www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 24, 2014

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်သင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်း ပြောကြား


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်သင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်း ပြောကြား

နေပြည်တော် ၊ ၂၄-၁၂-၂၀၁၄


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် 
တပ်မတော်သူနာပြု နှင့် ဆေးဘက်ပညာ တက္ကသိုလ် သင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် 
သင်တန်းဆင်း တပ်ခွဲများ၏ ချီတက် အလေးပြုခြင်းကို ခံယူစဉ်


သူနာပြု လုပ်ငန်းဆိုသည်မှာ ကျန်းမာရေး ကဏ္ဍတွင် အရေးပါသည့် လုပ်ငန်းတစ်ရပ် ဖြစ်ကြောင်း၊ သူနာပြုများသည် ကရုဏာတရား ကြီးမားပြီး ကြင်နာတတ်သူ၊ ကိုယ်ကျိုးစွန့် အနစ်နာ ခံတတ်သူ၊ စေတနာ ထက်သန်သူ၊ စိတ်ထား မွန်မြတ်သူ၊ အပင်ပန်း အဆင်းရဲ ခံနိုင်သူ စသည့် အင်္ဂါရပ်များနှင့် ထူးထူးကဲကဲ ပြည့်စုံသူများ ဖြစ်ကြောင်း၊ စေတနာနှင့် အကြင်နာ ဆိုသည်မှာ အလွန် ထိရောက်သည့် စိတ်ပိုင်း ဆိုင်ရာ ကုထုံးဖြစ်သည့် အပြင် လူနာ၏ ယုံကြည် လေးစားမှု ချစ်ခင်မှု များကို ရရှိ စေနိုင်ကြောင်း၊ ထို့ကြောင့် သူနာပြု တစ်ယောက်၏ အပြောအဆို၊ အပြုအမူသည် စိတ်ခွန်အားများ ပေးနိုင်ပြီး ကုသမှုကို အလွန် ထိရောက်စေမည် ဖြစ်သဖြင့် အလေးထား လိုက်နာ ဆောင်ရွက်သွားရန် မှာကြား လိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်က ယမန်နေ့နံနက် ၇ နာရီတွင် ရန်ကုန်မြို့၊ တပ်မတော် ဆေးတက္ကသိုလ် စစ်ရေးပြကွင်း ၌ ကျင်းပ ပြုလုပ်သော တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် သင်တန်း အမှတ်စဉ် (၁၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြား ခဲ့သည်။

တပ်မတော်သူနာပြု နှင့် ဆေးဘက်ပညာ တက္ကသိုလ် သင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် လာကြသည့် ဧည့်သည်တော်များနှင့် 
သင်တန်းဆင်း သူနာပြုများ၏ မိဘဆွေမျိုးများအား တွေ့ရစဉ်

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သူရသက်ဆွေ နှင့်ဇနီး ၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ တပ်မတော်သူနာပြု နှင့် ဆေးဘက်ပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး နှင့် မင်္ဂလာဒုံ တပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်း သူနာပြုများ၏ မိဘ ဆွေမျိုးများ တက်ရောက် ကြသည်။

အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် သည် သင်တန်းဆင်း တပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် 
တပ်မတော်သူနာပြု နှင့် ဆေးဘက်ပညာ တက္ကသိုလ် သင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် သင်တန်းဆင်း တပ်ခွဲများအား စစ်ဆေးစဉ်

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် သင်တန်းဆင်း တပ်ခွဲများအား စစ်ဆေးသည်။

ယင်းနောက် သင်တန်းဆင်း တပ်ခွဲများက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အား အနှေးလျှောက်၊ အမြန်လျှောက် တို့ဖြင့် ချီတက် အလေးပြု ကြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ သင်တန်း အမှတ်စဉ် (၁၂)မှ အကောင်းဆုံး သင်တန်းသား ဆုရရှိသူ သင်တန်းသား အမှတ်၊ ၃၃၄၅ သင်တန်းသား သော်ဇင်အောင် ၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ သင်တန်းသား အမှတ်၊ ၃၂၄၂ သင်တန်းသား ထွန်းဝဏ္ဏဦး နှင့် စာပေထူးချွန်ဆု ရရှိသူ သင်တန်းသား အမှတ်၊ ၃၂၈၃ သင်တန်းသား မျိုးကျော်သူ တို့အား ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် 
အကောင်းဆုံး သင်တန်းသားဆု ရရှိသူ သင်တန်းသား အမှတ် ၃၃၄၅ သင်တန်းသား သော်ဇင်အောင် အား ဆုချီးမြှင့်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်
 လေ့ကျင့်ရေး ထူးချွန်ဆု ရရှိသူ သင်တန်းသား အမှတ် ၃၂၄၂ သင်တန်းသား ထွန်းဝဏ္ဏဦး အား ဆုချီးမြှင့်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် 
စာပေထူးချွန်ဆု ရရှိသူ သင်တန်းသား အမှတ် ၃၂၈၃ သင်တန်းသား မျိုးကျော်သူ အား 
ဆုချီးမြှင့်စဉ်

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သင်တန်းသား များအား မိန့်ခွန်း ပြောကြားရာတွင် အနောက်တိုင်း ဆေးဖြစ်စေ၊ တိုင်းရင်းဆေး ဖြစ်စေ၊ ဆေးဝါး ဖော်စပ်မှုနှင့် ဆေးဝါး အသုံးပြုမှု အတွက် ကျွမ်းကျင် ပညာရှင်များ လိုအပ်ကြောင်း၊ ဆေးဝါး ထုတ်လုပ်မှုပညာ၊ ဆေးဝါး အာနိသင် စမ်းသပ် စစ်ဆေးမှု ပညာရပ်များကို ကျွမ်းကျင် ပိုင်နိုင်အောင် လေ့လာပြီး တပ်မတော်သား များနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်သွား ရမည် ဖြစ်ကြောင်း။

ဆေးကုသရာတွင် ထိရောက် တိကျစေရန် အတွက် ရောဂါ ရှာဖွေရေးကို ဘက်စုံထောင့်စုံက ပြုလုပ်ရန် လိုကြောင်း၊ အနာသိမှ ဆေးရှိ ဆိုသည့် စကားအတိုင်း ဓာတ်ခွဲနည်း ပညာ၊ ဓာတ်မှန်နှင့် ပုံရိပ်ဖော် နည်းပညာ များကို ထိရောက်စွာ အသုံးပြုပြီး ဖြစ်ပွား နေသည့် ရောဂါကို တိကျစွာ ရှာဖွေနိုင်ရန် ဆောင်ရွက်သွား ကြရမည် ဖြစ်ကြောင်း။

အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် လူပုဂ္ဂိုလ် တစ်ဦးချင်း၊ မိသားစု တစ်စုချင်းမှသည် ဒေသအလိုက် တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး ကိစ္စအဝဝ အထိ ကျယ်ပြန့်သည့် အမြင်ဖြင့် ကျန်းမာရေး ဆိုင်ရာ စီမံခန့်ခွဲမှုများကို ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း။

အနောက်တိုင်း ဆေးပညာအပြင် ဆေးဖက်ဝင် နွယ်မြက်သစ်ပင် များကို အသုံးပြု ကုသပေးနိုင်သည့် မြန်မာ တိုင်းရင်းဆေး ပညာကိုလည်း အလေးထားပြီး လေ့လာကြရန် ပြောကြား လိုကြောင်း၊ ရှေးခေတ် မြန်မာ့ တပ်မတော် တွင်လည်း ဆေးပညာ သမားတော်များ၏ အရေးပါမှုကို ယောဓဗျူဟာကျမ်း ၏ စစ်ခန္ဓာ(၈)ပါး အနက်မှ ယောဓာယု ခေါ် စစ်၏အသက်မှာ စားနပ်ရိက္ခာ၊ လက်နက်၊ ဆင်၊မြင်း၊ ရထား၊ ဆေးဝါးနှင့် ဆေးဆရာများ လို့ ဖော်ပြထား သကဲ့သို့ မဇ္ဈိမ ဆေးကျမ်းမှာလည်း စစ်ချီတက်ရာတွင် သမားတော်သည် အစားအသောက်၊ သောက်သုံးရေ၊ လောင်စာ၊ စခန်းချသည့် နေရာအားလုံးကို စီမံပေးရ မည်ဟူ၍ ဖော်ပြ ထားသည်ကို တွေ့ရှိရကြောင်း။

တပ်မတော်၏ စစ်ဘက်သူနာပြု သမိုင်းကြောင်းကို ပြန်ကြည့်လျင် ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို စတင်ဖွဲ့စည်းပြီး မြန်မာနိုင်ငံ အတွင်း ပြန်လည် ဝင်ရောက် လာသည့် အချိန်တွင် ထားဝယ် စစ်ကြောင်း၌ သူနာပြု အဖွဲ့တစ်ဖွဲ့ သည် တပ်မတော်ထဲကို ပထမဦးဆုံး ဝင်ရောက် ခဲ့ကြကြောင်း၊ မျိုးချစ်စိတ်ဓာတ် ရှိသည့် ဆရာဝန်နှင့် သူနာပြုများသည် တပ်မတော်ထဲသို့ ဝင်ရောက်ခဲ့ကြပြီး လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ တစ်လျှောက်လုံး စွန့်လွှတ်စွန့်စား သည့် စိတ်ဓာတ်နှင့် စစ်မြေပြင် ဆေးအကာအကွယ် ပေးရေး တာဝန်အပြင် တိုက်ပွဲဝင် တာဝန်တွေကိုပါ ထမ်းဆောင်ခဲ့ ကြခြင်း ဖြစ်ကြောင်း။

တပ်မတော်ကို ခိုင်မာအောင် တည်ဆောက်ရာတွင် တပ်တွင်း စည်းလုံး ညီညွတ်ရေးသည် အခြေခံ အကြောင်းတရား ဖြစ်ကြောင်း၊ တပ်တွင်းစည်းလုံး ညီညွတ်ရေးသည် ရဲဘော်စိတ်နှင့် စစ်စည်းကမ်း ကောင်းမွန်မှု အပေါ် မူတည်ကြောင်း၊ ခေါင်းဆောင်ငယ်များ အဖြစ် စစ်ရေးတာဝန် ထမ်းဆောင် ကြသည့် အခါတွင်လည်း မျှတသည့် စိတ်ထား၊ မှန်ကန်သည့် သဘောထား၊ ရဲရင့်ပြတ်သား သည့် ဆုံးဖြတ်ချက်၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ယုံကြည်မှု၊ သစ္စာရှိမှုများနှင့် အတူ လက်အောက် ငယ်သားများ အပေါ် ရဲဘော်ရဲဘက် စိတ်နှင့်ပြုမူ ဆက်ဆံသွားရန် လိုကြောင်း၊ ခေါင်းဆောင် ဆိုသည်မှာ ဆရာကောင်း တစ်ယောက် ဖြစ်သကဲ့သို့ အောင်မြင်သော လူမှုဆက်ဆံရေး သမားကောင်း တစ်ယောက်လည်း ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် အမိန့်နှင့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရသည့် နောက်လိုက် ကောင်းလည်း ဖြစ်ရန်လိုကြောင်း။

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် ဂုဏ်သိက္ခာ ရှိစွာနှင့် မားမားမတ်မတ် ရပ်တည်နိုင်ရန် အတွက် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးနှင့် အမျိုးသား အကျိုးစီးပွား တိုးတက် ဖြစ်ထွန်းရေးကို ဦးတည် ဆောင်ရွက်လျက်ရှိ ကြကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အင်အားကို သတ်မှတ်သည့် နေရာတွင် စစ်ရေးအင်အား တောင့်တင်း ခိုင်မာမှုသည် အဓိကကျသည့် အခန်းကဏ္ဍ တွင် ပါဝင်နေကြောင်း၊ တပ်မတော်ကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် တပ်မတော်( Standard Army) အဖြစ် တည်ဆောက် ရာတွင် စစ်သည် တစ်ဦးချင်းစီ၏ အရည်အသွေး မြင့်မားမှုနှင့် တပ်မတော်၏ အရည်အသွေးကို မြှင့်တင်ကြ ရမည် ဖြစ်ကြောင်း။

မျက်မှောက် ခေတ်သည် (Knowledge age) ပညာခေတ်ဖြစ်သည့် အတွက် အစဉ်အမြဲ သင်ယူနေမှသာ ပြောင်းလဲ တိုးတက်နေသည့် နည်းပညာ များနှင့် အညီ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ တပ်မတော်သား များ၏ ကျန်းမာရေး သာမက ရောက်ရှိ တာဝန် ထမ်းဆောင်ရာ ဒေသ အသီးသီးတွင် ရှိသည့် ပြည်သူများ ကိုပါ မိမိ တတ်ကျွမ်းသော ဆေးပညာဖြင့် ပြုစုစောင့်ရှောက် ပေးပြီး နိုင်ငံတော် တည်ဆောက်ရေး နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် ကြိုးပမ်းဆောင်ရွက် သွားကြရန်၊ စစ်သည် တစ်ဦးချင်းစီ၏ အရည်အချင်း မြင့်မားမှုကို ပေါင်းစည်းပြီး အရည်အသွေး ရှိသည့် စွမ်းရည်ရှိသည့် တပ်မတော်အဖြစ် တည်ဆောက်ရာတွင် မိမိတတ်စွမ်းသည့် ပညာကို အကောင်းဆုံး အသုံးချ ဆောင်ရွက် သွားကြရန်၊ တတ်ကျွမ်းထားသည့် ဆေးပညာရပ် များကို အခြေခံပြီး ခေတ်နှင့် အညီ တိုးတက် ပြောင်းလဲမှု များကိုလည်း စဉ်ဆက်မပြတ် လေ့လာ၍ စွမ်းရည်ပြည့်ဝ ကျွမ်းကျင်သော ဆေးပညာသည် သူနာပြုများ ဖြစ်လာအောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြား လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သူရေစည်သူ မင်းအောင်လှိုင်သည် သင်တန်းဆင်း တပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြ အခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် 
တပ်မတော် ဆေးတက္ကသိုလ် ပင်မစာသင်ဆောင် ဧည့်ခန်းမ၌ ထူးချွန်ဆုရ 
သင်တန်းသားများနှင့် မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြု အမှာစကား 
ပြောကြားစဉ်


စစ်ရေးပြ အခမ်းအနားအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် သည် တပ်မတော် ဆေးတက္ကသိုလ် ပင်မ စာသင်ဆောင်ရှိ ဧည့်ခန်းမ၌ ထူးချွန်ဆုရ သင်တန်းသား (၃)ဦးနှင့် ၎င်းတို့၏ မိဘများ အားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ထိုသို့ ပြောကြားရာတွင် ရှိထားပြီးဖြစ်သော ကြိုးစား အားထုတ်မှု အခြေခံ ကောင်းများကို ဆက်လက် ထိန်းသိမ်း၍ အနာဂတ်တွင် ဆက်လက် ကြိုးစားသွားရန်၊ မိမိ ကျွမ်းကျင်သော ဆေးဘက် ပညာအား နွေးထွေး လှိုက်လှဲသည့် ဆက်ဆံရေးဖြင့် ပေါင်းစပ်၍ လူနာ၏ ဝေဒနာကို ဖြေလျော့ သက်သာအောင် စောင့်ရှောက် ကုသပေးရန်၊ (၃၈)ဖြာ မင်္ဂလာ တရားတော်နှင့် အညီ မိဘတို့၏ လိမ္မာ ယဉ်ကျေးအောင် ပြုစု စောင့်ရှောက်ခဲ့မှု အပေါ် ကျေးဇူး သိတတ်ရန်နှင့် ထူးချွန် ထက်မြက်၍ လိမ္မာ ယဉ်ကျေးစွာဖြင့် နိုင်ငံတော်၊ တပ်မတော်မှ အားကိုး အားထား ရသူများဖြစ်အောင် ဆက်လက် ကြိုးစားအားထုတ် သွားရန်တို့ မှာကြားသည်။

ယနေ့ပြုလုပ်သော တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲတွင် သင်တန်းသား ၂ဝ၂ ဦးတို့အား သူနာပြု၊ ဆေးဝါး ကျွမ်းကျင်သူ နှင့် ဆေးဘက် ပညာသည် များအဖြစ် ခန့်အပ် ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် သည် အဖွဲ့ဝင်များ လိုက်ပါ၍ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ကျောင်းပြခန်း အတွင်း လှည့်လည် ကြည့်ရှုကာ ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် 
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ကျောင်းစာကြည့်တိုက်အတွင်း 
လှည့်လည် ကြည့်ရှုစဉ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် 
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ကျောင်းရှိ Nursing Skill Lab (သူနာပြုလက်တွေ့ခန်း) အား လှည့်လည် ကြည့်ရှုစဉ်

ထိုနောက် ကျောင်း စာကြည့်တိုက်၊ Computer Tomography (ကွန်ပျူတာသုံး၍ ပုံရိပ်ဖော် ရောဂါရှာဖွေ စစ်ဆေး စမ်းသပ်ခန်း) Hydro Therapy Room (ရေကုထုံးသုံး လက်တွေ့ခန်း)၊ Physio Therapy Pratical Room (ခန္ဓာသန်စွမ်းမှု နည်းပညာ လက်တွေ့ခန်း)၊ Nursing Skill Lab (သူနာပြုလက် တွေ့ခန်း) တို့အား လှည့်လည် ကြည့်ရှု၍ လေ့ကျင့် သင်ကြားရေး ဆိုင်ရာ အထောက် အကူပစ္စည်း များနှင့် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ လိုအပ်ချက် များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ပေးခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger