www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 16, 2014

ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်း သို့ ပြည်တွင်းပြည်ပ ခရီးသွား ပိုမိုဝင်ရောက်ရေး လုပ်ဆောင်ရန် လိုအပ်လျက်ရှိ



ရန်ကုန် ၊ ၁၆-၁၂-၂၀၁၄

ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်သည့် မြန်မာနိုင်ငံရှိ ပျူမြို့ဟောင်းသို့ လာရောက် လေ့လာ လည်ပတ်ကြသည့် ပြည်တွင်း ခရီးသွားများ အပါအဝင် ပြည်ပ ခရီးသွားများ အနေဖြင့် လက်ရှိ အချိန်တွင် ဝင်ရောက်မှု နည်းပါးလျက် ရှိရာ အဆိုပါ ဒေသသို့ ခရီးသွားများ လာရောက်မှု မြင့်တက်စေရန် လုပ်ဆောင် သင့်ကြောင်း ခရီးသွား လုပ်ငန်းရှင် များက ပြောသည်။

ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်း (ပုံ)များသို့ ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ နေ့စဉ်ပုံမှန် ဝင်ရောက်လျက် ရှိသော်လည်း မြန်မာနိုင်ငံရှိ အခြားသော မြို့ဟောင်းများနှင့် နှိုင်းယှဉ်ပါက အလွန် နည်းပါးလျက် ရှိကြောင်း သိရသည်။ 

ထိုကဲ့သို့ ဝင်ရောက်မှု နည်းပါးရခြင်းမှာ ခရီးသွား ဧည့်သည်များ စိတ်ဝင်စားမှု ရရှိစေရန် ဆွဲဆောင်မှုများ လက်ရှိအချိန်တွင် နည်းပါးနေခြင်း၊ ခရီးသွား ကြော်ငြာများ နည်းပါး နေခြင်း တို့ကြောင့် အဆိုပါ ဒေသအား သိရှိသူ နည်းပါး နေရခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ် ပြောကြားသည်။

ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ဖြစ်သည့် ဗိဿနိုးမြို့ဟောင်း သို့ လာရောက် ကြသည့် ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည် ဝင်ရောက်မှု နှုန်းမှာ တစ်နေ့ ခန့်မှန်းခြေ ၂ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပြီး ယူနက်စကို အသိအမှတ်ပြု အခြား ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် နယ်မြေများနှင့် နှိုင်းယှဉ်ပါက သိသိသာသာ နည်းပါးလျက် ရှိကြောင်း သိရသည်။

ပျူမြို့ဟောင်း သုံးမြို့ဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုး နှင့် ဟန်လင်းမြို့ တို့ကို ယခုနှစ် ဇွန်လအတွင်း ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင် မြို့များအဖြစ် အသိအမှတ်ပြု ခဲ့ပြီး ဒီဇင်ဘာ ၁ဝ ရက်နှင့် ၁၁ ရက်တို့တွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အသိအမှတ်ပြု လက်မှတ်အား ယူနက်စကိုမှ တာဝန်ရှိ သူများက ယဉ်ကျေးမှု ဝန်ကြီးဌာန သို့ပေးအပ်ခဲ့ကာ အထိမ်းအမှတ် ကျောက်စာတိုင်ကို ဖွင့်လှစ် ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ကိုလိုနီခေတ်မှ စတင်တူးဖော် ခဲ့သည့် ပျူမြို့ဟောင်း များကို ယခု အစိုးရသစ် လက်ထက်တွင် အရှိန်မြှင့် ဆောင်ရွက် ခဲ့ခြင်းကြောင့် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် သတ်မှတ်ခံ ခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် ယဉ်ကျေးမှု ဝန်ကြီးဌာန အနေဖြင့် ၂ဝ၁၆ ခုနှစ်တွင် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ရှေးဟောင်းမြို့တော် အဖြစ် ဆက်လက် တင်သွင်း သွားမည် ဖြစ်ကြောင်း သိရသည်။

ခိုင်လေး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger