www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 16, 2014

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၆၇)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် Flying Display အခမ်းအနား သို့ တက်ရောက် ကြည့်ရှုအားပေး


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၆၇)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အခမ်းအနား အထိမ်းအမှတ် Flying Display အခမ်းအနား တွင် မောင်းနှင်ပျံသန်း ခဲ့သော လေယာဉ်မှူးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၁၆-၁၂-၂၀၁၄

(၆၇)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အခမ်းအနား အထိမ်းအမှတ် Flying Display အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာ တပ်နယ်၊ လေကြောင်း အတတ်သင် လေတပ်စခန်း၌ ကျင်းပ ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကြည့်ရှု အားပေးသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်၊ လေတပ်စခန်း ဌာနချုပ် အသီးသီးမှ ဌာနချုပ်မှူးများ နှင့် ၄င်းတို့၏ ဇနီးများ၊ မိတ္ထီလာ တပ်နယ်မှ တပ်နယ်မှူးနှင့် တပ်ရင်း၊ တပ်ဖွဲ့မှူးများ၊ အရာရှိ / စစ်သည် မိသားစုဝင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ (၆၇)နှစ်မြောက် တပ်မတော်(လေ)နေ့ အထိမ်းအမှတ် လေယာဉ်များ သရုပ်ပြ ပျံသန်းမှုအား စတင် ကျင်းပပြုလုပ်ရာ ပထမ ဦးစွာ စွန်ရဲအုပ်ဖွဲ့ ခေါင်းဆောင် တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးက တပ်မတော် (ကြည်း) အလံကို ချိတ်ဆွဲပြီး ကျန် သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ် ၂ စီးက တပ်မတော် (ရေ/လေ) အလံများကို အသီးသီး ချိတ်ဆွဲကာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ပျံသန်း အလေးပြုသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ၊ အဖွဲ့ဝင်များ Trail Fly Past ပျံသန်းခြင်း ပြကွက်ကို ကြည့်ရှုစဉ်

ယင်းနောက် လေယာဉ် အမျိုးအစား အလိုက် အချိန်ကိုက် ပျံသန်း အလေးပြုခြင်း အစီအစဉ် များကို ပျံသန်း သရုပ်ပြရာ တံခွန်အုပ်ဖွဲ့တွင် ရဟတ်ယာဉ် ၂ စီးက Trail Formation ဟုခေါ်သည့် ရှေ့နောက်တန်းလျက် ပုံစံ အုပ်ဖွဲ့ပျံသန်းခြင်း၊ အာကာ အုပ်ဖွဲ့တွင် လေယာဉ် အမျိုးအစား မတူညီသော သယ်ယူ ပို့ဆောင်ရေး လေယာဉ် တစ်စီးနှင့် အမောင်းသင် လေယာဉ် ၂ စီးတို့က Composite Formation ခေါ် အမျိုးအစား မတူညီကြသည့် လေယာဉ် ၃ စီး အုပ်ဖွဲ့ ပျံသန်းခြင်း၊ ရန်နိုင်အုပ်ဖွဲ့တွင် အမောင်းသင် လေယာဉ် ၅ စီးက Arrow Head ဟု ခေါ်သည့် မြားခေါင်းပုံစံ အုပ်ဖွဲ့ ပျံသန်းခြင်း၊ သူရိန်အုပ်ဖွဲ့တွင် မကွေး လေတပ်စခန်း ဌာနချုပ် မှ တက်ရောက်ကာ အချိန်ကိုက် ပျံသန်းလာ သော ကြားဖြတ် တိုက်ခိုက်ရေး ယာဉ် ၅ စီးက Arrow Head ဟုခေါ်သည့် မြားခေါင်းပုံစံ အုပ်ဖွဲ့ ပျံသန်းခြင်း တို့ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ပျံသန်း အလေးပြု ကြသည်။

ထို့နောက် လေယာဉ်ကျွမ်းထိုး သရုပ်ပြ အစီအစဉ်အား ဆက်လက်ပြသရာ ရဲမာန်အုပ်ဖွဲ့ တွင် ဂျက်တိုက်လေယာဉ် ၃ စီးက Rolling Blend In ဖြင့် ပျံသန်း သရုပ်ပြကွက်၊ Half Lazy 8 ခေါ် ၃ စီးတွဲလျက် အင်္ဂလိပ် အက္ခရာ ၈ ပုံသဏ္ဌာန် သရုပ်ပြကွက်၊ Loop R/W Parallel ပြေးလမ်းနှင့် အပြိုင် နောက်ပြန် ကျွမ်းထိုးပျံသန်းခြင်း ပြကွက်၊ Loop R/W Cross ပြေးလမ်းအား ကန့်လန့်ဖြတ်လျက် နောက်ပြန် ကျွမ်းထိုး ပျံသန်းခြင်း ပြကွက်၊ Trail Fly Past ခေါ် လေယာဉ် ၃ စီးအား အပေါ်အောက် ထပ်လျက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံအား ကိုယ်စားပြု အရောင်များ ဖြစ်သည့် အဝါရောင်၊ အစိမ်းရောင်၊ အနီရောင် တို့ကို Smoke Generator များ အသုံးပြုလျက်ြ ဖတ်သန်း ပျံသန်းခြင်း ပြကွက်၊ Aileron Roll ခေါ် ၃ စီးတွဲလျက် ဘေးလှိမ့် ကျွမ်းထိုးသည့် ပြကွက် Heart Loop & Cupid ခေါ် အသည်းနှလုံးကို မြားစိုက်သည့် ပြကွက်တို့အား သရုပ်ပြ ပျံသန်းခဲ့ ကြသည်။

ဆက်လက်၍ (၆၇) နှစ်မြောက် တပ်မတော်(လေ) နေ့ အထိမ်းအမှတ် အဖြစ် ဇီဝိတဒါန ငှက်လွှတ်ခြင်း ဆောင်ရွက်ကြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ငှက်အကောင်ရေ ၆၇ ကောင်တို့အား ဘေးမဲ့ လွှတ်ပေးကြသည်။ ယင်းနောက် အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြပြီး အခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ် အဖြစ် မီးရှူးမီးပန်းများ ပစ်လွှတ်ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မောင်းနှင်ပျံသန်း ခဲ့သော လေယာဉ်မှူး များအား ဂုဏ်ပြုချီးမြှင့်ငွေ များ ပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ဆက်လက်၍ မကွေး လေတပ်စခန်း ဌာနချုပ်မှ တက်ရောက်ပျံသန်းခဲ့သည့် သူရိန်အုပ်ဖွဲ့မှ လေသူရဲများကို Video Conferencing ဖြင့် ရင်းရင်းနှီးနှီး နှုတ်ဆက် ဂုဏ်ပြုသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇုန်(၂)ရှိ တိုက်ခိုက်ရေး ရဟတ်ယာဉ်များအား လှည့်လည် ကြည့်ရှုစဉ်

ယင်းနောက် Static Display ပြကွက်ဇုန် (၁)ရှိ လေယာဉ်များ အားလည်းကောင်း၊ ဇုန်(၂)ရှိ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ နှင့် Weather Radar များအား လည်းကောင်း လှည့်လည်ကြည့်ရှု ကြသည်။ ထို့အပြင် အခမ်းအနား တက်ရောက် လာသူများကလည်း Static Display ပြကွက်အတွင်း လှည့်လည်ကြည့်ရှု လေ့လာကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ အမှတ်တရ ပစ္စည်းအရောင်းဆိုင် များအား လှည့်လည် ကြည့်ရှုစဉ်

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် (၆၇) နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဓာတ်ပုံပြခန်းနှင့် အမှတ်တရ ပစ္စည်း အရောင်းဆိုင် များအား လှည့်လည် ကြည့်ရှုကြသည်။

ဓာတ်ပုံပြခန်းတွင် တပ်မတော်(လေ)တွင် ကာကွယ်ရေး ဦးစီးချုပ် တာဝန် ထမ်းဆောင်ခဲ့သူများ၊ တပ်မတော်(လေ) မှ လေသူရဲ မျိုးဆက် မှတ်တမ်းဓာတ်ပုံများ၊ ဓာတ်ပုံများက ပြောသော တပ်မတော်(လေ) သမိုင်း၊ လေကြောင်း မျိုးဆက်သစ် မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ) ၏ စစ်ဆင်ရေး ဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံ များနှင့် လေသူရဲ အသုံးအဆောင် ပစ္စည်းများ ပြကွက်၊ လေသူရဲသုံး အသက် ရှင်သန်ရေး ပစ္စည်းများ ပြကွက်တို့ကို ခင်းကျင်း ပြသထားကြောင်း သိရှိရသည်။

ယမန်နေ့တွင် ကျရောက်သော (၆၇)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အခမ်းအနား ၌ အရုဏ်ဆွမ်းကပ်ခြင်း နှင့် စစ်ရေးပြ အခမ်းအနား တို့အား ကာကွယ်ရေး ဦးစီးချုပ်(လေ) ဦးဆောင်၍ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger