www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 19, 2014

ချွဲသလိပ်ပျော် စေသော ဆေးနည်းများ


ချွဲသလိပ်ပျော် စေသော ဆေးနည်းများ

ကြည်မြင့်လွင် (မုဒြာ)

ဥတုမှန်သမျှ တွင် ဆောင်းဥတုသည် ချောင်းဆိုး ရင်ကျပ်ရောဂါ အဖြစ်ဆုံး ဥတု ဖြစ်သည်။ ချောင်းဆိုး ရင်ကျပ်ရောဂါ သည် သလိပ်ရလျှင် သက်သာ၍ သလိပ် မရလျှင် အမောဖောက်ပြီး အသက်ရှူ မရ ဖြစ်ကာ အသက် အန္တရာယ် အထိ ဒုက္ခပေးတတ် လေသည်။ ကလေးများတွင် အဆုတ်အား ကောင်းသဖြင့် ချောင်းဆိုး ရောဂါသည် ရက်တိုတို နှင့် ပျောက်နိုင် သော်လည်း လူကြီးများ၊ သက်ကြီး ရွယ်အိုများမှာ တော်တော်နှင့် မပျောက် နှစ်လ သုံးလ ကြာသည်အထိ ဖြစ်နေ တတ်သည်။ 

အချို့လူကြီး များသည် ချောင်းဆိုးပြီး သလိပ်ကပ် နေလျှင်၊ သလိပ် မထွက်လျှင် တစ်ညလုံး မအိပ်ရတော့။ သူတို့၏ ချောင်းဆိုးသံ ကြောင့် အခြားသော အိမ်သားများပါ အိပ်မပျော် ဖြစ်ရလေ့ ရှိသည်။ ထို့ကြောင့် ချွဲသလိပ် ပျော်စေသော ရင်လူးဆေး၊ လျက်ဆား တို့မှာ ရှေးမြန်မာ လူမျိုးများ၏ အိမ်သုံး သက်စောင့် ဆေးများ ဖြစ်ခဲ့လေသည်။ ယခုအချိန် အထိလည်း ကျေးလက် တောရွာများတွင် အနောက်တိုင်း ဆေးမသုံးစွဲ ဘဲ တိုင်းရင်းဆေး၊ ရိုးရာဆေးကို သုံးစွဲ နေကြဆဲ ဖြစ်သည်။

ဆေးပရုတ်ဆီချက်လုပ်နည်း-

၁။ ပျားဖယောင်း ၈ ကျပ်သား ၂။ ထင်းရှူးဆီ ၅ ကျပ်သား ၃။ မုန်ညင်းဆီ ၂ဝ ကျပ်သား ၄။ ပရုတ် ၁၂ ကျပ်သား ၅။ မင်သော် ၂ ကျပ်သား ၆။ ငရုတ်ကောင်းဆီ ၂ ကျပ်သား ၇။ မီသိုင်း ၂ကျပ်သား ။
(စုစုပေါင်းဆေးချိန် ၅၁ကျပ်သား)

ဆေးချက်နည်းမှာ မီးဖိုပြီး ဒန်အိုးတွင် မုန်ညင်းဆီ ထည့်၍ အပူပေးပါ။ ဆူပွက် လာသောအခါ ပျားဖယောင်းကို ထည့်ပါ။ ပျော်ဝင်သွား သောအခါ ထင်းရှူးဆီကို ထည့်မွှေပါ။ အားလုံး ပျော်ဝင်သွားပြီး သောအခါ ဒန်အိုးကို မီးဖိုပေါ်မှ ချပါ။ ပရုတ်၊ မင်သော် စသော ကျန် ဆေးအမယ် များကိုထည့်ပြီး အငွေ့လုံအောင် အဖုံးအုပ်ထားပါ။ ၁၅ မိနစ်ခန့် ကြာသောအခါ ပရုတ်ဆီ ထည့်ရန် သင့်သော ဖန်ပုလင်း အဝကျယ် လေးများတွင် လိုက်ပြီး တစ်ပုလင်းစီ လောင်းထည့်ပါ။ တစ်နာရီခန့် ကြာသောအခါ ဆေးခဲသွားပြီး ပရုတ်ဆီ၊ ရင်လူးဆေး အဖြစ် သုံးစွဲနိုင်ပြီ ဖြစ်သည်။

သလိပ်ရလျက်ဆားဆေးနည်းမှာ-

၁။ စမုန်မျိုးငါးပါး ၄ ပဲစီ ၁ ကျပ်သား ၈ ပဲ ၂။ ကပ်မျိုးငါးပါး ၄ ပဲစီ ၁ ကျပ်သား ၈ပဲ ၃။ လေးညှင်းပွင့် ၈ ပဲ ၄။ ကျောက်ချဉ် ၈ ပဲ ၅။ နွယ်ချို ၁ ကျပ်သား ၈ ပဲ ၆။ ဇဝက်သာ ၂ ကျပ်သား ၇။ ပရုတ် ၂ ကျပ်သား ၈ ပဲ
၈။ ဖုံးမသိမ် ၃ ကျပ်သား ၉။ သိန္ဓော ၁၃ ကျပ်သား ။
(စုစုပေါင်းဆေးချိန် ၂၆ကျပ်သား)

ဆေးအမည် အားလုံးစုပြီး ၄င်းတို့ကို အမှုန့်ပြုပါ။ လေလုံစွာ ထားပြီး မကြာခဏ လျက်ပေးခြင်းဖြင့် လည်ချောင်းထဲမှ ချွဲသလိပ်များ ထွက်ကျလာ စေနိုင်ပါသည်။ မိသားစု ကလေးရော လူကြီးပါ တစ်ဆောင်း တွင်းလုံး အသုံးပြုနိုင်သော ဆေးနည်း ကောင်းဖြစ်သည်။ (မြိုင်နံ့သာ ဆေးမြီးတိုကျမ်း၊ ၁၉၅၆ ခုနှစ်ထုတ်မှ)

ချောင်းဆိုးရောဂါ၊ ရင်ကျပ်ရောဂါ များသည် သလိပ်ရ စေသော အထက်ပါ ဆေးနည်း နှစ်မျိုးဖြင့် သက်သာ စေနိုင်ကြောင်း တင်ပြလိုက် ရပေသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger