အမျိုးသမီးငယ်တို့ သတိပြုဖို့
ငါးမျှားချိတ်နှင့် နီးသော ငါးသည် ငါးမျှားချိတ်ကို အစာထင်မှတ် တတ်သည်။ ငါးစာကိုသာ မြင်ပြီး မျှားချိတ်ကို မမြင်သော ငါးတို့သည် သေဆုံးကြ ရသည်။ ငါးမျှားသူတို့ လက်အတွင်း၌ ပြုသမျှ ခံကြရသည်။ မျှားချိတ်သည် ငါးအတွက် အစာဟု ထင်ရသော်လည်း အန္တရာယ်ပင် ဖြစ်သည်။ မျှားချိတ် နှင့်နီးသော ငါးသည် အန္တရာယ် စက်ကွင်း အတွင်း၌ သက်ဆင်းကြ ရသည်။
ယခုခေတ်တွင် ပုရိသ ယောက်ျား အချို့သည် အမျိုးသမီးများ အပေါ် သွေးဆောင် ဖြားယောင်း နည်းမျိုးစုံကို အသုံးပြု၍ အမျိုးသမီးငယ် တို့၏ ဘဝကို ဖျက်ဆီး နေသည်ကို ကြားသိ ရသည်။ ထိုကဲ့သို့သော ယောက်ျား တို့သည် အမျိုးသမီးငယ် တို့အတွက် မျှားချိတ်များပင် ဖြစ်သည်။ ထိုအနှီ ယောက်ျား တို့ကို သတိပြုရန်မှာ ဝေးဝေးမှ ရှောင်ခြင်းပင် ဖြစ်သည်။
ယနေ့ကာလ ဖေ့စ်ဘုတ်၊ ဗိုက်ဗာ တို့မှတွေ့၍ စကားပြော ရင်းနှီးကာ တစ်ယောက် အကြောင်း တစ်ယောက် မသိဘဲ တွေ့ဆုံကြရာမှ အမျိုးသမီးငယ် တို့ဘဝ ပျက်စီးကြ ရသည်။ မျှားချိတ်နှင့် တူသော ပုရိသတို့သည် တို့ဆေး၊ မေ့ဆေး၊ ခတ်ဆေး စသော မူးယစ်ထုံထိုင်း မေ့မြော စေသည့် ဆေးဝါးများ အသုံးချ၍ ကာမ အကြမ်းဖက်မှုများ ပြုလုပ် လာသည်ကို ကြားသိနေ ရသည်။
ဤအချက်သည် မိန်းကလေးငယ် များနှင့် အမျိုးသမီးများ အတွက် သတိပြုဖွယ် ဖြစ်သည်။ အယုံ လွယ်မှုကို ရင်းနှီး ကျွမ်းဝင်အောင် ပြုလုပ်၍ အခွင့်ကောင်း ယူတတ်သည်ကို သတိပြု သင့်သည်။ ထို့ပြင် မိန်းကလေးငယ် များနှင့် အမျိုးသမီး များသည် မြန်မာ့ ယဉ်ကျေးမှုနှင့် ညီညွတ်သော အရှက်လုံသည့် ဝတ်စား ဆင်ယင်မှုကို အလေးထား သင့်သည်။ အရှက် မလုံသော ဝတ်စား ဆင်ယင်မှုသည် အန္တရာယ်ကို ဖိတ်ခေါ် သကဲ့သို့ ရှိသည်ကို သတိပြု သင့်သည်။
အချို့က မရင်းနှီး မသိသည်ကို ရင်းနှီးအောင် ကြိုးစားသည်။ ရင်းနှီးလာလျှင် လူမဆန်စွာ အခွင့်ကောင်း ယူတတ်သည်။ မိန်းကလေး ငယ်များ၊ အမျိုးသမီး ငယ်များ အနေဖြင့် ပုရိသ တို့နှင့် ဆက်ဆံရာတွင် ရင်းနှီးသည် ဖြစ်စေ၊ မရင်းနှီးသည် ဖြစ်စေ သတိပြု သင့်သည်။ သတိလွတ် သည်နှင့် အန္တရာယ် ဖြစ်နိုင်သည်။ ငါးသည် မျှားချိတ်နှင့် နီးပါက မျှားချိတ် အန္တရာယ် ကျရောက် တတ်သည်။
သို့ဖြစ်ရာ အမျိုးသမီးများ အနေဖြင့် မသိမကျွမ်း၊ မရင်းနှီးသော သူများနှင့် ဆက်ဆံရာတွင် သတိပြု သင့်သည်။ ဝတ်စား ဆင်ယင်မှု ကိုလည်း ပြုပြင် သင့်သည်။ သတိနှင့် ဝီရိယသည် ပိုသည် မရှိပါ။ လောက၌ အတုအယောင် အလိမ်အကောက် များ ပေါများလာရာ အန္တရာယ်ပြု နိုင်သည့် မျှားချိတ်ကို မြင်အောင် ကြည့်တတ်ရန် လိုသည်။ မျှားချိတ်နှင့် ငါး အနေနီးလျှင် ငါးသာလျှင် ကိုယ်ကျိုးနည်း ရသည်ဖြစ်ရာ အမျိုးသမီးငယ် များအနေဖြင့် ဟိရိသြတ္တပ္ပ နှင့် အညီ သွားလာ နေထိုင်၍ ပုရိသတို့နှင့် ဆက်ဆံရာတွင် သတိဝီရိယ နှင့် ဆက်ဆံ သင့်ကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။
( အယ်ဒီတာ့အာဘော် )
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment