အပြစ်တင် မစောလိုက်ပါနဲ့ စောင်းငဲ့လို့ကြည့်စေချင်
ကမ္ဘာကြီးသည် ခေတ်မီ နည်းပညာများ တိုးတက်လာရာ သတင်းများကို ပုံနှိပ်ထုတ်ဝေ ရုံသာမက ရေဒီယို နှင့်ရုပ်ရှင်၊ ရုပ်မြင်သံကြားတို့မှ တစ်ဆင့် ပြည်သူများ သိရှိအောင် ထုတ်လွှင့် လာကြရာ ပုံနှိပ်မီဒီယာ နှင့် အီလက်ထရွန်နစ် မီဒီယာ ဟူ၍ နှစ်မျိုးနှစ်စား ရှိသည်။ ပုံနှိပ်မီဒီယာ သတင်းစာသည် သတင်းစကား များကို ပြည်သူများ သိရှိအောင် ဖြန့်ချိရာ၌ သတင်းကို စာပေအက္ခရာဖြင့် ရေး၍ စက္ကူပေါ်တွင် ပုံနှိပ်စက်ဖြင့် ရိုက်နှိပ်ကာ လူထုအတွင်း ဖြန့်ချိသော လုပ်ငန်းဖြစ်သည်။ သတင်းစာ ပုံနှိပ်ထုတ်ဝေ ရာတွင် နိုင်ငံတော်က ပြဋ္ဌာန်းထားသော တည်ဆဲ ဥပဒေများ၊ ကျင့်ဝတ်နီတိ များကို လိုက်နာ ရသည့်အပြင် အချိန်နှင့် နေရာ အကန့်အသတ် တို့ကိုလည်း အခါမလပ် သတိပြု ဆောင်ရွက်ကြ ရသည်။
စာနယ်ဇင်း တို့တွင် နေ့စဉ် ထုတ်ဝေသည့် သတင်းစာသည် ၂၄ နာရီအတွင်း အချိန်မှန် ထုတ်ဝေ နိုင်ရန်နှင့် သတင်းစာဖတ် ပရိသတ်ထံ အစောဆုံး အချိန်မီ ရောက်အောင် ဖြန့်ချိနိုင်ရန် ဆောင်ရွက်ကြ ရာ၌ စာမျက်နှာ အကန့်အသတ် ရှိနေပြန်ရာ စာဖတ် ပရိသတ်တို့၏ ဆန္ဒကို အပြည့်အဝ ဖြည့်ဆည်းပေးရန် အခက်အခဲ ရှိကြသည်ကို စာမူရှင်များနှင့် စာဖတ် ပရိသတ်တို့က နားလည်ပေး ကြသည်။ ယခု ထုတ်ဝေနေသော သတင်းစာ နှင့် သတင်းဂျာနယ် တို့သည် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးအတွက် ထုတ်ဝေကြသည့် ရည်ရွယ်ချက် တူညီ ကြသည်။ ဤသို့ ထုတ်ဝေကြ ရာ၌ ခေတ်သမိုင်းကို ထင်ဟပ်စေသော အကြောင်းအရာများ ပါဝင်လျက် ရှိရာတိုင်းရင်းသား ပြည်သူတို့၏ နားနှင့် မျက်စိအာရုံ လွဲမှားစွာ ကြားမြင် စေနိုင်သည့် အကြောင်းအရာ တို့ကိုကား လုပ်ငန်း သဘာဝအရ လိုက်နာကြ ရသည့် ကျင့်ဝတ်များနှင့် အညီ ဆောင်ရွက်ကြ ရသည်။
မြန်မာစာပေ သမိုင်း၌ ပင်းယခေတ်မှ စတင် ပေါ်ပေါက်ခဲ့သော ရတုသည် အင်းဝခေတ်တွင် ဖွံ့ဖြိုးလာခဲ့ရာ မိညို နှင့် မိဖြူ ဆိုသော စာဆိုနှစ်ဦးတို့ ကိုယ်ရည်သွေး ရတုများ အပြိုင်ရေးဖွဲ့ ခဲ့ကြသည်။ ကုန်းဘောင်ခေတ် တွင် ကဗျာ အမျိုးအစားသစ် ဖြစ်သော ရကန် ရေးခဲ့ကြသည်။ ရွှေတောင်နန္ဒသူ ၏ ငွေတောင်ရကန်၊ မွေ့နန်းရကန်၊ ဦးတိုး၏ ရာမရကန်၊ ကင်းဝန်မင်းကြီး ၏ နေမိရကန်၊ ဦးရွှေနီ၏ ပဉ္စပါပီရကန် စသည်တို့ ပေါ်ပေါက် လာခဲ့သည်။ ရကန် ရေးဖွဲ့ကြရာ၌ ဇာတ်ဝတ္ထု တစ်ခုခုကို အခြေခံ သော်လည်း ဇာတ်ကြောင်းကို အသေးစိတ် မဖွဲ့ဘဲ ကောင်းနိုးရာရာ ဇာတ်ကွက်မျှသာ ယူပြီး မိမိနှင့် မိမိ၏ရကန်ကို အမွှမ်းတင် ရေးဖွဲ့သော ကိုယ်ရည်သွေး အဖွဲ့များ၊ အခြားစာဆို တို့၏ ရကန်များကို တိုက်ခိုက်နှိမ့်ချ ရေးဖွဲ့သော အကန်အကျောက် အဖွဲ့များဖြင့် ရွှင်ရွှင်ရေးဖွဲ့ ခဲ့ကြသကဲ့သို့ အခံအအုပ် ကာရန်ယူ၍ ပေါ့ပေါ့ပါးပါး သွက်သွက် လက်လက် ရေးဖွဲ့လေ့ ရှိကြောင်းဒေါက်တာခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) က သုံးသပ်ပြ ခဲ့ဖူးသည်။
ပေါရာဏဒီပနီကျမ်း မှ ရခိုင်မြို့သူ မိညို ရေးဖွဲ့ခဲ့သော ကိုယ်ရည်သွေး ရတုသုံးပိုဒ်မှာ ''တောင်တွင် မြင်းမိုရ် သာတကား၊ စည်တွင်ပဟိုရ် သာတကား၊ နန်းတွင် မိညို သာတကား''ဟူ၍ တစ်ပိုဒ်စီ အဆုံးသတ် ထားသည်။အင်းဝမြို့သူ မိဖြူ ရေးဖွဲ့သော ကိုယ်ရည်သွေး ရတုသုံးပိုဒ်မှာ ''ကျွန်းတွင် ဇမ္ဗူသာ တကား၊ ပန်းတွင် မဉ္ဇူ သာတကား၊ နန်းတွင် မိဖြူ သာတကား '' တစ်ပိုဒ်စီ အဆုံးသတ် ထားသည်မှာ အဆုံးပါးဝယ် ငြိလှသည်။
ယနေ့ ပါတီစုံ ဒီမိုကရေစီခေတ် တွင် အပြောကောင်း၊ အရေးကောင်း သူများသည် အစ၊ အလယ်၊ အဆုံးငြိအောင် ပြောကြ ရေးကြသည်မှာ ပရိသတ် သဘောခွေ့ လောက်သော်လည်း ကုန်းဘောင်ခေတ် ရကန်ရေးဖွဲ့ ကြသလို အကန်အကျောက် များပါလာ၍ ပခုံးပါးဝယ် ထိကြသော် ဖော်ကောင်လုပ် လိုသူတွေ အလျှိုအလျှို ပေါ်လာ ကြပြီး ရှင်းမရသော ပဋိပက္ခများ ဖန်တီးကြ ပေမည်။ ထို ပဋိပက္ခများကြောင့် ပြည်သူများ မှာသာ ဆိုးကျိုး သက်ရောက်ကြ ရပေမည်။ သတင်းစာ ရေရှည် ရပ်တည်နိုင်ရန်မှာ သတင်းအမြင်၊ စာပေအမြင် နှင့် လောကအမြင် ရှိရန် လိုအပ်သည် မှန်သော်လည်း ဈေးကွက်အမြင် တစ်ခုတည်း ကြည့်ကာ အများအကြိုက် လိုက်၍ ငါးပွက်ရာ ငါးစာ ချတတ်သော အပြုအမူ များကြောင့် ပြည်သူများ အတိဒုက္ခ ရောက်စေသည့် စာနယ်ဇင်း များအား ပညာရှင် Jill Geisler u"body bags and beauty Tips, house fi res and health hints" ဟူ၍ ခိုင်းနှိုင်း ထားသည်။
နေ့စဉ် သတင်းစာ တို့သည် အချိန်မှန်၊ အမီ၊ အကန့်အသတ်ဖြင့် ထုတ်ဝေကြ ရသည့် လုပ်ငန်းသဘာဝ နှင့် ပြည်သူ့အကျိုးပြု မီဒီယာဟူသော ရည်ရွယ်ချက် တို့ တူညီကြ သော်လည်း လုပ်နည်း လုပ်ဟန် မတူညီကြပေ။ကိုယ်ရည်သွေး နိုင်ငံရေး သမားများ၊ အကန်အကျောက် ဝါသနာထုံ သူများနှင့် ဖော်ကောင် လုပ်လိုသူတို့က ၄င်းတို့အတွက် နိုင်ငံရေးစင်မြင့် အဖြစ် သတင်းစာကို အသုံးချလို ကြသည်မှာ ခေတ် အဆက်ဆက် အစဉ်အလာ ရှိခဲ့သည်။
သို့ဖြစ်၍ နိုင်ငံပိုင် သတင်းစာ များအား အပြစ်တင် မစောဘဲ အတိတ်၊ ပစ္စုပ္ပန် နှင့် အနာဂတ် ဟူသော ကာလကြီး သုံးပါးကို မြင်အောင် ကြည့်ပြီးမှ အကြောင်းအကျိုး ဆီလျော်သောစကားဖြင့် ဓမ္မဓိဋ္ဌာန် ကျကျ ပြောကြ ရမည် ဖြစ်ပေသည်။ ။
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment