုပြီး ပြောနေသည် ကိုတော့ သေချာမသိ ဖြစ်နေရသည်။ အိမ်ကို ရောက်တော့ မှန်ရှေ့ ကြည့်လိုက်သည်။ ဆွဲထားသော ဆွဲကြိုးသည် အနည်းငယ် မည်းနေသည်။ သနပ်ခါး များကြောင့်လား ဟု ထင်မိသည်။ ဆွဲကြိုးကို ဖြုတ်ကာ ရေဆေးရန် အလုပ်တွင် မလေး မျက်ရည် ပေါက်ပေါက် ကျမိသည်။ မိမိ လည်ပင်းမှ ဆွဲကြိုးသည် အတု ဖြစ်နေမှန်း ယခုမှသိသည်။ ''မမအေး ... မမအေး'' သူမ အားကုန် အော်လိုက်မိသည်။ 

ခဏအကြာ မမအေး ပြေးဝင်လာပြီး ''မလေး .. မလေး ဘာများ ဖြစ်တာလဲ'' သူမလက်မှ ကိုင်ထားသော ဆွဲကြိုးကို မမအေး တွေ့သွားသည်။ မမအေး မျက်နှာ မကောင်းမှန်း သိသော်လည်း သူမ ဆက်ပြောမိသည်။ ''မမအေး ဘယ်လိုလုပ်လိုက် တာလဲ မလေးက မမအေး ကို တစ်သက်လုံး ယုံကြည်လာတာ မမအေး မလေးကို ဒီလို ရွှေရည်စိမ် ဆွဲကြိုး ကို ဝတ်ပေးရက်တယ်'' ။ မလေး တစ်ယောက် ရှိုက်ကြီးတငင် ငိုရုံမှတပါး ဘာမျှ မတတ်နိုင်တော့။ 

မနက်ဖြန် ရုံးကို ဘယ်လို မျက်နှာဖြင့် သွားရပါ့မလဲ။ မိမိရဲ့ သိက္ခာနှင့် အရှက်အတွက် မိမိဘာလုပ် ရပါ့မလဲ။ အငိုမရပ်သော မလေးကို မေမေက  နှစ်သိမ့်ရှာသည်။ ''သမီး .. မလေးရယ် မမအေး က သူ့ညီမတွေကို ချစ်လွန်းလို့ ဒီလို လုပ်တာပါ ။ သမီးတို့ အရွယ်က လှရမယ့် အရွယ် မဟုတ်လား။ သူများတွေ လှလှပပ ဝတ်စား တာမြင်တော့ သူလဲ ဖြစ်စေချင် မှာပေါ့။ သူ မပြောပြ ခဲ့တာလဲ သမီးကိုလှစေချင် လို့ပါကွယ်။ စေတနာ အမှားတွေပါ။ သမီး နားလည်ပေး လိုက်ပါ။ အခု သူလဲ စိတ်မကောင်း ဖြစ်နေတာပါပဲ''။

တစ်သက်လုံး ယုံကြည်ပြီး ချစ်ချစ်ခင်ခင် နေလာခဲ့သော မမအေး အပေါ် စိတ်မကောင်း မဖြစ်စေလို သော်လည်း ကိုယ့်အပေါ် ဒီလို မလုပ်သင့် ဟု ထင်မိသည်။ မမအေး ဘက်က ကြည့်လျှင်လည်း ကောင်းစေလိုသော ဆန္ဒဖြင့် လုပ်ခြင်းသာ ဖြစ်သည်။ သေသေချာချာ စဉ်းစားကြည့်တော့ ပစ္စည်းတစ်ခု အပေါ် တပ်မက်ကာ ရွှေရည်စိမ်မှန်း သတိမထား မိအောင်ပင် ဖြစ်ခဲ့ရသော ကျွန်မသည်လည်း အပြစ် မကင်းပေ။ သိက္ခာ တရားလောက် အရေးမကြီးသော အရာများ အပေါ် လွဲမှားစွာ လက်ခံခဲ့သော၊ လိုချင် တပ်မက်ခဲ့သော ကျွန်မ အတွက်တော့ သင်ခန်းစာ တစ်ခု အသေအချာ ရလိုက်သည်။ ဘယ်သူတွေ ဘယ်လောက်ပင် ကောင်းကောင်း၊ ဘယ်လိုပင် ပြောပြော ကိုယ်တိုင်က သေချာ ဆန်းစစ်ရန်သာ အရေးကြီးသည်။

ခေတ်စနစ်များ ပြောင်းလဲ တိုးတတ်လာသည် နှင့်အညီ မလေးတို့ ကုမ္ပဏီ ဝန်ထမ်းများ လစာလည်း တိုးမြင့်လာသည်။ အသီးသီး အလုပ်ကိုယ်စီ နှင့် မိသားစု သာယာစိုပြည် လာသည်။ အိမ်စားရုံ မဟုတ်ဘဲ စုရန်ပါ အခြေအနေ ပေးသည့် အနေအထား တစ်ခုထိ ရောက်ခဲ့ရပြီ။ မလေး မျှော်လင့်နေသော ဆန္ဒများ တဖြည်းဖြည်း ပြည့်လာခဲ့ပြီ။ " မလေးရေ ရုံးနောက်ကျ တော့မယ်''။ အိမ်အပြင်မှ မမအေး အော်သံကြားမှ သတိပြန်ဝင် လာသည်။ မလေး လည်ပင်းတွင် ဆွဲထားသော ရွှေဆွဲကြိုးလေး ကိုကြည့်ကာ မမအေး တစ်ယောက် ဝမ်းသာ မျက်ရည် ကျမိသည်။ တစ်ချိန်က သူလည်း ယခုကဲ့သို့ ရွှေဆွဲ ကြိုးလေးသာ ဆွဲစေချင် ခဲ့သည်လေ . . .။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger