လူနှင့်ပတ်ဝန်းကျင် သာယာရေး
ဤကမ္ဘာ လောကတွင် လူအမျိုးအစား မြောက်မြားစွာ ရှင်သန်နေထိုင် ရပ်တည်လျက် ရှိနေသည်။ လူနှင့်လူချင်း တူသော်လည်း ဘဝအပေါ် ထားရှိသည့် သဘောထား အမြင်နှင့် ခံယူချက် ရပ်တည် ရှင်သန်ရာ ပတ်ဝန်းကျင် နှင့် အသိုင်းအဝိုင်း အပေါ် အကျိုးပြုနိုင်မှု၊ လူ့ကျင့်ဝတ် သိက္ခာ စောင့်ထိန်းနိုင်မှု အချက်များပေါ် မူတည်၍ လူတစ်ယောက်နှင့် တစ်ယောက်၏ ပုံသဏ္ဌာန် တန်ဖိုး ကွာခြား သွားသည်။
လူအချို့သည် လူနှင့်စိတ် မျှတ သင့်လျော်စွာ လိုက်ဖက်ညီသည်။ ပင်ကိုယ် စိတ်နေ သဘောထား နှင့် မြင်သမျှ တွေ့သမျှ လူတိုင်းကို ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်း တတ်သည်။ အာဃာတ နှင့် အငြိုးတရား ကင်းစင်၏။
ထိုလူမျိုးရှိရာ ပတ်ဝန်းကျင်သည် ချစ်ခင် စည်းလုံး၏ ကြီးပွား တိုးတက်၏။ ဒုတိယ တစ်မျိုးမှာ ကျီးအာသီးနှင့် တူသော လူမျိုးဖြစ်သည်။ နှုတ်ချိုသော်လည်း စိတ်ပုပ်သော လူစားမျိုး ဖြစ်သည်။ ထိုလူစားများ များပြားသော ပတ်ဝန်းကျင်သည် ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး ဖြစ်သောကြောင့် အပေါ်ယံ ကြည့်ပါက သာယာသည်ဟု ထင်ရသော်လည်း အချိန်မရွေး ပျက်စီး သွားနိုင်သည်။
တတိယ တစ်မျိုးမှာ နှုတ်စွာ သော်လည်း အများအကျိုးနှင့် စပ်လျဉ်းရာ၌ အလွန် ကျေးဇူး ပြုတတ်သူ (သို့မဟုတ်) အလွန် ကျေးဇူးပြုချင် သူများ ဖြစ်သည်။ ထိုလူမျိုးသည် ကြက်ဟင်းခါးသီး နှင့်တူ၏။ ပေါင်းသင်း ဆက်ဆံရ ခက်ခဲသည်ဟု ထင်မြင်သုံးသပ် ရသော်လည်း အတွင်းမနော ဖြူစင်သူများ ဖြစ်၍ ကြက်ဟင်းခါးသီး သည် ခါးသက် သော်လည်း စားသုံးသူ အတွက် ဘေးမဖြစ် ဆေးဖက်ဝင် သကဲ့သို့ ဖြစ်သည်။ ထိုလူမျိုးများ များပြားသော ပတ်ဝန်းကျင်သည် ဘေးကင်း လုံခြုံသည်။
စတုတ္ထ တစ်မျိုးမှာ လက်ညှိုးထောင်၊ ခေါင်းညိတ် လူစားမျိုး ဖြစ်သည်။ ဘယ်တော့မှ ဘယ်သူ နှင့်မှ ဘာအကြောင်း ကြောင်းမှ အငြင်းအခုံ အတိုက်အခံ မလုပ်၊ ဘယ်သူ ဘာမေးမေး အားလုံး ကောင်းပါသည် ဟုသာ အဖြေပေးရန် ခေါက်ရိုးကျိုး နေသူများ ဖြစ်သည်။ တစ်စုံတစ်ယောက် က ကောင်းသည်ဟု ပြောလျှင် လိုက်၍ ကောင်းပါသည် ဟု ထောက်ခံမည်။ မကောင်းပါ ဟု အခြား တစ်ယောက်က ပြောလျှင် မကောင်းပါဟု ကန့်ကွက်မည့် လူစားမျိုးသည် လူ့လောက အတွက် အသုံးမဝင်သော အမှိုက်နှင့် တူသော လူစားမျိုး ဖြစ်သည်။
ပဉ္စမ တစ်မျိုးမှာ အသုံးမကျ ရုံမျှမက သူ့ ပတ်ဝန်းကျင်ကို အနှောင့်အယှက် ပေးရန် (သို့မဟုတ်) လောကကို ပျက်စီးရန် ဝါသနာပါ သူများ ဖြစ်သည်။ ထိုလူမျိုးသည် ပဒိုင်းသီးလို လူစားမျိုး ဖြစ်သည်။ ဆုပ်လည်းစူး၊ စားလည်းရူးဟု ဆိုရ လောက်အောင် မပေါင်းသင့် မပေါင်းအပ်သည့် လူစားမျိုး ဖြစ်သည်။ ထိုလူမျိုးများ လာလျှင် လူ့ပတ်ဝန်းကျင် သည် သာယာ ငြိမ်းချမ်းမှု ကင်းမဲ့ တတ်သည်။ ထိုထိုသော အမျိုးမျိုးသော လူများသည် ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် မြောက်မြားစွာ ရှိနေသည်။
မိမိ ပတ်ဝန်းကျင်သည် အဘယ်လူမျိုး များသနည်း။ မိမိ၏ ပတ်ဝန်းကျင်သည် ကောင်းပါ၏လော၊ ဆိုးနေပါသလော စဉ်းစားရန် လိုသည်။ ထို့အတူ မိမိသည်လည်း မည်သည့် လူမျိုး ဖြစ်နေပါသလဲ စဉ်းစား သင့်သည်။
သို့ဖြစ်ရာ မိမိ၏ လူမှု ကွန်ရက်အရ မိတ်ဝတ်မပျက် ပေါင်းသင်း ဆက်ဆံတတ် စေရေးအတွက် အရာရာတွင် သတိတရား နှင့်ယှဉ်ကာ ပေါင်းသင်း ဆက်ဆံ တတ်ရန် လိုသကဲ့သို့ မိမိနှင့်မိမိ၏ ပတ်ဝန်းကျင်မှ လူများ ကောင်းသောစိတ် မနသိကာရ နှင့်ပြည့်စုံ၍ မိမိ နေထိုင်ရာ ဝန်းကျင်ကို ကောင်းကျိုးပြု စည်ပင်စေသူများ ဖြစ်အောင် ပြုပြင် သွားကြရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။
( အယ်ဒီတာ့အာဘော် )
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment